01 July 2022
ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရာတွင် ရှေ့နေများ ပါဝင်ဆန္ဒပြနေသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
စစ်ကောင်စီဆန့်ကျင်သူတို့ဘက်မှ အကျိုးဆောင်ပေးနေသည့် ရှေ့နေများ မန္တလေးနှင့် မြို့ကြီးတချို့တွင် ဖမ်းဆီးခံနေရသည်။
By Myanmar Now
အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မနှင့် တရားစွဲဆိုခံရသူများဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေ ၃ ဦး ဖမ်းဆီးခံလိုက်ရပြီး နန်းတွင်းစစ်ကြောရေး၌ ရောက်ရှိနေသည်ဟု ကြားသိရကြောင်း မန္တလေးမြို့မှ ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၉ ညနေက အိုးဘိုထောင်မှ အိမ်အပြန်လမ်းတွင် ရှေ့နေ ဦးတင်ဝင်းအောင်နှင့် ဇနီးဖြစ်သူ ရှေ့နေ ဒေါ်သဲစုနိုင်၊ ရှေ့နေ ဦးသုတတို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
စစ်တပ်က စစ်ကြောမေးမြန်းသည့်နေရာဖြစ်သော မန္တလေးနန်းတွင်း စစ်တပ်တွင် ချုပ်နှောင်ထားသည်ဟု သိရကြောင်း မန္တလေးမြို့မှ ဝါရင့်ရှေ့နေ အမျိုးသားက ဆိုသည်။
“စစ်ကြောရေးရောက်ပြီလို့ ကြားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရှေ့နေက ပြောသည်။
အမည်မဖော်လိုသည့် ရှေ့နေနောက်တစ်ဦးကလည်း ဖမ်းဆီးသူများက မော်တော်ယာဉ်ကိုပါ သိမ်းဆည်းသည်ဟု ဆိုသည်။
“ကိုသုတရဲ့ကားပါ သိမ်းခံထားရတယ်လို့ ကြားတယ်ဗျ” ဟု ထိုရှေ့နေက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးတွင် နိုင်ငံရေးအမှုများ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေများလည်း ပစ်မှတ်ထားခံနေရပြီး ရှေ့နေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။
ယခုနှစ် ဧပြီ ၈ ရက်က တောင်သူများဘက်မှ အမှုလိုက်ပါဆောင်ရွက်လေ့ရှိသည့် အသက် ၄၀ ကျော်အရွယ် ရှေ့နေ ဦးစည်သူကို ချမ်းအေးသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်သားများက ကား ၅ စီးဖြင့် ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၂၈ က မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်မှ အိမ်အပြန်လမ်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့နောက် တစ်လကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆို၍ အိုးဘိုထောင်၌ ချုပ်နှောင်ထားသည်။
အိုးဘိုထောင်အထူးတရားရုံးတရားခွင်များမှ အပြန် ဖမ်းဆီးခံရမှုများကြောင့် နိုင်ငံရေးအမှုလိုက်ပေးနေသည့် ရှေ့နေတချို့မှာ အမှုလက်ခံလိုက်ပါဆောင်ရွက်ပေးရန် ခက်ခဲလာသလို တချို့ရှေ့နေများမှာ အိုးဘိုထောင်အထူးတရားရုံး တရားခွင်သို့ မသွားရောက်တော့ကြောင်း မန္တလေးရှေ့နေတချို့ထံမှ သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၁၉ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)
ယမန်နှစ် ဒီဇင်ဘာအတွင်း ရှေ့နေ ဒေါ်လွင်လွင်မာ အပါအဝင် လေးဦးကို ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၃ ရဲစခန်းဝင်းအနီးရှိ ရွှေအလင်းဥပဒေအကျိုးဆောင်လုပ်ငန်းရုံးခန်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ယမန်နှစ် မေလကုန်ခန့်မှစ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများကို စစ်ကောင်စီက ဖမ်းဆီးနှိပ်ကွပ်မှုများ စတင်ပြုလုပ်ခဲ့သည်။
၂၀၂၁ မေ ၂၄ တွင် နေပြည်တော်ကောင်စီနယ်မြေ မြို့တော်ဝန် ဦးမျိုးအောင်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို အထူးတရားရုံး တရားခွင်မှအပြန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
မေ ၂၇ တွင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံနေရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ခံရသည်။
ကချင်ပြည်နယ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးသက်ထွန်းဦး ဇွန် ၂ နေ့လယ်၌ တရားခွင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ နှစ်ဦးကို စစ်ကောင်စီက ဇွန် ၁၀ ၌ ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များက လူထုထောက်ခံမှုကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဟု စွပ်စွဲသလို ရှေ့နေများ၊ သံဃာများ အပါအဝင် ပြည်သူအများအပြားကိုလည်း ဆူပူအောင် လှုံ့ဆော်သည်၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲနေခြင်း ဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.