မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းစစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေ ရှိပေမဲ့ ကိုယ့်သားသမီးကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အထိ အားပေးတိုက်တွန်းတဲ့ မိဘမျိုးကတော့ ရှားပါလိမ့်မယ်။
By BBC
အသက် ၂၁ အရွယ် ကိုသန့်စင်လင်းထက်ကတော့ ဖခင်ရော၊ မိခင်ရောက လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ အားပေးကြရုံသာမက အခုဆို မိခင် ကိုယ်တိုင်က သားဖြစ်သူရှိရာ ပြည်သူ့ ကာကွယ်ရေးတပ် စခန်းအထိ လိုက်နေပြီး တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးနေပါတယ်။
အသက် ၄၅ နှစ်အရွယ် သူ့မိခင်က…အာဏာသိမ်းပြီလို့ သိလိုက်ရတဲ့ အချိန်က ပေါက်ကွဲမိတယ်၊ သားဖြစ်သူက သပိတ်မှောက်မယ်လို့ စပြောခဲ့တဲ့ အချိန်မှာ သူ မတားခဲ့ဘူးလို့ ပြောပါတယ်။
သူ့အနေနဲ့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းမှုကိုလည်း ကြုံခဲ့ဖူးတယ်၊ အခုလည်း တခါ ထပ်ကြုံရပြန် တဲ့အတွက် ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။
အလားတူပဲ သားဖြစ်သူ ကိုသန့်စင်လင်းထက် ကလည်း တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းပေါ် စတင် လျှောက်လှမ်းပြီး ကောင်းမွန်တဲ့ လမ်းကြောင်းကို သွားနေချိန်မှာ နိုင်ငံ့ ခေါင်းဆောင်တွေကို ဖမ်းလိုက်တယ်၊ အာဏာကို အဓမ္မ သိမ်းလိုက်တယ် ဆိုတာ ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
သူက အသက် ၂၁ နှစ် အရွယ်လူငယ် တစ်ယောက်၊ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာမှ စတင် မဲပေးခွင့်ရခဲ့သူ တစ်ယောက်ပါ။
စစ်အာဏာရှင် လက်ထက်မှာ မွေးဖွားခဲ့သူ ဖြစ်ပေမဲ့ သိတတ်တဲ့ အရွယ်မှာ ၁၀ နှစ်ကြာအောင် လွတ်လပ်တဲ့ အရသာကို ခံစားလာခဲ့ရတဲ့ လူငယ် တစ်ယောက် အနေနဲ့ သူထည့်ခဲ့တဲ့မဲ အလဟသ ဖြစ်သွားရတာကို မကျေနပ်နိုင်ပါဘူး။ သူ့ဆန္ဒကို ပစ်ပယ်ခံခဲ့ရတာကိုလည်း လက်မခံနိုင်ပါဘူးလို့ ဆိုပါတယ်။
သူ့မိခင် ဖြစ်သူကလည်း သားဖြစ်သူရဲ ဆန္ဒအတိုင်း အာဏာသိမ်းကာလ အစောပိုင်းက သပိတ်တွေမှာ ပါဝင်ခွင့်ပြုခဲ့ပြီး လုပ်ပြီဆို “အဆုံးအထိသွား၊ နောက်မဆုတ်နဲ့တော့” လို့ ပြောခဲ့ပါတယ်။
ကိုသန့်စင်လင်းထက်က တစ်ဦးတည်းသောသားဖြစ်တဲ့ အတွက် အဖေရယ်၊ အမေရယ်၊ သူရယ် မိသားစုက စုစုပေါင်း ၃ ယောက်ပဲ ရှိပါတယ်။
အာဏာမသိမ်းခင်ကတော့ အဖေနဲ့ အမေက ကိုယ်ပိုင်လုပ်ငန်းလုပ်ကြပြီး သူကတော့ ကျောင်းသားတစ်ဦးပါ။
အဏာသိမ်းချိန်က သူ့ဖခင်က ရန်ကုန်မှာ ရှိနေခဲ့ပြီး သားအမိနှစ်ယောက်က နယ်မြို့ တစ်မြို့မှာ ရှိနေခဲ့တယ်လို့ ကိုသန့်စင်လင်းထက်က ပြောပါတယ်။
အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်တွေမှာ ကိုသန့်စင်လင်းထက် လိုက်ပါသွားပြီ ဆိုရင် မိခင်က အိမ်ကနေ သားအတွက် စိုးရိမ်ပူပန်ရသလို စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရုန်းကန် ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော့် ရပ်ကွက်မှာ ကျွန်တော် တစ်ယောက်တည်းပဲ တော်လှန်ရေး လုပ်တာ” ဆိုတဲ့ ကိုသန့်စင်လင်းထက်က သူ့မိခင်ဟာ ပတ်ဝန်းကျင်ရဲ့ သတိပေးတိုက်ခိုက်ပြောဆိုတာတွေကို တော်တော် ခံခဲ့ရတယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မကြာခင်မှာပဲ စစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို အကြမ်းနည်းသုံးပြီး ပစ်ခတ်နှိမ်နင်းတာတွေ လုပ်လာတော့ ကိုသန့်စင်လင်းထက် အနေနဲ့ ဆန္ဒပြ သပိတ်တွေမှာ လိုက်ပါဖို့ အခက်အခဲ ပိုရှိလာပါတယ်။
ဒါပေမဲ့ ပြောက်ကျား သပိတ်၊ လူမဲ့ သပိတ်၊ အရုပ်သပိတ် စသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တခုခုမှာတော့ တနည်းနည်းနဲ့ ဖြစ်အောင်ပါဝင်တယ်၊ နောက်ဆုံး လူလုံးဝ စုလို့ မရတဲ့ အဆုံးမှာ အိမ်တွင်းသပိတ်၊ ပန်းသပိတ် တို့ကို ရအောင် လုပ်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ သူ့ဖခင်နေတဲ့ မြို့နယ်က စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်တော့ ဆက်နေလို့ မဖြစ်တော့ဘူး ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရှိရာ လွတ်မြောက်နယ်မြေကို အရင်ဆုံး ထွက်ခွာသွားခဲ့တဲ့ အတွက် မိသားစု သုံးယောက်ထဲမှာ ဖခင်ဖြစ်သူက အရင်ဆုံး လွတ်မြောက်နယ်မြေကို ရောက်သွားသူ ဖြစ်ပါတယ်။
နယ်မြို့မှာ အတူနေထိုင်တဲ့ သားအမိ နှစ်ယောက်ကတော့ သားဖြစ်သူ ကိုသန့်စင်လင်းထက်က ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး အိမ်ပြန်မလာဘဲ သူငယ်ချင်းတွေနဲ့ ကြုံသလို နေခဲ့ပါတယ်။
သူ့ကို ပုဒ်မ ၅၀၅ -က အထုတ်ခံရတယ်လို့ သိရတဲ့ ညမှာပဲ မိခင် ဖြစ်သူကို အိမ်မှာ ထားဖို့ စိတ်မချတော့တဲ့ အတွက် အသိတွေရဲ့ အကူအညီနဲ့ စိတ်ချရတဲ့ လွတ်မြောက်နယ်မြေ တနေရာကို မိခင်ကို ညတွင်းချင်း ပို့လိုက်ပါတယ်။ ဒါကြောင့် သူတို့ မိသားစုထဲမှာ မိခင်ဖြစ်သူက လွတ်မြောက်နယ်မြေကို ဒုတိယ ရောက်သွားသူပါ။ ခင်ပွန်းဖြစ်သူနဲ့လည်း နေရာမတူလို့ တနေရာစီ ဖြစ်နေပါတယ်။
ကိုသန့်စင်လင်းထက်ကတော့ သူ့မိခင် ထွက်ခွာသွားခဲ့ပြီး နှစ်ပတ်လောက် အထိ ဆန္ဒပြ သပိတ်တွေမှာ ပါဝင်ရင်း မြို့မှာ ဆက်နေခဲ့ပေမဲ့ နောက်ဆုံး ဘယ်လိုမှ နေလို့ မဖြစ်တော့တဲ့ အဆုံး သူပါ လွတ်မြောက်နယ်မြေကို ထွက်ခွာသွားခဲ့ပါတယ်။
တော်လှန်ရေးက အခြေအနေပေါ် မူတည်ပြီး ဖြစ်သွားတာလို့ ကိုသန့်စင် လင်းထက်က ပြောပါတယ်။
ပထမဆုံး ဆန္ဒပြ သပိတ်မှောက်ပြီး တော်လှန်တယ်၊ ဒုတိယ အဆင့် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒိုင်းတွေ အကာအရံတွေနဲ့ ကာကွယ်ပြီး ဂျင်ဂလိ၊ မိုလိုတော့ဗ် စတာတွေနဲ့ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့တယ်၊ တတိယ အဆင့်အနေနဲ့က လက်နက်ကိုင် တော်လှန်မှ ရမယ့် အခြေအနေမို့ လက်နက်စွဲကိုင် တော်လှန်ရတာလို့ သူက ဆိုပါတယ်။
လမ်းမတွေပေါ်ထွက်ပြီး အေးအေးချမ်းချမ်း ဆန္ဒပြသူတွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲလို့ သွေးချောင်းစီးခဲ့ရတယ်၊ ဒီလုပ်ရပ်တွေကို ဂလဲ့စား ချေမှ ဖြစ်မယ်လို့ ကိုသန့်စင်လင်းထက်က ခံယူထားပါတယ်လို့ ဆိုပါတယ်။
တစ်နှစ်ကျော်ကြာလာတဲ့ အထိ ကိုသန့်စင်လင်းထက်တို့ မိသားစု အတူ မဆုံဆည်းနိုင်ဘဲ တစ်ယောက် တနေရာစီ နေခဲ့ကြရပါတယ်။
တစ်ဦးတည်းသော သား ဖြစ်တဲ့ အတွက် မိခင် ဖခင်တို့နဲ့ ဝေးနေရချိန်မှာ အမေအနားမှာ ရှိနေသလို ခံစားမိရစေဖို့ အမေ့ရဲ့ ထဘီ အထက်ဆင်စကို ဆောင်ထားပြီး ကိုသန့်စင် လင်းထက် အလွမ်းဖြေ နေခဲ့ရပါတယ်။
ဒါပေမဲ့ အခု ဇွန်လ လယ်ရောက်တော့ သူ့မိခင်က သူရှိရာ တပ်စခန်း နေရာဆီ လိုက်လာနိုင်ပြီ ဖြစ်လို့ သားအမိ လူကိုယ်တိုင် ဆုံကြရပါပြီ။ အမေရောက်လာတော့ အားရှိလာပြီလို့ ဆိုပါတယ်။
မိသားစုနဲ့ အတူ နေရတယ်၊ အမေနဲ့ အတူ နေရတယ် ဆိုရင် တဲအိမ်ထဲမှာ နေရပါစေ၊ နန်းတော်ကြီးလိုခံစားရတယ်လို့ ကိုသန့်စင်လင်းထက်က ပြောပါတယ်။
မိခင်ဖြစ်သူကလည်း သားရဲ့ မျက်နှာ မြင်နေရရင် ဘယ်မှာနေရနေရ ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုတော့ မိခင်ဖြစ်သူက စခန်းမှာ ထမင်းဟင်း ချက်ကျွေးတဲ့ တာဝန်ယူလိုက်တော့ အရင်တုန်းကလို တပ်စိတ် အလိုက် အလှည့်ကျ ထမင်းဟင်း ချက်ပေးရတဲ့ တာဝန်တွေ ပေါ့သွားတဲ့ အတွက် ကျန်တဲ့ အလုပ်တွေကို ပိုပြီး အားစိုက် လုပ်နိုင်လာကြတယ်လို့ ကိုသန့်စင်လင်းထက်က ပြောပါတယ်။
အာဏာ မသိမ်းခင်က အဝေးသင် တက္ကသိုလ် ကျောင်းသား တစ်ယောက်ဖြစ်ပြီး ပြည်ပထွက်ဖို့ စီစဉ်ထားခဲ့တဲ့ ရည်မှန်းချက်တွေ အားလုံး ပျက်စီးသွားပြီး အနာဂတ် ပျောက်သွားခဲ့ရတယ် ဆိုတဲ့ ကိုသန့်စင်လင်းထက်က တော်လှန်ရေးပြီးရင်တော့ သူ့အနေနဲ့ နိုင်ငံရေးမှာ ပါဝင်စရာမလိုတော့ရင် သူ့မူလ ရည်မှန်းချက်တွေ ဖြစ်တဲ့ ပြည်ပထွက်မယ်၊ စီးပွားရှာတာပဲ လုပ်မယ်လို့ ပြောပါတယ်။
အခုကတော့ တော်လှန်ရေး အောင်မြင်ရေးက အဓိကလို့ပြောတဲ့ ကိုသန့်စင်လင်းထက်က သူလုပ်ချင်တာကို မတားတဲ့အပြင် အားပေးတဲ့မိဘရှိတာ ကံကောင်းတယ်၊ ဝမ်းသာတယ်လို့ ပြောပါတယ်။
Original Post: BBC