20 May 2022
Ma Honey Oo (The University of East Yangon)
အသက် ၂၂ နှစ်အရွယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦး။ (ဓာတ်ပုံ -ပေးပို့)
သေနတ်သမားများက သာကေတမြို့နယ်မှ အထည်ဆိုင်တစ်ခုသို့ ဝင်ပြီး ပစ်ခတ်ရာ ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ သေဆုံးပြီး မိသားစုဝင်တချို့လည်း ထိခိုက်ခဲ့သည်။
By Myanmar Now
ယမန်နေ့ (မေ ၁၉) တွင် ရန်ကုန်၊ သာကေတမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသည့် မိသားစုဝင် ၃ ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသူ သေဆုံးသွားသည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သာကေတမြို့နယ်၊ ၇ ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်ရှိ အထည်ဆိုင်ရှေ့သို့ ကားနှင့် ရောက်လာသည့် လက်နက်ကိုင်နှစ်ဦးက ဆိုင်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အသက် ၂၂ နှစ်အရွယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးသည် နားထင်ကို ၂ ချက် တေ့ပစ်ခတ်ခံရသည်၊ မိခင်နှင့် ၎င်း၏ ဦးလေးတော်စပ်သူ အသက် ၄၀ နှစ်အရွယ် ဦးရဲနိုင်အောင်တို့လည်း ပစ်ခတ်ခံရသည်ဟု လူမှုရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ကားနဲ့ နှစ်ယောက်လာပြီးတော့ အဲဒီထဲကို ဝင်ပစ်သွားတယ်။ ပစ်သွားတဲ့အခါကျတော့ သုံးယောက် ထိသွားတယ်။ အဲဒီလာက်ပဲ သိရတယ်။ အပစ်ခံရတဲ့မိသားစုက NLD လို့ သိရတယ်” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
မဟန်နီဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူရိန်က ပြောသည်။
သေနတ်သမားတစ်ဦးက ဦးလေးဖြစ်သူ ရှိမရှိ ဦးစွာ မေးမြန်းခဲ့ကာ ဦးလေးဖြစ်သူ ထွက်လာချိန်၌ စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မဟန်နီဦးနှင့် မိခင်ကို ပစ်ခတ်ခဲ့ကြောင်း ၎င်းက မျက်မြင်များကို ကိုးကား၍ ပြောသည်။
“ကိုရဲ ရှိတယ်ဆိုပြီး ထွက်လာတဲ့အနေအထားမှာ ကိုရဲကို ပစ်တယ်။ ကိုရဲက ကြောက်အားလန့်အားနဲ့ ထွက်ပြေးတော့ အနီးအနားမှာရှိတဲ့ မဟန်နီဦးကို ပစ်သွားတယ်။ မဟန်နီဦးအပြင် မိခင်ကိုပါ ပစ်သွားတာ” ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရရှိထားသော မိခင်နှင့် ဦးလေးတော်သူ ဦးရဲနိုင်အောင်မှာ စစ်ဆေးရုံသို့ ရောက်ရှိနေသည်ဟု သိရပြီး ဦးလေးဖြစ်သူမှာ သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ယမန်နေ့ညက စစ်ဆေးရုံ၌ သေဆုံးသွားသည်ဟု ကြားသိရကြောင်း ကိုမင်းသူရိန်က ပြောသည်။
ပစ်ခတ်ခံရသူများမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ဦးရဲနိုင်အောင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် တက်တက်ကြွကြွပါဝင်သူတစ်ဦးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လုပ်ကြံသတ်ဖြတ်သည့်နေ့မှာ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံသည့်ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချကာ ပြုလုပ်ခဲ့ကြသည့်နေ့လည်း ဖြစ်သည်။
မဟန်နီဦးနှင့် မိသားစုကို ပစ်ခတ်မှုမှာ “သွေးသောက်” ဟု အမည်ခံကာ သတ်ဖြတ်နေသူတို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများနှင့် ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံက ယူဆနေသည်။
သွေးသောက်အဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆရသည့် လုပ်ကြံသတ်ဖြတ်မှုများမှ ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံသို့ မပို့ဘဲ စစ်ဆေးရုံများကိုသာ ပို့လေ့ရှိကြောင်း ၎င်းက ဆိုသည်။
“သွေးသောက်အဖွဲ့ကလည်း စစ်အုပ်စုပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သည်ဖြစ်စေ မဆန့်ကျင်သည်ဖြစ်စေ ပြည်သူတွေကို ပစ်မှတ်ထားတာပေါ့။ ဒါဟာ မတရားသောကိစ္စတွေဆိုတာ အားလုံးအသိပါပဲ” ဟု ကျောင်းသူတစ်ဦးနှင့် မိသားစုဝင်များ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ၎င်းက မှတ်ချက်ပြုသည်။
သွေးသောက်အဖွဲ့လက်ချက်ဖြစ်နိုင်သည်၊ ဦးရဲနိုင်အောင် သေဆုံးသွားသည် ဟူသော အချက်များကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
သို့သော် သွေးသောက်အဖွဲ့ (YGN) အမည်ဖြင့် ဖွင့်လှစ်ထားသည့် တယ်လီဂရမ်စာမျက်နှာတွင် NLD ပါတီနှင့် ဆက်နွှယ်သူများ၊ စစ်ကောင်စီကို ဆန့်ကျင်နေသည့် သရုပ်ဆောင်အချို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသည်။
သွေးသောက်အဖွဲ့ (MDY) ကလည်း NLD ပါတီဝင်နှင့် ထောက်ခံသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်နွှယ်သူများကို လုပ်ကြံသတ်ဖြတ်သွားမည်ဟု ဧပြီ ၂၁ တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ က ရန်ကုန်တွင် သရုပ်ဆောင်ဟိန်းထက်၏ အဘိုးတော်စပ်သူ ၇၄ နှစ်အရွယ် ဦးတင်ဝင်းကို သေနတ်သမားများက ၈ ချက်ပစ်ခတ်ကာ သတ်ဖြတ်သွားခဲ့သည်။
သွေးသောက်အဖွဲ့နောက်ကွယ်တွင် စစ်တပ်ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသော်လည်း စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးကမူ စစ်တပ်က ပြည်သူ့စစ်အဖွဲ့များကိုသာ တရားဝင်ဖွဲ့စည်းပြီး အခြားဖွဲ့စည်းမှု မရှိကြောင်း ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.