14 July 2022
အကြမ်းဖက်မှုကျူးလွန်နေသူတို့ ပူးတွဲဦးဆောင်မည့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ကြရန် နိုင်ငံတကာတွင် လှုံ့ဆော်နေကြသည်။
ရုရှား၊ မြန်မာ နှစ်နိုင်ငံစစ်တပ်များ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေး ADMM-Plus Experts သို့ မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များ မတက်ရောက်ကြရန် မြန်မာနှင့် နိုင်ငံတကာမှ အဖွဲ့အစည်း ၄၀၀ ကျော်က တိုက်တွန်းတောင်းဆိုနေကြသည်။
ထိုအစည်းအဝေးသို့ တက်ရောက်ခြင်းသည် မြန်မာစစ်တပ်နှင့် ရုရှားတို့ကို နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးသည့်သဘော သက်ရောက်နေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားအဖွဲ့များက ဆိုသည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် ယူကရိန်းကို ကျူးကျော်စစ်တိုက်နေသလို မြန်မာတွင်လည်း အာဏာသိမ်းစစ်တပ်က လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်း၊ ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဆန့်ကျင်သူများကို အကြမ်းဖက်သတ်ဖြတ်နေခြင်းကြောင့် ရုရှားနှင့် မြန်မာ ဦးဆောင်မည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးသည်လည်း အမည်နှင့် မလိုက်ဖက်ဟု လေ့လာသူများက ဆိုသည်။
တိုက်တွန်းထားသည့် အင်အားစုထဲတွင် ပါဝင်သော ချင်းလူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆက်လက် ပစ်ပယ်ထားသင့်သည်ဟု ဆိုသည်။
“မြန်မာစစ်တပ်အနေနဲ့က နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ကို အသိအမှတ်မပြုသူတွေကို လှည့်စားဖို့ တစ်နည်းနည်းနဲ့ ကြိုးစားနေကြတာဆိုတော့ ဒီဟာကို တက်ရောက်ဖို့ ငြင်းပယ်သင့်ပါတယ်။ နိုင်ငံတကာက အသိအမှတ်မပြုမှုတွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးရှိလာမှာဖြစ်ပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Za UK Ling က Myanmar Now ကို ပြောသည်။
သြစတြေးလျက ဇူလိုင်လ ၂၀၊ ၂၁ တို့တွင် ကျင်းပမည့် ထိုအစည်းအဝေးကို သပိတ်မှောက်မည်ဖြစ်ကြောင်း ယခင်လကပင် အတည်ပြုထားသည်။ နယူးဇီလန်ကာကွယ်ရေးဌာနကလည်း အလားတူ သပိတ်မှောက်ကြောင်း Myanmar Now ကို မကြာသေးခင်က ပြောသည်။
ထိုအစည်းအဝေးကို ယခင်က အာဆီယံကာကွယ်ရေးဝန်ကြီးများ၊ မိတ်ဖက်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးကျွမ်းကျင်သူများ တက်ရောက်လေ့ရှိသည်။
ADMM-Plus မိတ်ဖက်နိုင်ငံများတွင် အာဆီယံ ၁၀ နိုင်ငံအပါအဝင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။ အဖွဲ့အစည်းပေါင်း ၄၄၈ ဖွဲ့တို့က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အဆိုပါအစည်းအဝေး မတက်ကြရန်လည်း သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနအသီးသီးသို့ ဇူလိုင်လ ၁၄ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။
အဆိုပါ ၃ နိုင်ငံသည် မြန်မာစစ်တပ် အာဏာသိမ်းယူပြီးနောက် မြန်မာစစ်တပ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆိုင်းငံ့ထားရန်၊ လက်နက်တင်ပို့မှုပိတ်ပင်ရန်၊ လက်နက်ထောက်ပံ့မှုရပ်ဆိုင်းရန် သဘောတူထားခြင်းကြောင့် ADMM အစည်းအဝေးမတက်ဘဲ သပိတ်မှောက်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
“ကျွန်တော်တို့တောင်းဆိုလိုက်တဲ့ အသံတွေကို နားထောင်ပြီး အခုလာမဲ့အစည်းအဝေးကို သပိတ်မှောက်မယ်လို့ တကယ်ပဲ မျှော်လင့်ပါတယ်။ အစည်းအဝေးမစတင်ခင်မှာပဲ သူတို့ပူးပေါင်းပါဝင်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို လေးလေးနက်နက် စဉ်းစားကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟုလည်း Salai Za UK Ling က ပြောသည်။
အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်တို့အပါအဝင် အခြားနိုင်ငံများမှ ကာကွယ်ရေးအရာရှိများထံ ဇွန်လတတိယပတ်အတွင်း Myanmar Now က ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။ ဩစတြေးလျနိုင်ငံကမူ ADMM အစည်းအဝေးသို့ မတက်ကြောင်း အတည်ပြုပြီးဖြစ်သည်။
နယူးဇီလန်နိုင်ငံကမူ မြန်မာစစ်အစိုးရ၏ လုပ်ရပ်များနှင့် ရုရှား၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအတွက် ရှုတ်ချသော်လည်း အစည်းအဝေးတွင် မည်သူတို့ပါဝင်မည်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကသာ ဆုံးဖြတ်ရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြောင်း နယူးဇီလန်အခြေစိုက် Newsroom သတင်းဌာနက မေလအတွင်းက ဖော်ပြခဲ့သည်။
ရုရှား၊ မြန်မာ နှစ်နိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ADMM-Plus အဖွဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူပြီး ၂၀၂၄ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသည် စစ်ခေါင်းဆောင်နှင့် ဆက်ဆံရေးပြေလည်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။
စစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကတည်းက မိသားစုနှင့်အတူ ရောက်ရှိနေသည်။ ယခုအကြိမ်သည် အာဏာသိမ်းယူပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ကိုယ်ရေးကိုယ်တာခရီးအဖြစ် ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်သည်။
သူ၏ ခရီးစဉ်အတွင်း ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း ROSATOM နှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ နျူကလီးယားစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ROSATOM ညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်တို့ ဇူလိုင် ၁၁ ရက်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီသည် တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ တင့်ကားများ အပါအဝင် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများကို နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တင်ပို့ရောင်းချနေရာ မြန်မာစစ်တပ်ကလည်း ဝယ်ယူလေ့ရှိသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လည်း ရုံးခွဲဖွင့်လှစ်ထားသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.