30 May 2022
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အရုဏ်ဦးဆိုင်ကယ်သပိတ်ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်းရာ၌ သေဆုံးခဲ့သည့် အသက် ၄၅ နှစ်အရွယ် ကိုကျော်သူရအောင် (ခ) ကိုကျော်ကျော်၏ စျာပနကို ၂၀၂၁ မတ် ၂၉ တွင် ပြုလုပ်ခဲ့စဉ်။
တိမ်းရှောင်နေသူ ဖဒိုမြို့နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက်ဖမ်းဆီးခံရပြီးနောက် ၂ ရက်အကြာတွင် သေဆုံးပြီဖြစ်ကြောင်း စစ်ကောင်စီတပ်က အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
By Myanmar Now
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့တွင် ပရဟိတသမားတစ်ဦးဖြစ်သော ဦးစောသဖွီးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး နှစ်ရက်အကြာတွင် သေဆုံးသွားသည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ညပိုင်း၌ ဖဒိုမြို့ရှိ ၎င်းရောက်ရှိနေသော နေရာသို့ စစ်ကား ၃ စီးဖြင့် လာရောက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုသူက ဆိုသည်။
အသက် ၄၀ ကျော်အရွယ် ဦးစောသဖွီး ခေါ် ဦးဘင်လာဒင်သည် ပရဟိတအလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်ခဲ့အပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေ၍ တိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။
စစ်တပ်ကို သူ့အကြောင်း သတင်းပေးသည့် ဒလန်ရှိသည်ဟု ယူဆရကြောင်း ဖဒိုမြို့ခံနောက်တစ်ဦးက ပြောသည်။
“သူက ရှောင်နေတာ ကြာပြီ။ လွန်ခဲ့တဲ့ရက်ကမှ သူ့မိန်းမ အသည်းအသန်ဖြစ်လို့ တိတ်တိတ်လေးပြန်လာခဲ့တာ၊ ဒလန်တွေရဲ့ သတင်းပေးတာကြောင့်ပဲ အဲဒီည ၁၁ နာရီလောက်မှာ သူ့ကို လာဖမ်းသွားကြတာ။ စစ်အင်အား ကားသုံးစီးနဲ့“ ဟု ပြောသည်။
“စဖမ်းသွားကတည်းက သူ့ကို ခြေတုပ်လက်တုပ် ပါးစပ်ကို ပိတ်ပြီး ကြိုးချည်ပြီး ကားနဲ့ တရွတ်တိုက်ဆွဲခေါ်သွားကြတာ“
ဖဒိုမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဦးစောသဖွီး၏နေအိမ်ကို ယမန်နှစ်ကတည်းက စစ်ကောင်စီက ချိပ်ပိတ်ထားသောကြောင့် နာမကျန်းဖြစ်နေသည့် ဇနီးဖြစ်သူနှင့် မိသားစုဝင်များသည် လယ်တောတစ်ခုရှိ နေအိမ်တစ်အိမ်၌ သွားရောက်နေထိုင်ကြရခြင်း ဖြစ်သည်။
ထိုအိမ်သို့ လာရောက်သည့် ဦးစောသဖွီးကို စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် ထိုလယ်တဲအိမ်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တပ်က ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ သေဆုံးသွားကြောင်းကို ယနေ့ (မေ ၃၀) ၌ စစ်ကောင်စီက မိသားစုထံ အကြောင်းကြားလာသည်ဟု ထိုသူများနှင့် နီးစပ်သည့် မြို့ခံနှစ်ဦးလုံးက ဆိုသည်။
ဦးစောသဖွီး၏ ရုပ်အလောင်းကို ယနေ့ နံနက် ဖဒိုဆေးရုံသို့ လာရောက် ပို့ဆောင်သွားသည်ဟု ကြားသိရသော်လည်း မိသားစုဝင်များက အလောင်းမတွေ့ရှိရသေးကြောင်း ထိုသူများထံမှတစ်ဆင့် သိရသည်။
ဦးစောသဖွီးတွင် သားသမီး လေးဦးရှိခဲ့ကြောင်း၊ စေတနာ့ဝန်ထမ်းစိတ်ရှိကြကြောင်း သူနှင့် ပရဟိတလုပ်ငန်း အတူတူလုပ်ကိုင်သူ မိတ်ဆွေတစ်ဦးက ဆိုသည်။
“သူ့ရဲ့သားအကြီးဆုံးတစ်ယောက်က လမ်းခင်းဖို့ ကူညီလုပ်ကိုင်ရင်းနဲ့ပဲ ကျောက်ကားပိပြီး ဆုံးသွားတာ၊ အဲဒီစိတ်နဲ့ပဲ သူက ပရဟိတအလုပ်တွေကို ပိုပြီးလုပ်လာတာ၊ မြို့အတွက် အတော့်ကို အားထားရတဲ့သူတစ်ယောက်ပါ” ဟု ထိုမိတ်ဆွေက ပြောသည်။
“သွေးကအစ တစ်ခုခုလိုအပ်တယ်ဆို အချိန်မရွေးရောက်လာတဲ့သူ၊ အခုလိုသတင်းကြားရတာ အတော့်ကို စိတ်မကောင်းစရာပဲ။ စစ်တပ်က အဲဒီလောက်ထိ လုပ်ဖို့မလိုပါဘူး”
သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ်မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဖဒိုမြို့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဖခင်ကို အာဏာသိမ်းစစ်တပ် ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးစခန်းတွင် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ပြန်မပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဖဒိုဒေသခံများထံမှ သိရသည်။
ယမန်နှစ် ဇွန်လလယ်တွင် ဖဒိုမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထိုစဉ်က အမှတ် ၅ နှင့် ၁ ရက်ကွက်တို့တွင် ၎င်းတို့အလိုရှိသူကို ဝင်ရောက်ရှာဖွေသော်လည်း နေအိမ်တွင် မရှိ၍ အခြားသူများကို ဖမ်းဆီးသွားခဲ့ကြောင်း၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးလှနှင့် ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရသည်။
တစ်နိုင်ငံလုံးတွင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ယမန်နှစ် မတ် ၂၇ က ဖဒိုမြို့တွင်လည်း ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲစဉ် အမှတ် ၂ ရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် ဦးရေဂင်ဆိုသူ သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့သည်။
ထိုနေ့မှာပင် အနီးအနားမှ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၌လည်း အရုဏ်ဦးဆိုင်ကယ်သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုကျော်သူရအောင် (ခ) ကိုကျော်ကျော် ခြေထောက် ကျည်ထိမှန်ကာ ဆိုင်ကယ်လဲကျခဲ့သည်။
ထို့နောက် ရဲများက ၎င်းကို ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့ကာ ကားပေါ်တင်၍ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအချက်အလက်များအရ အာဏာသိမ်းစစ်တပ်က ပြည်သူ ၁၈၆၆ ဦးကို သတ်ဖြတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးများကမူ ထိုအသင်းက ကိန်းဂဏန်းချဲ့ကားထားခြင်းသာဖြစ်သည်ဟု ယမန်နှစ်က တုံ့ပြန်ခဲ့ဖူးသည်။ ယခု တုံ့ပြန်ခြင်း မရှိတော့ပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.