တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကဒက်ကြီးကျေးရွာတွင် ဇွန် ၂၆ ရက်က စစ်ကောင်စီတပ် ပစ်သတ်သွားသည့် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး (ခ) မိကြုံးတို့၏ ရုပ်အလောင်းများ။ ဓာတ်ပုံ-ပေးပို့
လောင်းလုံးမြို့ ကျေးလက်ဒေသ နေအိမ်များကို ဝင်စီးသည့် စစ်ကောင်စီတပ်က ဇွန် ၂၆ တစ်ညတည်းတွင် ပြည်သူ ၃ ဦးကို ပစ်သတ်ကာ ပစ္စည်းလုယူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
By Myanmar Now
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ပြည်သူ ၃ ဦးကို ယမန်နေ့ (ဇွန် ၂၆) ညတွင် စစ်ကောင်စီတပ်သားတို့က အနီးကပ်ပစ်သတ်သွားသည်ဟု ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လောင်းလုံးမြို့နယ်နှင့် ၆ မိုင်ခန့် ဝေးသော ကဒက်ကြီးကျေးရွာသို့ ထိုနေ့ည ၁၁ နာရီခွဲခန့်တွင် စစ်သား ၁၅ ဦးခန့် ကား ၂ စီးဖြင့် ရောက်လာပြီး နေအိမ် ၅လုံးကို ဝင်ရောက်စီးနင်းသည်ဟု ၎င်းက ပြောသည်။
အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို ကူညီဖူးသည့် အသက် ၆၀ အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး (ခ) မိကြုံးတို့ ဇနီးမောင်နှံကို လက်ပြန်ကြိုးတုပ်လျက် ဖမ်းခေါ်သွားကာ ရွာလယ်လမ်းမတွင် မျက်လုံးနှင့် ခါးတို့ကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားကြောင်း ထိုသူ့ထံမှ သိရသည်။
“သူတို့ လိုက်ရှာတဲ့သူကို မတွေ့တော့ အပြန်မှာ လမ်းပေါ်တင် ပစ်သတ်သွားတာ။ ….. “PDF (ဒေသကာကွယ်ရေးတပ်ဖွဲ့) တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး တခြားသူတွေက တိုင်လိုက်လို့ အခုလိုလုပ်သွားတာလို့ ထင်တယ်”
ကျေးရွာနေပြည်သူများက ရုပ်အလောင်းများကို ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ယနေ့ (ဇွန် ၂၇) တွင် မီးသင်္ဂြိုဟ်မည်ဟု အထက်ပါ သပိတ်ကော်မတီတာဝန်ရှိသူထံမှ သိရသည်။
ကဒက်ကြီးကျေးရွာတွင် ဝင်စီးသည့် နေအိမ်များကို ဖျက်ဆီး၊ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့က အပြန်တွင် လောင်းလုံးမြို့နှင့် ၄ မိုင်ခန့်ဝေးသည့် ဂေါ့အင်းကျေးရွာသို့ ဝင်ရောက်ပြီး အသက် ၅၀ အရွယ် ဦးဆန်းဝင်းကို ပစ်သတ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
နေအိမ်အနီး ယမန်နှစ်အတွင်း စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲခံရစဉ်ကလည်း ဦးဆန်းဝင်းကို စစ်ကောင်စီက လာရှာဖူးသည်ဟု ထိုသူ့ထံမှ သိရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“အရင် လာရှာတုန်းက သူ့ကို မတွေ့ခဲ့ဘူး။ အခု တွေ့လို့ ပစ်သတ်သွားတယ်လို့ သိရတယ်” ဟု အထက်ပါ ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဦးဆန်းဝင်းကို ပစ်သတ်ချိန်တွင် အတူနေ ဇနီးနှင့် သမီးရှိနေကြောင်း၊ ဇနီးသည် သတိလစ်သွားကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က ဦးဆန်းဝင်း၏နေအိမ်မှ ပိုက်ဆံ၊ ရွှေထည်နှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားကာ နေအိမ်ရှိပစ္စည်းများကို ဖျက်ဆီးသွားသည်ဟု ထိုသူက ဆိုသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကဒက်ကြီးကျေးရွာတွင် ဇွန် ၂၆ ရက်က စစ်ကောင်စီတပ် ဝင်မွှေခဲ့သည့် နေအိမ်တစ်လုံး။ ဓာတ်ပုံ-ပေးပို့
တစ်ညတည်း ပြည်သူ ၃ဦးကို ပစ်သတ်ခဲ့သည့် တပ်ဖွဲ့တွင် စစ်သားများအပြင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး ပန္ဒလဲကျေးရွာတွင် စခန်းချထားသည့် အရပ်သားအဖွဲ့ ပျူစောထီးလည်းပါသည်ဟု ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ယနေ့ (ဇွန် ၂၇) တွင် ထုတ်ပြန်ထားသည်။
ဇွန်တစ်လတည်းတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည့် အရပ်သား ၆ ဦးရှိပြီဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အားကောင်းနေဆဲဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.