လက်နက်နှင့်တကွ ရဲစခန်းကို စွန့်ခွာလာသည့် မကွေးတိုင်းမှ ရဲတပ်သားက အာဏာဖီဆန်ရေးခရီးစဉ်အတွက် စိုးရိမ်ခဲ့သော်လည်း PDF က ၎င်းကို နွေးထွေးစွာ ကြိုဆိုသည်ဟု ပြောသည်။
By Myanmar Now
ယနေ့ (ဇွန် ၁၃) တွင် မကွေးတိုင်း ရေစကြိုမြို့မှ လက်နက်နှင့်တကွ အာဏာဖီဆန်လာသည့် ရဲတပ်သားတစ်ဦးကို ရွှေနှင့် ကျပ်သိန်း ၂၀၀ ထောက်ပံ့ထားသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောသည်။
CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူ ပခန်းကြီးနယ်မြေရဲစခန်းမှ ၂၃ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက G3 တစ်လက်၊ ကျည်အိမ် ၂ ခု၊ ကျည်အတောင့် ၁၀၀ ယူဆောင်လာသည်ဟု သူက ဆက်ပြောသည်။
“သူတို့က ချိတ်ဆက်နေတာတော့ ကြာပြီ။ အခုမှ ဝင်လာတာက သူတို့မှာ သတင်းမှန်ကန်မှုမရှိတော့ဘူး။ သူတို့တပ်ဖွဲ့ဝင်တွေကို CDM လုပ်ရင် PDF က လက်နက်ယူတယ်။ လူကို ဖမ်းပြီး သတ်ပစ်တာ။ ဘာမှမထောက်ပံ့ဘူးဆိုပြီး ခွေးခေါင်းဆောင် (စခန်းမှူး) က ပြောတယ်တဲ့။ ဒီနေ့မနက်မှ ကျွန်တော့်ကလေးတွေ သွားခေါ်လာတာ” ဟု ဗိုလ်လက်ယာက ပြောသည်။
ရဲတပ်သား ဇင်မင်းသူသည် မြိုင်PDF၏ ကွက်ကဲမှုအောက်ရှိ Young Force (UG) အမည်ရ ကာကွယ်ရေးအဖွဲ့ကို ချိတ်ဆက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရဲနှင့် စစ်သားများ အာဏာဖီဆန်ပြီး ထွက်လာလျှင် လုံခြုံစိတ်ချရသည့် နေရာသို့ ပို့ဆောင်ပေးမည်၊ လက်နက်ယူလာလျှင် ဆုငွေပမာဏ အများအပြားပေးအပ်မည်ဟု ကြေညာထားသည့် PDF တို့၏ အစီအစဉ်မှာ စစ်ကောင်စီတပ်အတွင်း အင်အားနည်းစေသည့်ပြင် PDF တို့ လက်နက်ရနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်နေသည်။
CDM စစ်သား၊ ရဲ ရာထောင်ချီ ရှိလာသော်လည်း စစ်ကောင်စီကမူ လုပ်ငန်းခွင်မှ စွန့်ခွာသူအရေအတွက်မှာ ပြောပလောက်သည့် ပမာဏမဟုတ်ဟု တုံ့ပြန်ထားသည်။
၂၀၁၇ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ဝင်ခဲ့သူ ရဲတပ်သား ဇင်မင်းသူက အာဏာသိမ်းပြီးနောက် ရေစကြိုမြို့နယ် ပခန်းကြီးနယ်မြေရဲစခန်းသို့ ပေါက်မြို့နယ်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရကြောင်း ပြောသည်။
ကျေးရွာများကို စီးနင်းမီးရှို့ရသည့် စစ်ကြောင်းများတွင် လိုက်ပါရခြင်း မရှိကြောင်း၊ ပခန်းကြီးနယ်မြေရဲစခန်း အနောက်ဘက် ၅ မိုင်ကျော်အကွာရှိ ရှင်မတောင်ရဲကင်းစခန်း၌ ဆက်သွယ်ရေးတာဝန်ထမ်းဆောင်ရကြောင်း ရဲတပ်သား ဇင်မင်းသူက ပြောသည်။
ရဲတပ်ဖွဲ့အတွင်း အာဏာဖီဆန်ခြင်း မပြုရသေးသူများထဲတွင် လက်ရှိအခြေအနေမှာ တရားမမျှတကြောင်း သိနားလည်သူ အများအပြားရှိနေသည်ဟု သူက ပြောသည်။
“မတရားဘူးဆိုတာ ကိုယ့်ရှေ့မှာ မျက်မြင်ခဲ့တာတွေလည်း အများကြီးပဲ။ စဉ်းစားတတ်ရင် မတရားဘူးဆိုတာ သိပါတယ်” ဟု သူက ပြောသည်။
ပခန်းကြီးရဲစခန်းတွင် ရှိသည့် ရဲတပ်ဖွဲ့ဝင် ၄၆ ယောက်အနက် PDF ထံ ပူးပေါင်းလိုသူများလည်း ရှိသော်လည်း တပ်ဖွဲ့ဝင်များကြား ပျံ့နှံ့နေသည့် သတင်းအမှားကြောင့် အာဏာဖီဆန်ပြီး စခန်းမှ ထွက်ခွာမည့်အရေးကို တွန့်ဆုတ်နေကြခြင်းဖြစ်သည်ဟု ရဲတပ်သား ဇင်မင်းသူက ဆိုသည်။
“အထဲမှာက CDM ဝင်လိုက်ရင် PDF တွေက လက်နက်ရရင် သတ်ပစ်တယ်လို့ ကြားထားတာကိုး။ အစက ကျွန်တော်က ကြောက်နေတာ။ ဒီနေ့ သူတို့ဆီ ရောက်တော့ နွေးထွေးစွာ ကြိုဆိုကြပါတယ်။ မထင်ထားလောက်အောင်ပဲ” ဟု ရဲတပ်သား ဇင်မင်းသူက ပြောသည်။
ရဲတပ်သား ဇင်မင်းသူသည် မြိုင် PDF ထံ ဆက်သွယ်၍ ခုံလှုံလာသည့် ၇ ယောက်မြောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ တခြားသော ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း PDF ထံ ဆက်သွယ်ပူးပေါင်းကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်လက်ယာက ပြောသည်။
ယခင် ၆ ဦးမှာ ဝါဇီမှ အရာခံအဆင့် စစ်သည်တစ်ဦး၊ ပေါက်မြို့နယ် ရေပြာရဲစခန်းမှ ရဲနှစ်ဦး၊ သက်ရဲမြို့မရဲစခန်းမှ ရဲတပ်သား နှစ်ဦး၊ မြိုင်မြို့နယ်မှ ရဲတပ်သားတစ်ဦးတို့ ဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.