အညာတခွင် စစ်သတင်းကြေညာသူ လွှတ်တော်ကိုယ်စားလှယ်

အညာတခွင် စစ်သတင်းကြေညာသူ လွှတ်တော်ကိုယ်စားလှယ်

 

By RFA Burmese

အသက် ၃၆ နှစ်အရွယ် မသန့်ဝေကျော်ဟာ ၂ဝ၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ဆက်တိတိ NLD ပါတီကိုယ်စားပြု အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ သူဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ သတင်းဌာနက ထုတ်လွှင့်တဲ့ ဖြစ်ကြောင်းကုန်စင် အညာတခွင် အစီအစဉ်ရဲ့ သတင်းကြေညာသူဖြစ်လာပါတယ်။

အညာဒေသလို့ ဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ စစ်ကိုင်းနဲ့ မန္တလေး ကိုဆိုလိုတာဖြစ်ပါတယ်။ မသန့်ဝေကျော်ကတော့ စစ်ကိုင်းတိုင်းထဲက အညာသူစစ်စစ်ပါ။

မသန့်ဝေကျော်တို့လို အညာဒေသကသူတွေဟာ များသောအားဖြင့် ထန်းတက်၊ ပဲပြောင်းနှမ်းစိုက်၊ ယက္ကန်းခတ်စတဲ့ အလုပ်တွေကိုပဲ လုပ်လေ့ရှိကြတာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ ရရာလက်နက်စွဲပြီး စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်တိုက်နေတာလည်း ဖြစ်ပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် မသန့်ဝေကျော်

အရင်တုန်းက တိုင်းရင်းသားဒေသနေ ပြည်သူတွေသာ ကြုံတွေ့ခံစားဖူးတဲ့ ဗုံးသံ၊ သေနတ်သံတွေဟာ အခုအာဏာသိမ်းပြီးနောက်မှာတော့ အညာဒေသတစ်ခွင်ထိပါ ရောက်လာပါတယ်။

စစ်ကောင်စီဘက်က အညာဒေသကို လက်နက်ကြီး၊ လက်နက်ငယ်တွေသာမက စစ်ရဟတ်ယာဉ်တွေ၊ ဂျတ်တိုက်လေယာဉ်တွေပါ သုံးပြီး နယ်မြေရှင်းလင်းနေပါတယ်။

ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေမယ့် အခုတော့ အိုးအိမ်စွန့်ထွက်ပြေးရ၊ ရာသီပေါ် ကောက်ပဲသီးနှံတွေရောင်းပြီး စုမိဆောင်းမိနဲ့ ဝယ်ထားတဲ့ အိုးအိမ် အဆောက်အဦတွေ မီးရှို့ခံရတဲ့အပြင် အသက်တွေပါ သေဆုံးနေရပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ချက်တွေကို မျက်ဝါးထင်ထင် မြင်နေရတာမို့ အညာဒေသက ပြည်သူတွေဟာ တိုင်းရင်းသားညီအကို မောင်နှမတွေကို ကိုယ်ချင်းစာတက်နေပြီလို့ မသန့်ဝေကျော်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ရှစ်သိန်းကျော်လောက်တိုးလာပါတယ်။ အဲဒီထဲမှာ ဘယ်တုန်းကမှ စစ်ပြေးဒုက္ခသည် မဖြစ်ဖူးတဲ့ အညာသူ အညာသားအများဆုံးပါပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၁၉၀၀၀ လောက်ရှိတယ်လို့ စာရင်းပြုစုထားတဲ့ Data For Myanmar က ပြောပါတယ်။ အဲဒီထဲမှာ အညာဒေသ စစ်ကိုင်းတိုင်းဟာ အိမ်အလုံးပေါင်း ၁၄၀၀၀ လောက်နဲ့ အများဆုံး မီးရှို့ခံရတာ ဖြစ်ပါတယ်။


Original Post: RFA Burmese

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia