ADMM အစည်းအဝေးတွင် မြန်မာအကြမ်းဖက် စစ်တပ်ကို ဖိတ်ကြားထားမှုအား ပယ်ဖျက်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာ

16 June 2022

ADMM အစည်းအဝေးတွင် မြန်မာအကြမ်းဖက် စစ်တပ်ကို ဖိတ်ကြားထားမှုအား ပယ်ဖျက်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာ

RiSE News | ဇွန် ၁၆

အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေး ADMM (၁၆) ကြိမ်မြောက်ကို လာမယ့် ဇွန်လ ၂၂ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပဖို့ ရှိနေပါတယ်။

ဒီအစည်းအဝေးမှာ အကြမ်းဖက်မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး ပါဝင်တက်ရောက်ဖွယ် ရှိနေတယ် လို့ သိရပြီး၊ ADMM ဟာ မြန်မာစစ်တပ်အပေါ် စဉ်ဆက်မပြတ် ပံ့ပိုးကူညီနေသလို စစ်တပ်ရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေကို ကူညီပံ့ပိုးပေးနေတဲ့ အာဆီယံရဲ့ ပလက်ဖောင်း တစ်ခုဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

ADMM ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ ကာကွယ်ရေးကဏ္ဍအတွင်း အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး၊ ADMM-Plus ကတော့ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်ပါတယ်။

ADMM ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံရဲ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ခုဖြစ်တဲ့ “အာဆီယံ လုံခြုံရေး အသိုက်အဝန်း “ ကို အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။

“တရားမျှတမှု၊ ဒီမိုကရေစီနဲ့ သဟဇာတရှိတဲ့ဝန်းကျင်” ကို မျှော်မှန်းထားတဲ့ လုံခြုံရေးအသိုက်အဝန်း မူဘောင်ကို Bali Concord II မှာ သဘောတူညီထားပါတယ်။ အဲဒီရဲ့ ပုဒ်မ A.4 မှာ “ အာဆီယံ လုံခြုံရေး အသိုက်အဝန်းက ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေရဲ့ အခြားသော အခြေခံမူတွေကို လိုက်နာရမှာဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် အာဆီယံရဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုက Bali Concord II စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ADMM က ကွင်းဆင်းလေ့ကျင့်ရေး အစီအစဉ်တွေအပါအဝင် “လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး” အပေါ် အဓိကထား လုပ်ဆောင်တဲ့ ကျွမ်းကျင်ပညာရှင် လုပ်ငန်းအဖွဲ့ (၇) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားတာ ဖြစ်ပြီး ဒေသတွင်း ကာကွယ်ရေးနဲ့ လုံခြုံရေးစွမ်းရည်တွေ မြှင့်တင်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းအဖွဲ့ တစ်ဖွဲ့တိုင်းကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံနဲ့ ADMM-Plus နိုင်ငံတစ်ခုတို့က ပူးတွဲဥက္ကဋ္ဌတွေအဖြစ် အလှည့်ကျ တာဝန်ယူရတာဖြစ်တယ်လို့ JFM ထုတ်ပြန်ချက်အရ သိရပါတယ်။

ADMM ရဲ့ ကျွမ်းကျင်ပညာရှင် အလုပ်အဖွဲ့ ၇ ဖွဲ့ရဲ့ လက်ရှိပူးတွဲဥက္ကဋ္ဌ တွေက အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံ၊ ရေကြောင်းလုံခြုံရေးမှာ ထိုင်းနဲ့ အမေရိကန်နိုင်ငံ၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုမှာ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံ၊ စစ်ရေးဆေးပညာမှာ ဘရူနိုင်းနဲ့ သြစတြေးလျနိုင်ငံ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလှုပ်ရှားမှုမှာ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံ၊ ဆိုက်ဘာ လုံခြုံရေးမှာ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်ပါတယ်။

စစ်ရေးအဆင့်မှာ အာဆီယံကာကွယ်ရေး ဦးစီးချုပ်တွေ၊ တပ်မှူးတွေ၊ လေတပ်အကြီးအကဲတွေ၊ ရေတပ်အကြီးအကဲတွေ၊ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲတွေ ပါဝင်တဲ့ အစည်းအဝေးတွေ စီစဉ်ကျင်းပပါတယ်။

အာဆီယံဒေသတွင်း ဖိုရမ်ခေါင်းစဉ်အောက်မှာ လုံခြုံရေးမူဝါဒညီလာခံနဲ့ ကာကွယ်ရေးအရာရှိတွေ တွေ့ဆုံ ဆွေးနွေးပွဲတွေကတဆင့် ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ပြုလုပ်တာဖြစ်ပါတယ်။

အခြား အာဆီယံ ကာကွယ်ရေးကဏ္ဍ ကနဦးလုပ်ငန်းစဉ်တွေမှာတော့ အာဆီယံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်တွေ၊ အာဆီယံကာကွယ်ရေး စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဆင်ရေး အစည်းအဝေးတွေ၊ ထောက်လှမ်းရေးဆိုင်ရာ မျှဝေမှုတွေ၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေး၊ စစ်ရေး လေ့ကျင့်မှုနှင့် ပညာရေး စတဲ့ အပြန်အလှယ် ဖလှယ်မှုတွေ ပါဝင်ပါတယ်။

အာဆီယံရဲ့ လက်ရှိကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၅ ခုနှစ် သဘောတူညီမှုအရ အာဆီယံ နိုင်ငံရေး – လုံခြုံရေး အသိုက်အဝန်း နည်းပညာအစီအစဉ် ၂၀၂၅ အောက်မှာ ဖွဲ့စည်းထားတာပါ။

ADMM ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အစီအစဉ်အဖြစ် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် ကာကွယ်ရေးအရာရှိတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ မြှင့်တင်ဖို့အတွက် အာဆီယံ ဒေသတွင်းဖိုရမ်(B.4.2.iv)၊ စစ်တက္ကသိုလ်တွေအကြား ကာကွယ်ရေးနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် အာဆီယံ ဒေသတွင်းဖိုရမ် (B.1.3.vii)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဖို့ (B.3.2)တို့ပါဝင်ပါတယ်။

ဒါ့အပြင် “အကြမ်းဖက်သမားတွေနဲ့ ရာဇ၀တ်ကောင်တွေ စီးဝင်လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် နိုင်ငံ ဖြတ်ကျော်မှု နယ်နိမိတ်တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲဖို့၊ သက်ဆိုင်ရာနည်းပညာတွေ အသုံးပြုမှုကို စူးစမ်းလေ့လာဖို့” (B.3.7.i) နဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့ အတွက် (B.6.2) တို့နဲ့ ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။

အာဆီယံရဲ့ အခြားအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားပြုမှုတွေကို ချန်လှပ်ထားပေမယ့်လည်း ADMM ကတော့ အကြမ်းဖက် မြန်မာစစ်ကောင်စီအပေါ် တရားဝင်မှုနဲ့ ပံ့ပိုးမှုတွေ အစဉ်တစိုက် ပေးအပ်နေတာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

အာဆီယံနဲ့ မိတ်ဖက်တွေအနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ကာကွယ်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဦးဆောင်မှုနေရာက ဖယ်ရှားခြင်းအပါအဝင် အစည်းအဝေးနဲ့ လှုပ်ရှားမှုလုပ်ငန်းအားလုံးက ချက်ချင်းဖယ်ထုတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ဒီလိုဖယ်ထုတ်ရာမှာ ဇွန်လ ၂၂ ရက်နေ့ ဖနွမ်းပင်မှာ ပြုလုပ်မယ့် ADMM အစည်းအဝေးမှာ စစ်တပ်ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ချန်လှပ်ထားခဲ့ဖို့လည်း လုပ်ဆောင်ရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုရမှာ ဖြစ်သလို ထိတွေ့ဆက်ဆံမှုတွေလည်း ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မကြာခင်ကျင်းပတော့မယ့် အာဆီယံ ကာကွယ်ရေး ဝန်ကြီး အစည်းအဝေး ADMM မှာ အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားခြင်း မပြုလုပ်ဖို့ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့ ၆၇၇ ဖွဲ့က မနေ့ ဇွန်လ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုထားပါသေးတယ်။

မြန်မာစစ်အုပ်စုရဲ့ ကျူးလွန်မှုတွေဟာ နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေက ဖွင့်ဆိုထားတဲ့ အကြမ်းဖက်မှု အဓိပ္ပါယ်နဲ့ လုံးဝကိုက်ညီနေတဲ့အတွက် အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုအား တရားဝင်မှု မပေးဖို့ အလွန်အရေးကြီးတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေက ထောက်ပြပြောဆို ထားကြပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ ၎င်းရဲ့ ပဋိညာဥ်စာတမ်းကို ကိုင်စွဲပြီး နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာသောအားဖြင့် စစ်အုပ်စုကို ADMM မှ ဖယ်ထုတ်ပေးဖို့ အတွက်ကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းဟာ အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာ ဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေထဲမှာ ကြံရာပါအဖြစ် ရောက်ရှိသွားမှာဖြစ်သလို၊ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေဖို့ အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မယ် လို့ အိတ်ဖွင့်ပေးစာထဲမှာ သတိပေးထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia