ချောင်းဦးမြို့ရောက်စစ်တပ် မီးရှို့ခဲ့သည့် ရွာတွင် အလောင်း ၆ လောင်းတွေ့

ချောင်းဦးမြို့ရောက်စစ်တပ် မီးရှို့ခဲ့သည့် ရွာတွင် အလောင်း ၆ လောင်းတွေ့

အာဏာသိမ်းခါစက ဆန္ဒပြသူတို့ကို အကြမ်းဖက်နှိမ်နင်းသည့် စစ်ကောင်စီတပ်သည် ယခုအခါ သတ်ဖြတ်၊ လုယက်၊ မီးရှို့မှုများ ကျူးလွန်နေသည်ဟု ဒေသအသီးသီးမှ ပြည်သူများက ပြောသည် (ဓာတ်ပုံ -Myanmar Now)   

စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ တောကျောင်းလေးရွာတွင် စစ်တပ်နှင့် ပျူစောထီးက ဖမ်းဆီး၊ လုယက်၊ မီးရှို့မှု ကျူးလွန်ရာ အိမ် ၁၀၀ ကျော် ပျက်စီးပြီး ရုပ်အလောင်း ၆ လောင်း တွေ့ရသည်ဟု PDF က ပြောသည်။  

By Myanmar Now

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ တောကျောင်းလေးရွာမှ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက်တွင် မီးကျွမ်းရုပ်အလောင်း ၆ လောင်း တွေ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

မြိုအနောက်ဘက် ၇ မိုင်ကျော်အကွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိ ထိုရွာကို ၃ ညအိပ် တပ်စွဲပြီးနောက် ပြန်ထွက်ခွာစဉ် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း စစ်သားများနှင့်အတူ ရှိခဲ့ကြောင်း ချောင်းဦး PDF မှ ရဲဘော်ဂျက်က ပြောသည်။

“အလောင်းတွေက တစ်နေရာစီ တွေ့ရတာ။ သူတို့ (စစ်တပ်) သွားတဲ့လမ်းကြောင်းက အကုန် မီးရှို့သွားတာ” ဟု သူက Myanmar Now ကို ပြောသည်။

တောချောင်းလေးရွာ တောင်ဘက် ၄ မိုင်ခန့်အကွာ ကံကြီးကုန်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်တို့က ဇွန် ၁၂ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ရွာကို စီးနင်းခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က  စက်လှေနှစ်စီးဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း တောချောင်းလေးရွာအနောက်ဘက်ရှိ အမြင့်မြို့ဟောင်းသို့ တက်လာခဲ့ကြောင်း၊ ထို့နောက် တောချောင်းလေးရွာသို့ ဦးတည်ချီတက်လာစဉ် ၆၀ မမ၊ ၄၀ မမ အပါအဝင် လက်နက်များဖြင့် ပစ်ခတ်ကြောင်း ထိုရဲဘော်က ပြောသည်။

တောချောင်းလေးရွာအတွင်း ၎င်းတို့ဝင်ရောက်လာချိန်တွင် အများစု ထွက်ပြေးခဲ့ကြသော်လည်း သက်ကြီးရွယ်အိုများအပါဝင် ရွာသား ၅၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

ထိုသူများကို တစ်နေရာစီခွဲ၍ ချုပ်နှောင်ထားကြောင်း၊ စစ်တပ်နှင့် ပျူများကလည်း နေရာခွဲ စခန်းချခဲ့ပြီး ရွာထဲရှိ ပစ္စည်းများကို နှစ်ရက်ဆက်တိုက် မွှေနှောက်ယူဆောင်ကြောင်း ရဲဘော်ဂျက်ဆိုသူက ပြောသည်။

ယနေ့ နံနက် ၄ နာရီကျော်တွင် ထိုစစ်ကောင်စီစစ်ကြောင်း ရွာမှ ပြန်ထွက်သွားကြသော်လည်း ရွာကို မီးတိုက်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ရှို့တာတော့ တစ်ရွာလုံးနီးပါးကို ရှို့တာဗျ။ သူတို့ရှို့တဲ့အချိန်တုန်းက တောင်လေတိုက်နေတာ။ ရွာတောင်ဘက်ကနေ ရှို့တာ။ မီးလောင်တဲ့အချိန် လေငြိမ်သွားလို့ နည်းနည်းသက်သာတာ။ စောနလေးတင် မီးငြှမ်းနေရတုန်း” ဟု ရဲဘော်ဂျက်က ယနေ့ နေ့လယ်တွင် ပြောသည်။

တောကျောင်းလေးရွာသည် ​ယခင်ကလည်း ၃ ကြိမ် စီးနင်းခံထားရပြီး အိမ်ခြေ ၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက်မီးရှို့မှုအတွင်း အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးသင့်ရုပ်အလောင်း ၆ လောင်းကိုလည်း တွေ့ရပြီး တစ်လောင်းမှာမူ သေဆုံးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (သို့မဟုတ်) ပျူစောထီးဖြစ်နိုင်ကြောင်း ရဲဘော်ဂျက်က ပြောသည်။

“မီးရှို့သတ်ခံရတဲ့သူတွေက ဘယ်သူဘယ်ဝါလည်း ကြည့်မရတော့ဘူး။ တစ်လောင်းကတော့ ကြည့်လို့ရသေးတယ်။ ဒဏ်ရာနဲ့ ပလာစတာတွေ တွေ့တယ်။ ပျူနဲ့ စကစထဲက ဖြစ်ဖို့များတယ်။ မိုင်းဆွဲတုန်းက ထိတဲ့ သူတို့လူကို မီးသင်္ဂြိုဟ်သွားတာ ဖြစ်ဖို့များတယ်” ဟု သူက ဆိုသည်။

တောကျောင်းလေးရွာအတွင်း တပ်စွဲထားစဉ် ရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ခန့်မှန်း ပစ်ခတ်နေသဖြင့် ရွာခံများ ထွက်ပြေးနေရဆဲဖြစ်သည်။

အလားတူ  ဇွန် ၁၂ ရက်က ဖမ်းဆီးခံရသည့် ရွာခံ ၅၀ ထဲမှ တချို့သာ ပြန်လွတ်လာကြောင်း၊ လွတ်လာသူတို့ကလည်း ထပ်မံ ဖမ်းဆီးခံရမည် စိုးသဖြင့် ရွာတွင် မနေကြကြောင်း၊ ထိုအခြေအနေကြောင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုရန် ခက်ခဲနေကြောင်း ချောင်းဦး PDF အဖွဲ့ဝင်က ဆိုသည်။

ယနေ့ နံနက် မီးရှို့စစ်တပ် အပြန်လမ်းတွင် ချောင်းဦး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် တောကျောင်းလေးရွာအရှေ့ဘက် ရှမ်းထူးရွာသို့ ရောက်ရှိနေသည်ဟု သိရသည်။

ချောင်းဦးမြို့ အနောက်ပိုင်းတွင် ကံကြီးကုန်းရွာ၊ ကင်မွန်းတော်ရွာနှင့် ကံစီးရွာတို့မှာ ပျူစောထီးအားကောင်းသည့် ရွာများဖြစ်သည်။

ဇွန် ၇ ရက်ကလည်း ကံကြီးကုန်းမှ ပျူစောထီးများသည် PDF အဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၄ ဦးကို ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့ကြသည်ဟု ချောင်းဦး PDF က ထုတ်ပြန်ထားသည်။

သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ လုယက်မှုများကို စစ်တပ်နှင့် ပျူစောထီးတို့ ကျူးလွန်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အာဏာသိမ်းပြီးနောက် အိမ်မီးရှို့မှုဖြစ်ရပ်များကို လေ့လာ စောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့က စစ်ကောင်စီတပ်လက်ချက်ကြောင့် ဒေသအသီးသီးတွင် နေအိမ် ၁၈,၈၈၆ လုံးထက်မနည်း မီးလောင်ခဲ့သည်ဟု ဇွန် ၇ တွင် ထုတ်ပြန်ထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia