စစ်ကောင်စီကာကွယ်ရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်နေ

22 June 2022

စစ်ကောင်စီကာကွယ်ရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်နေ

လူထုအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများတွင် တာဝန်ရှိသည်ဆိုကာ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားသည့် ဗိုလ်ချုပ်ကြီးကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်ပြုခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ရှိနေသည်။​

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) သို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်လျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Tea Banh က ယမန်နေ့ (ဇွန် ၂၁) တွင် သီးသန့် လက်ခံတွေ့ဆုံသည်ဟု Khmer Times ဆိုသော သတင်းဌာနက ဖော်ပြသည်။

ကမ္ဘောဒီးယားနှင့် နှစ်ဖက်အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးသည်ဟုလည်း ဆိုသော်လည်း အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီ၏ တရားဝန်မှုကို အားပေးရာရောက်သဖြင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစည်းအဝေးတက်ရောက်ခွင့်ပြုခြင်းအပေါ် ဝေဖန်ကန့်ကွက်မှုများရှိနေသည်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး Tea Banh က တရားမဝင် မြန်မာစစ်တပ်ကို ထောက်ခံရုံသာမက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရပိုင်ခွင့်ကို အသုံးချလျက် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ပြောကြားသည်ဟု Justice For Myanmar အဖွဲ့က Twitter လူမှုကွန်ရက်တွင် ရေးသားသည်။

အနောက်နိုင်ငံများနှင့် ဒဏ်ခတ်အရေးယူမှုများအပေါ် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးက “ပြဿနာဖြေရှင်းရေး မှန်ကန်တဲ့ရွေးချယ်မှု မဟုတ်ပါဘူး” ဟု ပြောကြားသည်ဟု ဆိုသည်။

အာဆီယံသည် အာဏာသိမ်းမြန်မာစစ်တပ်ကို အကြိမ်ကြိမ်အသိအမှတ်ပြုနေခြင်းမှာ နောက်ထပ်ရာဇဝတ်မှုများ ကျူလွန်းရန် ပိုမိုအတင့်ရဲလာစေပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ ကြိုးစားမှုကို အဟန့်အတားဖြစ်စေသည်ဟု Justice For Myanmar က အစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့သည်။​

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် လူထုအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများတွင် တာဝန်ရှိသည်ဆိုကာ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ထားသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ADMM အစည်းအဝေးတက်ရောက်ခွင့်မပြုရန် ပြည်တွင်းပြည်ပအဖွဲ့အစည်း ပေါင်း ၆၀၀ ကျော်က တောင်းဆိုခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမူ အာဆီယံအဖွဲ့ဝင် ၈ နိုင်ငံ၏ သဘောတူညီချက်ဖြင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးကို တက်ခွင့်ပြုခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။

ယခင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့တွင် အဖွဲ့ဝင်နိုင်ငံအချို့နှင့် နိုင်ငံတကာ၏ ကန့်ကွက်မှုကြောင့် စစ်ခေါင်းဆောင်နှင့် ၎င်းခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခွင့် မရခဲ့ပေ။​

အာဆီယံအနေဖြင့် မြန်မာနိုင်ငံပဋိပက္ခအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲစဉ်းစားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန်က the Diplomat မဂ္ဂဇင်းတွင် ဇွန် ၁၄ ရက်က ရေးသားသည်။​

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ဇွန် ၂၁ နှင့် ၂၂ တွင် နှစ်ရက်တာ ကျင်းပခြင်းဖြစ်ကာ ဂျပန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရန်ရှိသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် အာဏာသိမ်းစစ်ကောင်စီကို လူသိရှင်ကြား အသိအမှတ်ပြုပြောဆိုခဲ့သည့်ပြင် နေပြည်တော်သို့ လူကိုယ်တိုင်သွားရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံနေသော်လည်း အာဏာသိမ်းခေါင်းဆောင်တက်ရောက်ခဲ့သော ယမန်နှစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံထိပ်သီးအစည်းအဝေးရလဒ်ဖြစ်သော ဘုံသဘောတူညီချက် ငါးရပ်နှင့် ပတ်သက်၍ သိသာစွာ တိုးတက်ပြောင်းလဲခြင်း မရှိကြောင်း နိုင်ငံတကာက ဝေဖန်ထားသည်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia