ထီးချိုင့်တွင် NUG သင်ရိုးဖြင့် စာသင်သည့် လုပ်အားပေးဆရာမနှစ်ဦး အဖမ်းခံရ

ထီးချိုင့်တွင် NUG သင်ရိုးဖြင့် စာသင်သည့် လုပ်အားပေးဆရာမနှစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် လွယ်မှီးရွာ အလယ်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး (ဝဲ-မစန်းစန်းမာ၊ ယာ-မအေးအေးလှိုင်) ဓာတ်ပုံ-ပေးပို့  

ဖမ်းခံရသူများမှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကလေးများ ပညာသင်ကြားခွင့်မရသည့် အခက်အခဲကို ကူညီပေးနေသည့် သာမန်အရပ်သူများသာဖြစ်သည်ဟု PDF ဘက်က ပြောသည်။

By Myanmar Now

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သင်ရိုးဖြင့် စာသင်ပေးနေသည့် လုပ်အားပေးဆရာမနှစ်ဦးကို စစ်ကောင်စီက ယခုလ ၃ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထီးချိုင့်မြို့နယ် လွယ်မှီးရွာ အလယ်တန်းကျောင်းခွဲတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မအေးအေးလှိုင်နှင့် ၂၇ နှစ်အရွယ် မစန်းစန်းမာတို့ကို ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ဖမ်းသွားခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အတည်ပြုသည်။

လုပ်အားပေးဆရာမအဖြစ် စာသင်ပေးနေသည့် ဒေသခံ အမျိုးသမီးနှစ်ဦးကို အင်အား ၇၀ ကျော်ပါ စစ်ကြောင်းက ဝင်ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ထီးချိုင့်နှင့် အင်းတော်မြို့ကြားရှိ လွယ်မှီးရွာခံများဖြစ်သော လုပ်အားပေးဆရာမနှစ်ဦးကို ဖမ်းဆီးပြီးနောက် ထီးချိုင့်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“ရဲစခန်းတောင်ပေါ်မှာ ချုပ်ထားတယ်လို့ ကြားတယ်။ စဖမ်းတုန်းက ၄ ယောက်၊ ကောင်လေးနှစ်ယောက်ကို ပြန်လွှတ်လိုက်တာ”။

စစ်ကောင်စီတပ်၏ စစ်ဆင်ရေးလှုပ်ရှားမှုများကြောင့် ပညာရေးနှောင့်နှေးနေရသော စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရအစီအစဉ်ဖြင့် ဒေသခံ PDF တပ်ဖွဲ့များ ဦးဆောင်၍ ပညာသင်ကြားပေးခြင်းများရှိသည်။

အဖမ်းခံရသူများမှာ သာမန်အရပ်သားများသာဖြစ်ပြီး ပညာရေးစနစ်ယိုယွင်းနေသည့် အခြေအနေတွင် ဇာတိကျေးရွာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလုပ်ရပ်ကို ရှုတ်ချကြောင်း ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရပ်ထဲမှာ ကိုယ်တိုင် စေတနာရှင်ဝန်ထမ်းအနေနဲ့ သင်ပေးတာ၊ အရပ်သားတွေချည်းပဲ၊ (အာဏာသိမ်းပြီးနောက်) ကြားကာလမှာ ကလေးတွေ စာမသင်ရလို့ ရွာထဲမှာ၊ အရပ်ထဲမှာ သင်နေကြတာ” ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။

စေတနာ့ဝန်ထမ်းဆရာမနှစ်ဦးကို ဖမ်းဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းမှာ ယနေ့ (ဇူလိုင် ၆) တွင် ထီးချိုင့်မြို့အနောက်ဘက်ရှိ အင်းတိန်ရွာအနီးတွင် လှုပ်ရှားနေသည်ဟု ၎င်းထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများ အားကောင်းလာခဲ့ပြီး စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။

ဝါရင့်ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း လူသူ၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို ကုန်းကြောင်းမှသာမက ရေကြောင်းကပါ ပို့ဆောင်နေသည့် စစ်ကောင်စီတပ်ကို လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ထီးချိုင့်အခြေစိုက် PDF အဖွဲ့က အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။

လက်ရှိတွင် ထီးချိုင့်မြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီက အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း အနောက်ဘက်ကမ်းတွင်လည်း အင်အား ၁၀၀ ကျော်အထိ လှုပ်ရှားနေကြောင်း အဆိုပါ PDF အဖွဲ့ထံမှ သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် တပ်စွဲထားကြောင်း ရဲစခန်းအနီး ရပ်ကွက်နှစ်ခုမှ ပြည်သူများကို ပြီးခဲ့သည့်လက ရွှေ့ပြောင်းခိုင်းထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia