၂၀၂၁ ဖေဖော်ဝါရီလက မန္တလေးမြို့မှ သံဃသမဂ္ဂစစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံ။ စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးနှိပ်စက်သောကြောင့် သံဃာတို့က လမ်းပေါ်တွင် ပြောက်ကျားနည်းဖြင့် လျှပ်တစ်ပြက်ဆန္ဒပြသည့်ပုံစံကို ပြောင်းလဲလိုက်ကြသည်။
စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ သံဃာ ၅ ပါးနှင့် အမျိုးသား ၃ ဦးကို ၉ လကြာ စစ်ဆေးပြီနောက် ထောင်ချလိုက်သည်။
By Myanmar Now
သံဃာ ၅ ပါးနှင့် လူ ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် အိုးဘိုထောင်တွင်းအထူးတရားရုံးက ဇူလိုင် ၈ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်ဟု မန္တလေးသံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက မိန့်သည်။
ထောင်ချခံရသူတို့မှာ မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကားနှင့် တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့သူများဖြစ်သည်ဟု ဆရာတော်က မိန့်သည်။
“အပြင်လူတွေထွက်ခိုင်းပြီး ဘယ်သူ့မှ ပေးမဝင်ဘဲ အမိန့်ချလိုက်တာလို့ သိရတယ်။ သူတို့ ကျန်းမာရေးကောင်းကြပါတယ်” ဟု ဆရာတော်က မိန့်သည်။
ဦးသိရိနန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့သည် ယမန်နှစ် အောက်တိုဘာလက မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်အတွင်း ဆန္ဒပြနေ့စဉ် လက်နက်ကိုင် ၁၀ ဦးခန့်က အိမ်စီးကား ၂ စီးဖြင့် ရောက်လာပြီး ကားဖြင့်တိုက်ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုနေ့တွင်ပင် အဖမ်းခံခဲ့ရသည့် လူပုဂ္ဂိုလ် ၃ ဦးမှာ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်၊ ကိုဝင်းမင်းတို့ဖြစ်ကြသည်။
ယင်းနောက် ၉ လကျော်အကြာတွင် အလုပ်နှင့် ထောင်ဒဏ်ကျခံရန် အမိန့်ချခံရခြင်းဖြစ်သည်။
“ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းခဲ့တာ၊ သူတို့ဒဏ်ရာတွေရခဲ့တယ်၊ အခုတော့ ကျန်းမာရေးကောင်းမွန်ပါပြီ” ဟု မန္တလေးသံဃသမဂ္ဂမှ ဆရာတော်က မိန့်သည်။
ငြိမ်းချမ်းစွာဆန္ဒပြသည့်ရဟန်းတော်တို့ကို အကြမ်းဖက်ဖမ်းဆီးခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိများကို မေးမြန်းရန်ကြိုးစားသော်လည်း တယ်လီဖုန်း အဆက်အသွယ်မရသေးပေ။
ပြီးခဲ့သည့် ဇွန် (၁၀) ရက်နေ့ကလည်း သံဃသမဂ္ဂရဟန်းတစ်ပါးဖြစ်သူ ဦးပညာသီဟကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့်ပင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သေးသည်။ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ချမ်းအေးသာစံမြို့နယ် လမ်း ၉၀၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ သင်္ဂဇာကျောင်းတိုက်မှ ဖမ်းဆီးခံခဲ့ရသည့် ဆရာတော် ဦးစန္ဒိမာနှင့် ပတ်သက်ပြီးလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
“သူ့သတင်းကိုတော့ ခုချိန်ထိ အစအနကို မကြားရဘူး။ စစ်ကြောရေးမှာလို့ နောက်ဆုံးသိလိုက်ရတာပဲ ခုချိန်ထိလည်း အိုးဘိုမရောက်ဘူး” ဟု အထက်ပါဆရာတော်က ဆက်မိန့်သည်။
ခြေထောက်ဒဏ်ရာရစဉ် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် ယင်းဆရာတော် ဦးစန္ဒိမာသည် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုရင်ဆိုင်ရန် ရှိနေသည်ဟု မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။
တစ်နှစ်နီးပါး နေ့စဉ်ဆန္ဒပြခဲ့သော မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းသည် စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခြင်းကြောင့် ယခုအခါ နေ့စဉ်မထွက်နိုင်ဘဲ ရပ်တန့်ထားရသော်လည်း ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြနေဆဲဖြစ်ရာ ရက်ပေါင်း ၅၁၅ ရက် ကျော်ခဲ့ပြီဟု သံဃသမဂ္ဂဆရာတော်က မိန့်သည်။
“ကြုံရင်ကြုံသလို ဦးဇင်းတို့ လမ်းမပေါ်မှာ ရှိနေပါတယ်၊ ဦးဇင်းတို့ ပြောက်ကျားနည်းနဲ့ ရရင်ရသလို ပြနေဆဲ၊ တော်လှန်နေဆဲပါ” ဟု ဆရာတော်က မိန့်သည်။
“ညပိုင်းမှာတော့ တော်လှန်ရေးရဲဘော်တွေ၊ အကျဉ်းစံနေရသူတွေ အသက်ပေးခဲ့သူတွေကို ဆုတောင်းမေတ္တာပို့သတဲ့ ညသပိတ်ဓာတ်ပုံကမ်းပိန်းလေးတွေကတော့ တစ်ရက်မှ ခုချိန်ထိ မပျက်သေးပါဘူး”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင်လ ၈ ရက်ထုတ်ပြန်ချက်အရ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံထားရသူ ၂,၆၇၃ ဦးရှိနေသည်ကို တွေ့ရသည်။ ထိုအထဲတွင် သံဃာအပါး ၇၀ ပါဝင်သည်ကိုလည်း တွေ့ရှိရသည်။
“ပြည်သူတွေကို ဦးဇင်းတို့ပြောချင်တာက အသက်ပေးသွားရတဲ့ အာဇာနည်တွေ၊ အကျဉ်းထဲမှာ မတရားသဖြင့် ထောင်ကျနေတဲ့ သူရဲကောင်းတွေအတွက် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်ပေးကြဖို့ နှိုးဆော်ချင်တယ်” ဟု သံဃသမဂ္ဂဆရာတော်က မိန့်သည်။
စစ်ကောင်စီသည် ယင်းကို ဆန့်ကျင့်သူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု နာမည်ဆိုးဖြင့် ထင်ရှားသည့် ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆိုလေ့ရှိသည်။
ပုဒ်မ ၅၀၅ (က) သည် အစိုးရ၊ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ၊ တပ်သားများကို ပုန်ကန်အောင် သတင်းပြုလုပ် ဖြန့်ချိပါက ပြစ်မှုမြောက်သည့် ပုဒ်မဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ထိုပုဒ်မကို ထပ်မံဖြည့်စွက် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ချက်တွင် အစိုးရ၊ ကြည်း၊ ရေ၊ လေ တစ်ခုခုမှ အရာရှိ၊ တပ်သားများ အပါအဝင် အစိုးရဝန်ထမ်းတစ်ဦးဦးကို ပြစ်မှုကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ခြင်း။ မမှန်သတင်းဖြန့်ပါက ပြစ်မှုမြောက်သည်ဟု ဖြည့်စွက်သည်။
ထို့အတူ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့သည် ယခင်က ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့် ပုဒ်မများဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည့် ပုဒ်များအဖြစ် စစ်ခေါင်းဆောင်က ပြောင်းလဲထားသည်။
လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော် ဝါဒဖြန့်ပါကလည်း အထက်ပါ ပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.