ဖက်ဒရယ်ရဲတပ်ဖွဲ့ကို CDM ရဲများ အမာခံထားဖွဲ့မည်

ဖက်ဒရယ်ရဲတပ်ဖွဲ့ကို CDM ရဲများ အမာခံထားဖွဲ့မည်

၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသူများကြားတွင် တွေ့ရသည့် ရဲများ  

အာဏာဖီဆန်ထားသည့်ရဲများကို အခြေခံသည့် ရဲအဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောသည်။

By Myanmar Now

ဖက်ဒရယ်ရဲတပ်ဖွဲ့ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ရဲများကို အမာခံထားကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ဆိုသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၃ ရက်တွင် အတည်ပြုခဲ့ပြီးနောက် စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း NUG ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက Myanmar Now ကို ဇွန် ၈ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ လျှောက်လွှာခေါ်ပြီးတော့ လုပ်တယ်။ CDM ရဲတွေကို အမာခံ အမြုတေထားပြီးတော့ လုပ်မယ်၊ တာဝန်ပြန်လည်ထမ်းဆောင်ချင်တဲ့ရဲတွေက ပြန်လျှောက်လွှာတင်မယ်ဆိုတော့ အကုန်လုံးပါချင်မှလည်း ပါမှာပေါ့” ဟု ဦးကျော်ဇောက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များထဲမှ ရဲအဖြစ် တာဝန်ထမ်းဆောင်လိုသူများကိုလည်း စိစစ်လက်ခံပြီး သင်တန်းပေးသွားမည်ဟု သူက ဆိုသည်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဖွဲ့စည်းခြင်းဖြစ်ကာ NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်တွင် ထားရှိမည်ဖြစ်သည်။

“အခုက စပြီးတော့ ဖွဲ့တဲ့ကာလဖြစ်နေတယ်။ တော်လှန်ရေးကာလဖြစ်နေတယ်။ အခက်အခဲတွေ အများကြီးရှိနေဦးမှာပေါ့။ ဒီဟာကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့နှင့် ပတ်သက်၍  “ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားစီဖွဲ့စည်းရမည်၊ ပြည်နယ်လုံခြုံရေးတပ် ဖွဲ့စည်းခွင့်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်တို့သည် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်” ဟု ထည့်သွင်းရေးဆွဲခဲ့သည်။

“ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်တို့၏ အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်” ဟုလည်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်က ထုတ်ပြန်သည့် ပဋိညာဉ်တွင် ပါရှိသည်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ကို NUG စိုးမိုးသည့် ဒေသများတွင် စတင်အကောင်အထည်ဖော်မည်ဟုလည်း ဦးကျော်ဇောက ဆိုသည်။ လက်ရှိတွင် နိုင်ငံ၏ နယ်နိမိတ်ထက်ဝက်ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားကြောင်း၊ ထိုအထဲမှ ၁၅ ရာခိုင်နှုန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက စိုးမိုးထားကြောင်းလည်း သူက ပြောသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အင်အားရှိတယ် အင်အားကြီးတယ် စိုးမိုးထားနိုင်တဲ့ နယ်မြေတွေပေါ့နော်။ အဲဒီနယ်မြေတွေမှာ ကျွန်တော်တို့တွေ စပြီးတော့ အကောင်အထည်ဖော်ပါမယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ဖွဲ့စည်းပြီး တရားဥပဒေစိုးမိုးရန် ကြိုးစားသည့်နည်းတူ တရားစီရင်ရေးကိုလည်း NUG ၏ တရားရေးဝန်ကြီးဌာနနှင့် လက်တွဲညီညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းသွားမည်ဟုလည်း ဦးကျော်ဇောက ဆိုသည်။

ရဲတပ်ဖွဲ့ဖွဲ့စည်းမည့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကိုလည်း CRPH က ပြီးခဲ့သည့် မေလ ၃ ရက်တွင် အတည်ပြုခဲ့သည်။

NUG ၏ ဖက်ဒရယ်ရဲတပ်ဖွဲ့သည် တစ်ပြည်ထောင်အငွေ့အသက်များ တွေ့ရပြီး ပြည်နယ်များတွင်ရှိသည့် အခြားရဲတပ်ဖွဲ့များနှင့် အသေးစိတ်ထပ်မံဆွေးနွေးရန်လိုအပ်ကြောင်း ကရင်နီပြည်ရဲဌာန (KSP) ပြောရေးဆိုခွင့်ရှိသူ ဦးဘိုဘိုက ပြောသည်။

KSP ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကရင်နီဒေသအတွင်းရှိ CDM ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးပေါ်ပေါက်လာသည့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တစ်ခုဖြစ်သည်။

NUG ၏ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ အခန်း (၄)၊ အပိုဒ် ၆ နှင့် အပိုဒ် ၈ တို့သည် တစ်ပြည်ထောင်ပုံစံမျိုးဖြစ်နေကြောင်း ဦးဘိုဘိုက သုံးသပ်သည်။

“ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်တဲ့ ဖက်ဒရယ်ယူနစ်၊ ဖက်ဒရယ်ပြည်နယ်တွေအနေနဲ့ ကိုယ့်ပြည်နယ်မှာ တာဝန်ထမ်းဆောင်မဲ့ ဝန်ထမ်းတွေကို ကိုယ်တိုင်ရွေးချယ်ခန့်အပ်တာမျိုး ဖြစ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ၎င်းကပြောသည်။

KSP သာမက စစ်ကိုင်းတိုင်းတွင် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့ပြီး NUG လက်အောက်တွင် ထားရှိသည်။

ထို့ပြင် ယော PDF အားကောင်းသည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ကျော၊ ဆော မြို့နယ်တို့ ပါဝင်သည့် ယောဒေသတွင်လည်း ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲဝန်ထမ်းများဖြင့် ယခုနှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းထားသည်။

စစ်ခေါင်းဆောင် စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးနယ်ပယ်အသီးသီးမှ ဝန်ထမ်းတို့က CDM လုပ်ကာ စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသည်။ CDM ဝင်ထားသည့် ရဲဝန်ထမ်း ၂၉၃၇ ဦးရှိရာ အမြင့်ဆုံးရာထူးအဖြစ် ရဲမှူး နှစ်ဦးပါဝင်ပြီး၊ ကျန်တာကတော့ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်သားနဲ့ စာရေးတို့ဖြစ်ကြောင်း NUG က ပြီးခဲ့သည့် ဧပြီလက ကြေညာထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ ခေတ်မီရဲတပ်ဖွဲ့ဖြစ်ရေးအတွက် ဥရောပရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ်တွင် စတင်သင်တန်းပေးခဲ့သည်။ ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှုဖြင့် “မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအကူအညီ” စီမံကိန်းကိုလည်း ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုစီမံကိန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂထံ တိုက်ရိုက်တောင်းဆိုပြီးနောက် အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်သည်။

သို့သော် စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲခြင်း၊ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်း စသည်တို့ ပြုလုပ်လာခဲ့သည်။

ထိုအပြုအမူများသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် အကူအညီပေးခဲ့သည့် ဥရောပသမဂ္ဂနှင့် သင်တန်းပို့ချပေးခဲ့သူ ဗြိတိန်ရဲအရာရှိများအတွက် အရှက်ရစရာဖြစ်လာခဲ့သည်။ ယင်းနောက် ဥရောပသမဂ္ဂ၏ အကူအညီနှင့် သင်တန်းပေးမှုများ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည်။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia