မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးသူငယ်များ၏ သင်ယူလေ့လာနိုင်ခြင်း လက်လှမ်းမီမှု အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်

27 May 2022

မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးသူငယ်များ၏ သင်ယူလေ့လာနိုင်ခြင်း လက်လှမ်းမီမှု အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်

ရန်ကုန်မြို့၊ ၂၇  ရက် မေလ ၂၀၂၂ ခုနှစ် – မြန်မာနိုင်ငံ၏ ပညာသင်နှစ် စတင်လေ့ရှိသည့် ဇွန်လသို့ ရောက်ရှိခါနီးအချိန်တွင် နိုင်ငံတဝှမ်းရှိ သန်းပေါင်းများစွာသော ကလေးငယ်များနှင့် လူငယ်များသည် မည်သည့်အချိန်တွင် မည်သို့ ဆက်လက်လေ့လာသင်ယူကြရမည်နှင့်ပတ်သက်၍ မရေရာမှုများနှင့် ရင်ဆိုင်နေကြရပါသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်နှင့်လူငယ်ဦးရေ ၁၂ သန်းနီးပါးခန့်၏ လေ့လာသင်ယူမှုမှာ COVID-19 နှင့် လက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြောင့် နှောင့်‌နှေးပြတ်တောက်နေရပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များအားလုံးသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာ့ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပညာသင်ယူခွင့်ရှိပါသည်။

ဤအခွင့်အရေးကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ အရည်အသွေးမီသော လေ့လာသင်ယူမှု ရွေးချယ်စရာများ လက်လှမ်းမီရရှိနိုင်ခွင့်ကို အလျင်အမြန် မြှင့်တင်ရန် လိုအပ်ပါသည်။ လွယ်ကူချောမွေ့စွာ လေ့လာသင်ယူနိုင်ရေးအတွက် ကလေးများ၊ ၎င်းတို့၏မိဘများနှင့် သင်ကြားပေးသူများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးရပါမည်။ သင်ကြားပေးသူတို့တွင် ဆရာ / ဆရာမ များ၊ လုပ်အားပေးစေတနာ့၀န်ထမ်း ဆရာ / ဆရာမ များ၊ သင်ယူလေ့လာမှုဆိုင်ရာ ပံ့ပိုးကူညီသူများနှင့် ပညာရေးတာဝန်ရှိသူများ အားလုံးပါဝင်ပါသည်။ သင်ယူလေ့လာမှု အထောက်အကူပြုပစ္စည်းများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် အတားအဆီးမရှိ ပေးပို့နိုင်ရေးအတွက် တာဝန်ယူရန်လိုအပ်ပါသည်။

ကလေးများအတွက် တိုင်းရင်းသားဘာသာစကားများသုံး စာအုပ်များအပါအဝင် စာအုပ်အမျိုးမျိုး ၊ ဖြည့်စွက်သင်ယူလေ့လာရေး အထောက်အကူပြုများ၊ မရှိမဖြစ်လိုအပ်သော သင်ယူလေ့လာရေးသုံးပစ္စည်းများကို ဖြန့်ဝေပေးခြင်းအပြင် ကလေးများနှင့် ၎င်းတို့၏မိသားစုများအား နောက်ဆက်တွဲပံ့ပိုးမှုများဖြင့် ဖြည့်စွက်သင်ယူလေ့လာရေး အခွင့်အလမ်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ၏ လမ်းညွှန်ချက်ဖြင့် ယူနီဆက်သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပံ့ပိုးပေးလျှက်ရှိပါသည်။

ယူနီဆက်သည် ထိခိုက်အလွယ်ဆုံး ကလေးငယ်များ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဘေးကင်းလုံခြုံသော သင်ယူလေ့လာရေးမှ အကျိုးကျေးဇူးများရရှိကြောင်း သေချာစေရန် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးနှင့် ချိတ်ဆက်လုပ်ဆောင်နေပါသည်။

ယူနီဆက်မြန်မာအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ရန်နှင့် အားပေးမြှင့်တင်ရန်အတွက် ကုလသမဂ္ဂစနစ်အတွင်းမှ လုပ်ဆောင်လျက်ရှိပါသည်။ ယူနီဆက်သည် ၎င်း၏လုပ်ဆောင်မှုအားလုံးတွင် လူသားဆန်ခြင်း၊ ဘက်မလိုက်ခြင်း၊ ကြားနေခြင်းနှင့် အမှီအခိုကင်းခြင်းအပြင် မထိခိုက်စေခြင်းနှင့် အများလက်ခံကျင့်သုံးနိုင်ခြင်းစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို စောင့်ထိန်းလိုက်နာပါသည်။

မီဒီယာ အဆက်အသွယ်

Saw Wai Moe
Communication Officer
UNICEF Myanmar
အီးမေးလ်: [email protected]

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် – https://www.facebook.com/unicefmyanmar

English version.


View the original.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia