ဖားကန့်တွင် အမျိုးသား ၄ ဦး အသတ်ခံရ

ဖားကန့်တွင် အမျိုးသား ၄ ဦး အသတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီး လူလေးဦး သတ်ဖြတ်ခံရသည့် နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့  

သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များ မသိရသေးသော်လည်း မှတ်တမ်းဓာတ်ပုံများအရ လူရွယ်နှင့် သက်လတ်ပိုင်းများဖြစ်ကာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများတွေ့ရသည်။

By Myanmar Now

ကျောက်စိမ်းထွက်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၃၁) နံနက်က အမျိုးသား ၄ ဦး၏ အလောင်းများ တွေ့သည်ဟု လူမှုရေးအသင်းတစ်ခုထံမှ သိရသည်။

ဆွတ်အောင်ကျေးရွာ တံတားငယ်တစ်ခုအနီး တွေ့ရသည့် ထိုအလောင်းများကို ဖားကန့်မြို့နယ်ဆေးရုံသို့ နံနက် ၁၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်ဟု လူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူငယ်တွေချည်းပဲလို့ ပြောလို့မရဘူး၊ လူကြီးလည်း ပါပါတယ်၊ အမျိုးသားတွေချည်းပဲ။ သေနတ်နဲ့ ပစ်သွားတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူတို့မှာ ဒေသခံများဟု ယူဆရသော်လည်း အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူအချို့၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရကာ တစ်ဦးမှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရှိရသည်။

ယမန်နေ့ည ၈ နာရီခန့်က သေနတ်သံအချို့ကြားခဲ့ရသည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အလောင်းများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးသဖြင့် အမျိုးမျိုးမှန်းဆနေကြသော်လည်း ဒေသခံတို့မှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားဆဲဖြစ်သည်ဟု ထိုသူက ပြောသည်။

အမျိုးသား ၄ ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မထုတ်ပြန်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများပေါ်ပေါက်လာခဲ့ပြီး ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲများဖြစ်နေသည်။

မေ ၂၇ တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးခဲ့သည်။

ထိုနေ့တစ်နေ့တည်းတွင် ဖားကန့်မြို့နယ် အောင်စုကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia