12 June 2022
ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF – Kanpetlet
စစ်ကောင်စီတပ်က အမြောက်ပစ်ကူများအပြင် အင်အား ၁၈၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာရာ လက်နက်အင်အား မမျှသဖြင့် ကန်ပက်လက်မြို့အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ၎င်းတို့စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း CDF-ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။
By Myanmar Now
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် အင်အားရာဂဏန်းရှိ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် လက်လုပ် တူမီးသေနတ်ကို အားကိုးနေရဆဲဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် ဇွန် ၉ ရက်မှစ၍ စစ်တပ်က အင်အားရာဂဏန်းဖြင့် သုံးရက်ဆက်တိုက်ခိုက်ရာ ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းခုခံသော်လည်း လက်နက်အင်အား မမျှသဖြင့် တပ်ရင်းစခန်းတစ်ခု ဆုံးရှုံးခဲ့ရသည်ဟု CDF-ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။
ဇွန် ၉ ရက်တွင် အင်အား ၁၈၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်တစ်ရက်တွင် စစ်တပ်က ကန်ပက်လက်မြို့အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ၎င်းတို့စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း CDF-ကန်ပက်လက်အဖွဲ့ ပြောခွင့်ရ ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။
တိုက်ပွဲအတွင်း မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၄ နှင့် ကျောက်ထုအမြောက်တပ်က လက်နက်ကြီးပစ်ကူခဲ့ကြောင်း၊ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးနောက် Vakok ဆိုသော စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“အဓိကကတော့ လက်နက်အင်အား မမျှတာပဲ၊ သူတို့ဘက်က လက်နက်အင်အားကောင်းပြီးတော့ အလုံးအရင်းနဲ့ ထိုးဖောက်လာတဲ့အတွက်ကြောင့် ဆုတ်ပေးလိုက်ရတဲ့သဘောပါပဲ။ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံးတော့ ရှိတဲ့လက်နက်နဲ့ ပြန်တိုက်တယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။
စစ်တပ်က လက်နက်အပြည့်အစုံဖြင့် တိုက်ခိုက်နိုင်သော်လည်း ၎င်းတို့အနေဖြင့် မောင်းပြန်ရိုင်ဖယ်အနည်းငယ်သာ ပါဝင်ပြီး တူမီးသေနတ်ကို အဓိကထား အသုံးပြုနေရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။
“အခုချိန်အထိ ကျွန်တော်တို့ တူမီးကိုင်နေရဆဲဖြစ်တယ်၊ တူမီးတွေက စခန်းကို ကာကွယ်ဖို့လောက်အထိတော့ ယုံကြည်မှုမပေးနိုင်ဘူး။ ဆိုတော့ လူအင်အားတော့ရှိတယ်၊ လက်နက်အင်အားမရှိတဲ့အခါမှာ ဆုတ်ပေးလိုက်ရတယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။
လက်နက်အင်အား မမျှသော်လည်း ယမန်နေ့အထိ သုံးရက်ဆက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရနိုင်ကြောင်း၊ ၎င်းတို့ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရသည်ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် စခန်းကို သွားရောက်တိုက်ခိုက်ကြောင်း၊ စခန်းအပြင်ထွက်လာသော စစ်သားသုံးဦးကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ပိတ်မိနေသော စစ်သားများကို ကယ်ထုတ်ရန် ကန်ပက်လက်မြို့ပေါ် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းရောက်လာကြောင်းလည်း ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ် စစ်ကူထွက်သွားချိန်တွင် မြို့တွင်းရှိ စစ်သားများကို ပြောက်ကျားနည်းဖြင့် နံနက်တစ်ကြိမ် မွန်းလွဲပိုင်းတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။
“မြို့တွင်းမှာပါ တိုက်ခိုက်ခံရတော့ စစ်ကူပေးမဲ့ စစ်ကောင်စီတပ်က ကတင်းချောင်းရောက်ပြီးခါမှ မြို့ကို ပြန်လှည့်လာရပြီး ၅ နာရီလောက်မှ မြို့ကို ပြန်ရောက်လာတယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း သုံးရက်ဆက်တိုက်ပွဲများဖြစ်စဉ် နှစ်ဖက် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
မြေပြင်သတင်း မရသေးသဖြင့် ယနေ့ (ဇွန် ၁၂) တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း CDF- ကန်ပက်လက် တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲများကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးကာ တောင်ယာတဲများနှင့် တောတွင်းရှိ ကျောက်ဂူများတွင် ပုန်းခိုနေရသည်ဟု ဒေသခံများကို ကူညီပေးနေသော ကန်ပက်လက်မြို့မှ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။
တိုက်ပွဲစတင်သော ဇွန် ၉ ရက်မှစ၍ စမ္မသား၊ စံအိမ်နူး၊ မဆီးတွီ၊ အံပုံ၊ ကျော့တော်၊ ငုံလောင်း၊ ကန်း လောင်း၊ ရလောင်းပန်းနှင့် ချင်းလက်မွန်ရွာတို့မှ ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“မိုးကလည်း ရွာနေတာဆိုတော့လေ၊ ပြေးရမဲ့နေရာကလည်း အဆင်မပြေကြတော့ တောထဲတောင်ထဲနဲ့ တောင်ယာမှာ အိမ်ရှိတဲ့သူက တောင်ယာကို ပြေး၊ တောထဲက ကျောက်ဂူထဲ နေတဲ့သူကနေပေါ့” ဟု ယင်းသင်းအုပ်ဆရာက ပြောသည်။
ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီက တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် အခြားတပ်များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် စာသင်ကျောင်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဆက်လက် တပ်စွဲထားသည်ဟု CDF-ကန်ပက်လက်အဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကန်ပက်လက်မြို့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရဖူးသည်။
ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့်အတူ နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်း၍ ခုခံတိုက်ခိုက်နေသည်။
လက်နက်အင်အားမမျှတသောကြောင့် အထိုင်စခန်းများ မကြာခဏ ဆုံးရှုံးနေရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်နက်များပံ့ပိုးပေးစေလိုကြောင်း၊ ၎င်းတို့အဖွဲ့ကို ဆက်လက် လှူဒါန်းရန်လည်း CDF-ကန်ပက်လက်အဖွဲ့က တောင်းဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က နိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့များကို ပံ့ပိုးမှုများ တိုး၍ လုပ်နေသည်ဟု Myanmar Now ကို ပြောဖူးသော်လည်း ထောက်ပံ့မှုအခြေအနေနှင့် ပတ်သက်၍ တိကျစွာ သိရခြင်းမရှိသေးပေ။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ရွေးကောက်ခံ ပြည်သူ့အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်သတ်ရာ လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ပေါ်ပေါက်နေသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.