အိတ်ဖွင့်ပေးစာ – သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာစစ်အုပ်စုမှ ပါဝင်တက်ရောက်ခဲ့သည့်ကိစ္စ

30 June 2022

အိတ်ဖွင့်ပေးစာ – သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာစစ်အုပ်စုမှ ပါဝင်တက်ရောက်ခဲ့သည့်ကိစ္စ

သို့
ဖိုရမ်ကောင်စီ၊ အာရှပစိဖိတ်ဖိုရမ်
မာယမ်အဗ္ဗဒူလ်လာအယ်အာတီယာ၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့
ဥက္ကဌ၊ ကာတာနိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ

၂၀၂၂ ခုနှစ်၊ ဇွန်လ၊ ၃၀ ရက်

အကြောင်းအရာ။           ။ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာစစ်အုပ်စုမှ ပါဝင်တက်ရောက်ခဲ့သည့်ကိစ္စ။

စစ်အုပ်စု၏ ကော်မရှင်ဖြစ်သော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာရှပစိဖိတ်ဖိုရမ် (APF) သို့လည်းကောင်း၊ မကြာသေးမီ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဘန်ကောက်မြို့၌ အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) များအတွက် ပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရပိုင်ခွင့်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် ကိစ္စရပ်များအပါအဝင် APF မှ မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော MNHRC ကို အစည်းအဝေးများသို့ တက်ရောက်ရန် ဆက်လက်ဖိတ်ကြားနေမှုအပေါ် မိမိတို့ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာနိုင်ငံ) (အတိုကောက် “အလုပ်အဖွဲ့”) မှ စိုးရိမ်ပူပန်စွာြဖင့် ဤစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

စစ်အုပ်စု၏ လူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ကြားရန် APF က ဆက်လက်ဆုံးဖြတ်နေခြင်းသည် လူ့အခွင့်အရေး မြှင့်တင်၊ ကာကွယ်ရမည့် ၎င်း၏တာဝန်နှင့် လုံးဝဆန့်ကျင်နေသည်။ မိမိတို့ အလုပ်အဖွဲ့နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့မှ MNHRC ကို ယာယီဆိုင်းငံ့ထားရန် APF အား ယခင်ကလည်း တောင်းဆိုခဲ့ပြီး ဖြစ်သကဲ့သို့ အခုအခါတွင်လည်း ဤတောင်းဆိုချက်ကို မိမိတို့အလုပ်အဖွဲ့မှ ထပ်လောင်းတောင်းဆိုသည်။

အာဏာသိမ်းရန်ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို တလျှောက်လုံး ကျူးလွန်လာနေသည့် စစ်အုပ်စုနှင့် MNHRC က ပေါ်ပေါ်ထင်ထင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်းနှင့် ထောက်ခံနေခြင်း တို့ကြောင့် APF သည် MNHRC ကို ၎င်း၏အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမှ ချက်ချင်း ရပ်တန့်ရမည်။ MNHRC သည် APF နှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) တို့နှင့်ရှိနေသည့် ၎င်း၏ပတ်သက်ဆက်စပ်မှုများမှတစ်ဆင့် စစ်အုပ်စုအတွက် တရားဝင်မှု ရရှိစေရန် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး ယန္တရားတစ်ခုအဖြစ် လုပ်ဆောင်နေသည်မှာ အလွန်ပင် ထင်ရှားသည်။ စစ်အုပ်စုမှ ဆိုးရွားသည့် ရာဇဝတ်မှုများကို နိုင်ငံတဝှမ်း၌ ဆက်လက်ကျူးလွန်နေချိန်တွင် ထိုအစည်းအဝေးများအကြောင်းကို အွန်လိုင်းနှင့် စစ်အုပ်စု၏ အာဘော် လက်ဝေခံ မီဒီယာများ၌ လူသိရှင်ကြား ဖော်ပြကာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုကို ရယူရန် တစ်ဘက်တွင် ကြိုးပမ်းအားထုတ်နေသည်။

စစ်အုပ်စုသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် လွန်စွာဆိုရွားသည့် အကြမ်းဖက်တိုက်ခိုက် လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ စာရင်းအရ စစ်အုပ်စုမှ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည့် ပြည်သူပေါင်း ၂,၀၃၉ ဦးအထိ ရှိခဲ့ပြီး တကယ့်အရေအတွက်မှာ ထို့ထက်ပိုများနိုင်ဖွယ် ရှိသည်။ ထို့အပြင် စစ်အုပ်စုသည် လူပေါင်း ၁၄,၃၇၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၁,၃၁၀ ဦးတို့မှာ လက်ရှိတွင် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေး ပြစ်ဒဏ်ချမှတ်ခံရသူပေါင်း ၁,၂၀၅ ဦးအထိရှိပြီး ၎င်းတို့အနက် (အရွယ်မရောက်သေးသူ နှစ်ဦးအပါအဝင်) ၁၁၅ ဦးတို့မှာ သေဒဏ်ချမှတ်ခြင်း ခံထားရသည်။ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများကို စစ်အုပ်စုက နေ့စဥ်နှင့်အမျှ ကျူးလွန်နေကြောင်းကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးမှ ပြောကြားထားသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲဘက်ချလက်ကလည်း မကြာသေးမီက လူ့အခွင့်အရေး ကောင်စီသို့ နှုတ်အားဖြင့် တင်ပြသည့် အစီရင်ခံချက်တွင် “မြန်မာပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် နေရပ်စွန့်ခွာမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု နှင့် မတရားဖိနှိပ်မှုများ သံသရာအတွင်း ပိတ်မိနေသည်” ဟု ပြောကြားထားသည်။

ယင်းအခြေအနေ ကာလတလျှောက်လုံးတွင် MNHRC သည် နှုတ်ဆိတ်မြဲ ဆိတ်နေသည်။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌနများ မဟာမိတ်အဖွဲ့ – အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) ၏ အထွေထွေလေ့လာအကဲဖြတ်ချက် (General Observation) အရ NHRI တစ်ရပ်သည် အာဏာသိမ်းသည့် ကာလအတွင်းတွင် “သာမန်ထက်ပို၍ ဝီရိယနိုးကြားမှုနှင့် အမှီအခိုကင်းမှုကို မြှင့်တင်ရမည်” ဟု ပြဌာန်းထားသည်။ သို့သော် MNHRC သည် အမှီအခိုကင်းကင်း ရပ်တည်ရမည့် ၎င်း၏ဝတ္တရားကို လုပ်ဆောင်ရန် ပျက်ကွက်နေရုံသာမက မျက်ကွယ်ပါ ပြုနေသည်။

ဤအချက်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တိုင်းရင်းသားလူထု အသိုင်းအဝိုင်းများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ အပါအဝင် စစ်အုပ်စု၏ ကျယ်ပြန့်စနစ်ကျသော ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများအပေါ် ဝေဖန်ပြောဆိုရန် ပျက်ကွက်ခဲ့သည့် MNHRC ၏ တောက်လျှောက်ပျက်ကွက်မှုကို ထောက်ပြခြင်းအားဖြင့် APF နှင့် GANHRI တို့အတွက် အံ့သြစရာ မဟုတ်ပေ။ MNHRC သည် အဆိပ်အတောက်ဖြစ်စေသော အလုပ်မဖြစ်တော့သည့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်ကြောင်းကို နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ၏ စွမ်းဆောင်ရည်များအပေါ် အကဲဖြတ်သုံးသပ်သည့် ANNI ၏ ၂၀၂၀ ခုနှစ် အစီရင်ခံစာတွင် မိမိတို့ အလုပ်အဖွဲ့မှ အသေးစိတ်ဖော်ပြခဲ့ပြီး ဖြစ်သည်။

APF နှင့် GANHRI တို့အနေဖြင့် MNHRC ကို ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ခွင့် ပြုခြင်းအားဖြင့် ၎င်းတို့အဖွဲ့အစည်းများအပေါ် အများယုံကြည်လက်ခံနိုင်စွမ်းကို များစွာထိခိုက်စေလျက်ရှိ ရုံသာမက လူ့အခွင့်အရေးအပေါ် ရပ်တည်ရန်နှင့် NHRI များကို ပိုမိုအားကောင်းခိုင်မာစေရန် လုပ်ရမည့် ၎င်း၏ အရေးကြီးသော လုပ်ပိုင်ခွင့်ကိုလည်း မှေးမှိန်သွားစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် တောက်လျှောက်ကျူးလွန်နေသည့် အကြမ်းဖက်သောင်းကြမ်းအဖွဲ့သာသာဖြစ်သော တရားမဝင်စစ်အုပ်စုကို အကာအကွယ်ပေးနေသည့် NHRI တစ်ရပ်ကို ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ဆက်လက်လက်ခံနေခြင်းသည် အန္တရာယ်ကြီးသော စံနမူနာတစ်ခုကို သတ်မှတ်ဖော်ဆောင်နေခြင်းလည်း ဖြစ်သည်။

APF နှင့် GANHRI နှစ်ဖွဲ့စလုံးအနေဖြင့် MNHRC ကို တရားဝင်ပြင်းထန်စွာ ဝေဖန်ဆန့်ကျင်ရေး ပြုလုပ်၍ မူအပေါ် ရပ်တည်ကြောင်း ပြသသည့်ခြေလှမ်းမျိုး ချက်ချင်းဆောင်ရွက်ရန် မိမိတို့မှ တောင်းဆိုသည်။ MNHRC သည် ပါရီအခြေခံမူများ (Paris Principles) နှင့်လည်း မကိုက်ညီသဖြင့် ၎င်းအား စိစစ် ထုတ်ပယ်ခြင်း လုပ်နိုင်ရန် APF ၏ ဖိုရမ်ကောင်စီဝင်များအနေဖြင့် APF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၁.၅ (က)၊ (ခ) နှင့် ၁၂.၁ (က)၊ (ခ) တို့ပါ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးရမည် ဖြစ်သည်။ ထို့အပြင် စိစစ်မှုရလဒ် မထွက်ခင်ကာလပတ်လုံး ကြားဖြတ်အစီအမံ တစ်ရပ်အနေဖြင့် APF သည် MNHRC ကို နောင်လုပ်မည့် အစည်းအဝေးများအားလုံးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းကို ရပ်တန့်ရမည်။

GANHRI စာချုပ်၏ အပိုဒ် ၂၇ နှင့် အပိုဒ် ၂၄.၂ အရ ပါရီအခြေခံမူများအား လေးစားလိုက်နာရမည့် စံသတ်မှတ်ချက်များကို ပြည့်မီခြင်းမရှိသောကြောင့် MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းရန်နှင့် ၎င်း၏ “B” အဆင့် သတ်မှတ်ချက်ကိုလည်း ဖယ်ရှားပေးရန် GANHRI ဗျူရိုကို မိမိတို့မှ တောင်းဆိုသည်။ ပို၍အရေးကြီးသည်မှာ MNHRC သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဥ် မတိုင်ခင်ကပင် ပါရီအခြေခံမူများကို ကြီးကြီးမားမား ချိုးဖောက်ထားသည့်အတွက် GANHRI အနေဖြင့် MNHRC ကို အလုပ်ဖြစ်သည့် NHRI တစ်ခုအဖြစ် အသိအမှတ် မပြုသင့်ပေ။

စစ်အုပ်စုမှ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် လူသားမဆန်စွာ ကျူးလွန်းထားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များနှင့် အပြစ်မဲ့ပြည်သူလူထုအား လေကြောင်းမှတစ်ဆင့် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ကမ္ဘာကြီး တစ်ခုလုံးအနေဖြင့် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရခြင်း ဖြစ်သည်။ ထို့ကြောင့် APF နှင့် GANHRI တို့သည် ထိုအခြေအနေဆိုးကို မျက်ကွယ်မပြုရန်လိုအပ်ပြီး နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများကို ခိုင်မာအားကောင်း စေရန်နှင့် လူ့အခွင့်အရေး လေးစားလိုက်နာလာစေရေး လုပ်ဆောင်ရန် တာဝန်ရှိသည့် ၎င်းတို့အနေဖြင့်  မြန်မာနိုင်ငံ၏ လက်ရှိအခြေအ‌နေအပေါ် အရေးတကြီး အာရုံစိုက်၍ ချက်ချင်းတုံ့ပြန် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်သည်။ အကယ်၍ မည်သည့်ဆောင်ရွက်မှုမျှ မရှိပါက APF နှင့် GANHRI တို့သည် စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ပေးနေသည့် MNHRC ၏ လုပ်ရပ်အတွင်း ကြံရာပါအဖြစ် ကျရောက်သွားဖွယ် ရှိပေသည်။

APF နှင့် GANHRI တို့အနေဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာနှင့် သန္နိဌာန်တို့ကို မြဲမြဲစွဲကိုင်ကာ MNHRC ၏ အဖွဲ့ဝင်ဖြစ်မှုကို ပယ်ဖျက်ပြီး မြန်မာပြည်သူဘက်မှ ရပ်တည်ကာ ၎င်းတို့လိုလားတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနှင့် အားလုံးအတွက် လူ့အခွင့်အရေး ရရှိစေရေး တို့အတွက် ကူညီပံ့ပိုးပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

အလုပ်အဖွဲ့ အကြောင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို လွတ်လပ်အမှီအခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိရှိ ထိရောက်စွာဖြင့် ပါရီအခြေခံမူများနှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ အခွင့်အရေးများကို အမှန်တကယ် ကာကွယ်မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ် ဖြစ်လာစေရေး စည်းရုံးလှုံ့ဆော်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ရည်ရွယ်ထားသည့်အတိုင်း အလုပ်အဖွဲ့ စတင်ဖွဲ့စည်း စဥ်မှစ၍ MNHRC ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်မှာ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းအထိ ဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေးအကျပ်အတည်းအပေါ် MNHRC ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များကြောင့် MNHRC အား ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခြင်းထက် ၎င်းအား ပြည်သူကို အမှန်တကယ် ကိုယ်းစားပြုသော သီးခြားလွတ်လပ်သည့် ကော်မရှင်ဖြင့် အစားထိုးဖွဲ့စည်းနိုင်ရန် မိမိတို့ အလုပ်အဖွဲ့မှ ပြောင်းလဲစဥ်းစားခဲ့သည်။ ထိုပြောင်းလဲစဥ်းစားချက် နှင့်အတူ မိမိတို့ အလုပ်အဖွဲ့၏ ရည်ရွယ်ချက်များကို ပြင်ဆင်ခဲ့ပြီး အမည်ကိုလည်း လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) / CSOs Working Group on Independent National Human Rights Institution (Burma/Myanmar) ဟု ၂၀၂၂ ခုနှစ် မတ်လတွင် ပြင်ဆင်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ လက်ရှိတွင် အလုပ်အဖွဲ့ကို နောက်ခံမတူညီသော အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း ၂၀ ဖွဲ့တို့ဖြင့် ဖွဲ့စည်းသည်။

Email: [email protected]  / Facebook: https://www.facebook.com/WGonNHRIBurma


PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia