အာဆီယံ The AHA Center နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လက်ထဲသို့သာထိုးထည့်လိုက်မည့် အပေါ် မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁၆) ဖွဲ့များမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချခြင်း

အာဆီယံ The AHA Center နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လက်ထဲသို့သာထိုးထည့်လိုက်မည့် အပေါ် မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁၆) ဖွဲ့များမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချခြင်း

ရက်စွဲ-၂၀၂၂ ခုနှစ် ဇွန် ၁ ရက်

၁။ မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ (၁) ရက် ၂၀၂၁ မတိုင်မီအထိ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ လူအခွင့်အရေးကာကွယ်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီစနစ် ရှင်သန်ရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူသားအရင်းမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းလုပ်ငန်းများစသည့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးရေးလုပ်ငန်းများစွာကို INGO, NGO များအပါအဝင် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြသည်။

၂။ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရခေါင်းဆောင်များကို လက်နက်အားကိုးဖြင့် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတော်၏ အခွင့်အာဏာကို အဓမ္မသိမ်းယူရန် ကြိုးပမ်းမှုအား လက်မခံသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် တစ်နိုင်ငံလုံးနေရာအနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများ အပေါ် ကျည်ဆံအစစ်များသုံးခြင်း၊ စစ်မြေပြင်သုံး ချေမှုန်းရေးလက်နက်များသုံးပြီး အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်မြေပြင်သဖွယ် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်နေလျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးခြင်းမီးရှိခြင်း၊ အဓမ္မယူငင်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်း နှင့် စော်ကားခြင်းအပြင် ညအချိန်အခါများတွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် အကြမ်းဖက်ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေ သည်ကို စိတ်မချမ်းမြေ့စွာ တွေ့မြင်နေရသည်။ မြန်မာအာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊ အဓမ္မရယူခဲ့သည့်အပြင် ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နှိပ်စက်နေသော “ အကြမ်းဖက်အုပ်စု” သာ ဖြစ်ပါသည်။

၃။ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်ထဲသို့သာ အကုန်ထိုးထည့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။ဘေးအန္တရာယ်စီမံခန့်ခွဲရေး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (The ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) နှင့် UNOCHA တို့သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရေး လုပ်ငန်းစဉ်တွင် မြန်မာလူထုကို အမှန်တကယ်ကိုယ်စားပြုသော သက်ဆိုင်ရာ ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၏ သဘောထားအသီးသီးကို ရယူဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

၄။ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့ခံစားနေကြရသည့် လူမှုဒုက္ခများ၏ ပင်မလက်သည်တရားခံဖြစ်သော အကြမ်းဖက်စစ်အုပ်စု၏ လက်ထဲသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအရင်းအမြစ်များကို ထိုးထည့် ပေးလိုက်ခြင်းသည် မြန်မာလူထုအတွက် ပိုမိုဆိုးရွားစွာ ထိခိုက်နစ်နာမှုများကိုသာ ဖြစ်ပွားစေမည်ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ရရှိလာသော အကူအညီ၊ အရင်းအမြစ်များကို လွဲမှားစွာ အသုံးချမည်သာဖြစ်ပြီး အမှန်တကယ် အကူအညီ လိုအပ်လျက်ရှိသော သိန်းပေါင်းများစွာ မြန်မာလူထုထံသို့ လုံးဝ ရောက်ရှိမည်မဟုတ်ပဲ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်နိုင်စေရန် အားပေးရာ ရောက်သည်။

၅။ ထိုအတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက် ဘောဖြစ်စေပြီး မြန်မာလူထုအပေါ် လုံးဝအကျိုးမရှိသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် အာဆီယံနှင့် The AHA Center တို့အနေဖြင့် စစ်အုပ်စုလက်ထဲသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခြင်းကို မန္တလေးအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၁၆) ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်(၁၁၆)ဖွဲ့
ဆက်သွယ်ရန် – [email protected]


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia