(အာဏာသိမ်း မင်းအောင်လှိုင်ပုံများ ခြေဖြင့်နင်း၍ ယမန်နှစ်က ရန်ကုန်တွင် ဆန္ဒပြခဲ့ကြပုံ။ EPA)
မင်းအောင်လှိုင်ပုံကို ခြေထောက်ဖြင့်နင်းသည့်ပုံ လူမှုကွန်ရက်ပေါ်တင်သည်ဟူသော စွဲချက်ဖြင့် ဒုရဲအုပ်တင်အောင်အုပ်စိုးကို ဖမ်းဆီးထောင်ချ
By Myanmar Now
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ခြေထောက်ဖြင့် နင်းထားသည့် ဓာတ်ပုံကို Facebook လူမှုကွန်ရက် ပေါ် တင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ရန်ကုန်မြို့က ရဲအရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်အဆင့်ရှိသူ တင်အောင်အုပ်စိုးကို စစ်တပ်က လွန်ခဲ့သည့် တစ်လခန့်ကတည်းက ချုပ်နှောင်ထားပြီး ယခုဇွန် ၈ ရက်နေ့က ၎င်းကို အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သိရှိရသည်။
၎င်းရဲအရာရှိက မင်းအောင်လှိုင်ကို စော်ကားသည့်ပုံများ Facebook အကောင့်အတုဖြင့် တင်နေသည်ကို စစ်တပ်အား အင်တာနက်တွင် ထောက်ခံရေးသားနေသော ဟန်ငြိမ်းဦးအမည်ခံထားသူက ရဲတပ်ဖွဲ့အတွင်းသတင်းပေးတစ်ယောက်မှ တစ်ဆင့် သိရှိရပြီး ထိုအခြေအနေကို အင်တာနက်တွင် လှုံ့ဆော်ရာမှတစ်ဆင့် အမှုစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒုရဲအုပ်တင်အောင်စိုးအား မှုခင်းစုံစမ်းရေးတပ်ဖွဲ့ CID က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ရဲသတင်းရင်းမြစ်တစ်ခုက Myanmar Now ကို အတည်ပြုပြောဆိုသည်။
“သူက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ပိုစ့်တွေ Facebook မှာ တင်တယ်၊ မင်းအောင်လှိုင်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံတွေ တင်တယ်။ အဲဒါကြောင့် အဖမ်းခံရတာ၊ အမှုကတော့ အခု ၅၀၅-က၊ ရဲအက်ပါ ပါမယ်လို့ ပြောတယ်” ဟု အမှုအခြေအနေနှင့် ပတ်သက်၍ သိရှိသူတစ်ဦးက ရှင်းပြသည်။
ယနေ့ ဇွန်လ ၁၄ ရက်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဒုရဲအုပ်တင်အောင်အုပ်စိုးကို ပထမဆုံးရုံးထုတ်မည်ဖြစ်ကာ ရဲလက်စွဲအက်ဥပဒေဖြင့် အမိန့်ချမည်ကို ကြားသိရသည်ဟုလည်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။
“ရဲအက်က စွဲစွဲပြီးချင်းကို အမိန့်တန်းချမှာ၊ ၃ နှစ်”
ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်း တရားစွဲဆိုခံထားရသည့် ဒုရဲအုပ်တင်အောင်အုပ်စိုးအနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံရနိုင်သည်ဟု သိရှိရသည်။
အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုကို ဖိနှိပ်ရာတွင် ရဲတပ်ဖွဲ့ကို အသုံးချမှုများပြုလုပ်သော်လည်း အာဏာသိမ်းမှုကို မလိုလားသော ရာနှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းပြီးမကြာခင်မှစ၍ စစ်တပ်ကို ပုန်ကန်ကာ လူထုနှင့် ပူးပေါင်းခဲ့ကြသည်။
စစ်ကောင်စီကို ပုန်ကန်သော ရဲတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေသည်များရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်လုပ်လက်နက်များ နောက်ကွယ်မှ ထုတ်ပေးခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.