05 July 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်
နယ်စပ်အငြင်းပွားမှုပြသနာများကြောင့် နမ့်ခမ်းမြို့မှ ဒေသခံရွာသားများ ကာလရှည်ကြာ တရုတ်၏လျှပ် စစ်မီးဖြတ်တောက်မှုကိုခံနေရ
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းဒေသမှ ဒေသခံပြည်သူများသည် ၂၀၂၁ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော နယ်နမိတ်သတ်မှတ်ရေးအငြင်းပွားမှုပြသနာကြောင့် တရုတ်နိုင်ငံ၏လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို ခံခဲ့ရပြီး ကာလရှည်ကြာ လျှပ်စစ်မီးပြတ်တောက်မှုကိုကြုံတွေ့နေရသည်။
အိမ်ထောင်စုပေါင်း ၁၆၁ စုမှီတင်းနေထိုင်သောနောင်ခမ်းကျေးရွာသည် တရုတ်နိုင်ငံနယ်စပ်အနီး နမ့်မော၀် (ရွှေလီ) မြစ်၏ မြောက်ဘက်ကမ်းတွင်တည်ရှိသည်။နောင်ခမ်းကျေးရွာသည် နမ့်ခမ်းမြို့၏ မြောက်ဘက်မှ ၂ ကီလို မီတာခန့်သာ ကွာ၀ေးသော်လည်း နမ့်မော၀်(ရွှေလီ)မြစ်ကိုဖြတ်သန်း၍ သွယ်တန်းထားသောဓာတ် အားလိုင်းမရှိရာ နောင်ခမ်းရွာခံများသည် အိမ်နီးချင်းရွာဖြစ်သည့် တရုတ်နိုင်ငံ နောင်ဆွမ်းရွာမှ လျှပ်စစ်မီးကိုသာ နှစ်ပေါင်းများစွာမှီခိုအားကိုးခဲ့ရသည်။
၂၀၂၀ အောက်တိုဘာလတွင် တရုတ်နိုင်ငံမှတာ၀န်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် တစ်ခုနှင့်တစ်ခု 15 မီတာမှ မီတာ ၂၀ ခြားသော နှစ်ထပ်စည်းရိုးများကို နောင်ခမ်းရွာနှင့်နီးသော နယ်စပ်တလျောက်တွင် စတင်တည်ဆောက်ခဲ့သည်။ အဆိုပါခြံစည်းရိုးမှာ တရုတ်ဘက်ခြမ်းတွင် ၇ မီတာမြင့်ပြီး ဗမာပြည်ဘက်ခြမ်းတွင် ၅ မီတာမြင့်ကာ နယ်စပ်တလျောက်ရှိ လယ်ကွင်းများကိုဖြတ်သန်းတည်ဆောက်ထားသဖြင့် ဒေသခံလယ်သမားအချို့၏ ၀င်ငွေကိုထိခိုက်စေခဲ့သည်။
ထို့နောက် မည်သည့်အသိပေးချက်မှမရှိဘဲ ၂၀၂၁ ခုနစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တရုတ်အလုပ်သမားများသည် နောင်ခမ်းဒေသခံပြည်သူများပိုင် လယ်ယာမြေများအတွင်းသို့ ၀င်ရောက်ကာ နောက်ထပ် ခြံစည်း ရိုးအလွာ တစ်ခုကို စတင်တည်ဆောက်ခဲ့ကြသည်။ နောင်ခမ်းပြည်သူများသည် ၄င်းတို့ကိုတားဆီးခဲ့ပြီး နမ့်ခမ်းမြို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဌာနမှတာ၀န်ရှိသူများကို အခင်းဖြစ်ပွားရာ နေရာသို့ ခေါ်ဆောင်ခဲ့သည်။ ၄င်းတို့ ကတရုတ်ဘက်မှတာ၀န်ရှိသူများကိုလည်း ခေါ်ဆောင်ခဲ့သော်လည်း တရုတ်တာ၀န်ရှိသူများမှာ ရောက်ရှိလာခဲ့ခြင်းမရှိပေ။
၎င်းတို့၏လယ်ယာမြေများတွင်း ခြံစည်းရိုးအသစ်လာဆောက်နေသော တရုတ်အလုပ်သမားများကိုတားဆီးနေသော ရွာသားများ
၂၀၂၁ခုနစ် ဇူလိုင် ၁၈ ရက်နေ့ မနက် ၆နာရီတွင် တရုတ်ဘက်မှ အလုပ်သမား ၅၀ ခန့်သည် အငြင်းပွားမှုဖြစ်ပွားရာ မူလနေရာသို့ပြန်လာခဲ့ပြီး မြေကော်ကားအသုံးပြုကာ ခြံစည်းရိုးကာရံရန်အတွက်မြေ ကျင်းများကိုတူး ဖော်ခဲ့ ကျသည်။ နောင်ခမ်းဒေသခံများသည်လည်း ထပ်မံ၍၄င်းတို့ကို တားဆီးရန်ကြိုးပမ်းကာ တရုတ်အလုပ်သမားများအား ၄င်းတို့၏ မြေကော်ကားနှင့်ကျင်းတူး ကိရိယာများကိုထားခဲ့ကာ တရုတ်ဘက်ခြမ်းသို့ပြန်သွား ရန်ဖိအားပေးခဲ့သည်။ အလုပ်သမားများ သည် လည်း ၄င်းတို့၏မြေကော်ကားနှင့် ကျင်းတူးကိရိယာများကို ရွာသားများ၏ လယ်ကွင်းထဲတွင်ထားခဲ့ကာပြန်သွားကြသည်။ ထို့နောက်ရွာသားများသည် မြေကော်ကားနှင့်ကျင်းတူး ကိရိယာများကို သိမ်းယူခဲ့သည်။ထိုအချိန်တွင် တရုတ်စစ်တပ်မှစစ်ကားသုံးစီးသည် နယ်စပ်အခြား တစ်ဘက်ခြမ်းတွင် ကင်းလှည့်နေကြသည်။
ထို့နေ့တွင်ပင် ဒေသခံပြည်သူများသည် နမ့်ခမ်းမြို့မှတာ၀န်ရှိသူများကိုထပ်မံခေါ်ခဲ့ကြပြီး တရုတ်ဘက်မှ တာ၀န်ရှိ သူများနှင့် နယ်နမိတ်အငြင်းပွားမှုကိုဖြေရှင်းစေခဲ့ရာ ဒေသခံရွာသားများက မိမိတို့၏လယ် ယာမြေများကို မဆုံးရှူံးလိုဟုပြောဆိုခဲ့သည်။ထို့နောက်နှစ်ဘက်လုံးက ခြံစည်းရိုးအသစ်တည်ဆောက်မှုကို ရပ်တန့်ရန်သဘောတူခဲ့ပြီး ပြဿနာ များခေတ္တပြီးသွားခဲ့သည်။ တရုတ်အလုပ်သမားများသည် ၄င်းတို့၏မြေတူးကိရိယာများကိုပြန်လည် ယူဆောင်ကာ ခြံစည်းရိုးအတွက်တူးထားသော ကျင်းများကိုပြန်လည် မြေဖို့ပေးခဲ့ကြသည်။
ထို့နောက်နှစ်ရက်အကြာ ၂၀၂၁ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီတွင် နောင်ခမ်းမှအသုံးပြုလျက်ရှိသော တရုတ် လျှပ်စစ်ဓာတ်အားသည် နောင်ဆွမ်းကျေးရွာမှနေ၍ ရုတ်တရက်ပြတ်တောက်သွားခဲ့သည်။ ဒေသခံများသည် ရွေလီမြို့ရှိ တရုတ်လျှပ်စစ်ဌာနမှ တာ၀န်ရှိသူများကို ပန်ကြားစာပို့ခဲ့ပြီးနောက် ၄င်းတို့ကနောင်ဆွမ်းကျေးရွာသားများကို လျှပ်စစ် ဓာတ်အားပြန်လည်ဆက် သွယ်ပေးရန်ပြောဆိုခဲ့သော်လည်း သုံးလကြာသည်အထိ ဓာတ်အားပြန်လည် ရရှိခဲ့ခြင်းမရှိပေ။ ထိုကာလအတွင်း နောင်ခမ်း ဒေသခံများသည် ဒီဇယ်မီးစက်များနှင့် ဆိုလာချပ်များကို ၄င်းတို့ လျှပ်စစ်ဓာတ်အားအတွက် ၀ယ်ယူခဲ့ကြရသည်။ ငွေကြေးချို့တဲ့သော မိသားစုများမှာ ဖယောင်းတိုင်မီး ကိုသာ အား ကိုးခဲ့ရသည်။
၂၀၂၁ အောက်တိုဘာလ ၁၀ရက်နေ့တွင် တရုတ်လျှပ်စစ်ဓာတ်အားပေးဌာနမှတာ၀န်ရှိသူများသည် နောင်ခမ်း ကျေး ရွာကိုလျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့မှုအတွက် နောင်ဆွမ်းကျေးရွာကို ယွမ်ငွေ ၇၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ထိုနေ့ညနေတွင်လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့သည်။ သို့သော်လည်း ၂၀၂၁ အောက်တိုဘာလ ၁၉ရက်နေ့တွင် နောင်ခမ်းကျေးရွာရှိနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်မီးပြန်လည်ပြတ်တောက်သွားခဲ့သည်။ နောင်ခမ်းဒေသခံများလည်း တရုတ်လျှပ်စစ်ဓာတ် အားပေးဌာနမှတာ၀န်ရှိသူများကို လျှပ်စစ်ဓာတ်အားပြန်ပေးရန် ဆက်သွယ်ခဲ့သော်လည်း ၄င်းတို့မှာ ထိုဖြစ်စဥ်ကိုဖြေရှင်းရန်အလွန်အလုပ်များနေကြောင်း ပြောဆိုခဲ့ပြီး နောက် ဆုံး တွင်ဖုန်းလက်ခံဖြေကြားခြင်းမရှိတော့ပေ။ ယနေ့အချိန်အထိလျှပ်စစ်ဓာတ်အားမှာလည်း ပြန်လည်ရရှိခြင်း မရှိတော့ပေ။
နောင်ခမ်းဒေသခံများသည် တရုတ်နိုင်ငံမှလျှပ်စစ်ဓာတ်အားကို၀ယ်ယူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ရှိပြီဖြစ်သည်။ ၄င်းတို့သည် ၂၀၀၂ ခုနစ်တွင် တရုတ်မီတာဘောက်စ်တပ်ဆင်ခြင်းအတွက် ငွေပေးခဲ့ရပြီး မီတာဘောက်စ် တလုံးလျှင် တရုတ်ယွမ်ငွေ ၅၆၀ ကျသင့်သည်။ မူလက၄င်းတို့သည် လျှပ်စစ်ဓာတ်အား ၁ယူနစ်အတွက် ၁ ယွမ်ပေးချေခဲ့ရသော်လည်း ၂၀၀၉ခုနစ် ရွှေလီ ၁ ရေအားလျှပ်စစ်စီမံကိန်းအပြီးတွင် ၀.၆ ယွမ်အထိလျော့ ကျသွားခဲ့သည်။
ဒေသခံပြည်သူများက ၄င်းတို့၏လယ်ယာမြေများကိုကျူးကျော်ကာ တရုတ်ဘက်မှနယ်နမိတ်ချဲ့ထွင်ရန် ဆန့်ကျင် မှု ကြောင့်ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခံရခြင်းဖြစ်သည် ဟုယူဆကြသည်။ အငြင်းပွားမှုဖြစ်ပွား ရာ နေရာသည် တရုတ်ဘက်မှ နမ့်မော၀်(ရွှေလီမြစ်)ပေါ်တွင် အသစ် တည်ဆောက်မည့် နယ်စပ်ဖြတ်ကျော် လမ်းမ ပေါ်ရှိ တံတားတည်နေရာတွင်တည်ရှိရာ ဒေသခံများမှာ ၄င်းတို့၏ မြေယာများဆုံးရှုံးမည် ကိုစိုးရိမ် နေကြသည်။
တရုတ်နိုင်ငံသည် နမ့်ခမ်းမြို့၏ ရွှေလီ၁ရေအားလျှပ်စစ်စီမံကိန်းမှ အကျိုးအမြတ် များစွာရရှိပြီးဖြစ်သော်လည်း ယခုကဲ့သို့နမ့်ခမ်း ဒေသခံများ၏ အိမ်သုံးလျပ်စစ်မီးကို ဖြတ်တောက်ခြင်းသည် ၀မ်းနည်းစရာကောင်းလှသည်။
ရွှေလီ ၁စီမံကိန်းသည် တရုတ်နိုင်ငံ၏ Yunnan United Power Development Co. Ltd. နှင့် မြန်မာအစိုးရ၏ လျှပ် စစ်စွမ်းအား၀န်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့်ဖက်စပ်စီမံကိန်း တစ်ခု ဖြစ်ပြီး နှစ်လေးဆယ်တည် ဆောက်-စီမံ-လွဲ ပြောင်း(BOT) သဘောတူညီချက်ဖြင့်ဆောင်ရွက်သော စီမံကိန်းဖြစ်သည်။ စီမံကိန်း၏ တပ်ဆင်လည်ပတ်နိုင်စွမ်း ၆၀၀ မီဂါ၀ပ်မှ ၄၀၀မီဂါ၀ပ်ကို မြန်မာပြည်အတွက်အသုံးပြုပြီး ၂၀၀မီဂါ၀ပ်ကိုမူ တရုတ်နိုင်ငံသို့တင်ပို့သည်။ သို့သော်လည်း ရွှေလီ၁စီမံကိန်းမှ ရေအားလျှပ်စစ်ဓာတ်အား၏ များပြားသော ပမာဏကို စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အနီးရှိ China Nonferrous Metal Mining Group မှလည်ပတ်နေသော တကောင်းတောင်နီကယ်သန့်စင်ရေးစက်ရုံသို့ပို့ဆောင်ရသည်။
နောင်ခမ်းဒေသခံများသည် ၄င်းတို့ကျေးရွာ၏အနောက်ဘက် မီတာ ၂၀၀ခန့်မှဖြတ်သန်းသွားသော တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၏ နိုင်ငံဖြတ်ကျော် သဘာ၀ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်း အပါအ၀င် အခြားတရုတ် စီမံကိန်းများ၏ အကျိုးဆက်ကိုထိခိုက်ခံစားခဲ့ရပြီးဖြစ်သည်။၂၀၁၀ ခုနစ် ပိုက်လိုင်းများကိုစတင်နေရာချ ထားစဥ်ကတည်းက ဒေသခံတောင်သူလယ်သမားများသည် ၄င်းတို့၏ လယ်ယာမြေများကိုတူးဖော်မှုအတွက် ကျေနပ်ဖွယ်မကောင်း သော လျော်ကြေးငွေကိုရရှိခဲ့ပြီး မြန်မာအစိုးရစစ်တပ်၏ လုံခြုံရေးတိုးမြင့်မှုနှင့် မြေမြုပ်မှိုင်းဒဏ်ကိုခံစား ခဲ့ရသည်။၂၀၁၁ ခုနစ်တွင် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်မှ လယ်သမားဖြစ်သူ လုံးအောင်ညွန့်သည် ဓာတ်ငွေ့ ပိုက်လိုင်းအနီး ၄င်းလယ်ထဲတွင် မြေမြုပ်မှိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ပိုက်လိုင်းအနီးတွင်နေထိုင်သောရွာသူရွာသား များသည် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် ပေါက်ကွဲမှုဖြစ်မည်ကိုစိုးရိမ် နေကျဆဲဖြစ်သည်။
နောင်ခမ်းဒေသခံများသည် ယူနန်ခရိုင်တွင် ၂၀၁၀ ခုနစ်က နမ့်မော၀် (ရွှေလီ) မြစ်ပေါ်တွင်တည်ဆောက်ခဲ့သည် လုံ ကျင်း ရေအားလျှပ်စစ်စီမံကိန်း၏ ဒဏ်ကို လည်းခံစားနေရသည်။ရှမ်းပြည်မြောက်ပိုင်းမှ မြစ်အောက်ဘက်ပိုင်းတွင် နေထိုင်သော ထောင်နှင့်ချီသောကျေးရွာများမှ ဒေသခံများသည် ရုတ်တရက်ရေအတက်အကျကြောင့် ကူးတို့လှေများ သောင်တင်ခြင်း လယ်ယာမြေများရေလွှမ်းမိုးခြင်းတို့ကိုကြုံတွေ့ရကာ စား၀တ်နေရေး ထိခိုက်ခဲ့ရသည်။ ဆည်၏အနယ်အနှစ်များပိတ်ဆို့မှုသည် မြစ်ကမ်းပါးတိုက်စားမှုများအားပိုမိုဖြစ်ပေါ်စေပြီး နောင်ခမ်းဒေသတွင် တူးဖော်နေသော တရုတ်မှပံ့ပိုးသည့် သဲတူးဖော်မှူကြောင့် ပိုမိုဆိုးရွားလာစေသည်။ အဆိုပါသဲများကို တရုတ်နိုင်ငံအတွင်းရှိဆောက်လုပ်ရေးလုပ်ငန်းများသို့ပို့ဆောင်ပြီး သယ်ယူပို့ဆောင်သည့်အချိန်တွင်လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
စိုင်းဆန်လွယ် +66: 88 680 4913 (ရှမ်း၊ မြန်မာ)
ယိင်းလျန်းဟန် +66 62 569 5220 (ရှမ်း၊ မြန်မာ)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.