စစ်ကောင်စီတပ်သားငါးဦး လက်နက်မဲ့ လာပူးပေါင်းကြောင်း Cobra စစ်ကြောင်းပြော

စစ်ကောင်စီတပ်သားငါးဦး လက်နက်မဲ့ လာပူးပေါင်းကြောင်း Cobra စစ်ကြောင်းပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သုံးထပ်ကွေ့တိုက်ပွဲမှ ထွက်ပြေးပြီး ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သား ငါးဦးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်  

By RFA

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သုံးထပ်ကွေ့တိုက်ပွဲမှာ ထွက်ပြေးပြီး ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သား ငါးဦးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ Cobra စစ်ကြောင်းက မနေ့ ညနေပိုင်းက ထုတ်ပြန်ပါတယ်။

သူတို့ငါးဦးဟာ သုံးထပ်ကွေ့တိုက်ပွဲကနေ ထွက်ပြေးပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေဆီကို လာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ Cobra စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ အဲဒီကိစ္စက သတင်းအမှားတွေ တင်နေလို့ တင်လိုက်ရတာ။ တကယ်က တင်ဖို့ရည်ရွယ်ချက်လည်း မရှိဘူး။ အဲဒီထက်ပိုပြီး စစ်ကြောင်းမှူးက ထုတ်မပြောခိုင်း ထားဘူး။ ကျနော်သိသလောက်တော့ CDM ဝင်လာတဲ့သူတွေက လက်နက်တော့ မပါဘူး။ သူတို့ကတော့ တခြားတစ်နေရာမှာ ရောက်နေတာ”

လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သား ငါးဦးဟာ ခြေမြန်တပ်ရင်း ခမရ (၁၀၂) က ဖြစ်ပြီး သူတို့ကို လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ Cobra စစ် ကြောင်းက ရေးသားထားပါတယ်။

KNU ထံ ပူးပေါင်းလာတဲ့ တပ်သားငါးဦးနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီလိုမျိုး ပူးပေါင်းလာသူတွေနဲ့ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် ဆက် ဆံကြဖို့အတွက်လည်း ညွှန်ကြားထားတာရှိတယ်လို့ ဆင်ဖြူတပ်ရင်းက ဗိုလ်စလုံးက ပြော ပါတယ်။

“ရဲဘော်ရဲဘက်တွေကို မှာထားတယ်။ နောက်ဆိုရင် အရှင်ဖမ်းမိတဲ့သူတွေ၊ ဒဏ်ရာရတဲ့ သူတွေကို မလုပ်နဲ့ မကောင်းဘူး။ ဒီလိုစိတ်ဓာတ် ကြိုးစားပေး။ တစ်ယောက်နဲ့ တစ် ယောက် ကိုယ့်ညီအစ်ကိုတွေလိုပဲ မြန်မာနိုင်ငံက။ သူတို့လည်း ခြိမ်းခြောက်မှုများလို့ ကြောက်နေရတာ”

ဥကရစ်ထ စခန်းက စစ်ကောင်စီ တပ်သားတွေကိုလည်း လက်နက်ချပူးပေါင်းဖို့ ပြောထား တယ်လို့ ဗိုလ်စလုံးက ပြောပါတယ်။

ဥကရစ်ထစခန်းကို KNU/KNLA နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ တိုက် ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီစခန်းကို ဝေါလေဒေသကနေ စစ်ကောင်စီတပ်ရဲ့ စစ်ကူတပ်တွေ ပူးပေါင်းလာတာ ကြောင့် လက်ရှိ ဥကရစ်ထ တိုက်ပွဲ ပြီးဆုံးသွားပေမယ့် ဇူလိုင်လဆန်းကစပြီး မြဝတီ – ဝေါလေ လမ်းမပေါ်က သုံးထပ်ကွေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဥကရစ်ထ တိုက်ပွဲမှာ KNU/KNLA ပူးပေါင်းတပ်တစ်ခုဖြစ်တဲ့ Cobra စစ်ကြောင်းဘက်က ရှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေလည်းရှိတယ်လို့ Cobra စစ် ကြောင်းက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြ၀တီမီဒီယာမှာတော့ ဇူလိုင် ၂ ရက်နေ့က ဥကရစ်ထ စခန်း တစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားသလို Cobra စစ်ကြောင်း ဘက်ကလည်း အဲဒါမှန်တယ်လို့ ဆိုပါတယ်။


Original Post: RFA

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia