အသက် ၅၆ နှစ်အရွယ် ဦးစိုးမိုးနိုင် ခေါ် ဦးဒိန်းဒေါင် (မျက်မှန်တပ်ထားသူ)ကို ၂၀၁၈ မေလအတွင်း က တရားရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့)
စစ်ကောင်စီတရားရေးကို သပိတ်မှောက်ကာ ရှေ့နေ မငှားဘဲ အမှုရင်ဆိုင်သူ ၅၆ နှစ်အရွယ် ဦးဒိန်းဒေါင်သည် အမှု ၂ ခု အတွက် ထောင် ၁၃ နှစ် ချခံထားရသည်။
By Myanmar Now
မေ ၁၆ ရက်နေ့တွင် မန္တလေးခရိုင်တရားရုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကို အကြမ်းဖက်ပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ တရားစီရင်မှုကို သပိတ်မှောက်သည့်အနေဖြင့် ရှေ့နေမငှားဘဲ အမှုရင်ဆိုင်ခဲ့သည့် အသက် ၅၆ နှစ် အရွယ် ဦးစိုးမိုးနိုင် ခေါ် ဦးဒိန်းဒေါင်သည် မကြာသေးမီကလည်း ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ချခံရပြီးဖြစ်သည်ဟု မန္တလေးရှေ့နေတစ်ဦးက ဆိုသည်။
“၅၀၅ အတွက် အရင်လပိုင်းက ၃ နှစ် ချထားတာ။ အခုက အကြမ်းဖက်ပုဒ်မအတွက် ၁၀ နှစ် ချလိုက်တာ။ စုစုပေါင်း ၁၃ နှစ် ကျခံရမှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးရှေ့နေက ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်၊ စစ်တပ်ကို အမြဲဆန့်ကျင်ခဲ့သူလည်းဖြစ်သော ဦးဒိန်းဒေါင် စွဲချက်တင်ခံခဲ့ရသည့် အကြောင်းကို ရှေ့နေများပင် တိတိကျကျ မသိရှိရကြောင်း ထိုမန္တလေးရှေ့နေက ဆက်ပြောသည်။
“သူက တရားရေးကို အယုံအကြည်မရှိဘူးဆိုပြီး သပိတ်မှောက်ထားတာ။ ဘယ်ရှေ့နေမှလည်းမငှားတော့ ဘယ်ပုဒ်မအတွက် ချမှန်းကို အသေးစိတ်မသိရဘူးဖြစ်နေတာ”ဟု ဆိုသည်။
စွဲချက်တင်ထောင်ချရာတွင် စစ်ကောင်စီအသုံးပြုခဲ့သည့် ပုဒ်မသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ဖြစ်ဖွယ်ရှိပြီး အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှသည် အမြင့်ဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ က ၎င်းတိမ်းရှောင်နေသည့် သူ့ကို ပြင်ဦးလွင်အတက်လမ်းအနီး ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာနေအိမ်တွင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရ သည်ကို ဒီဇင်ဘာ ၂၀ မှသာ သိရှိရကြောင်း သူ့မိသားစုနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ဒီဇင်ဘာလကုန်ပိုင်းမှာမှ မိသားစုကို ထောင်တွင်းကနေ ဆက်သွယ်လာတာ။ စာပို့လာတာ။ အဲဒီကျမှ အဖမ်းခံရကြောင်း သိကြရတာ။ ဖမ်းဆီးစဉ်က အခြေအနေတွေလည်းဘာမှမသိရဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။
“အဲဒီတုန်းက စာထဲမှာ အိုးဘိုအကျဉ်းထောင် အချုပ်ဆောင်(၄)၊ အခန်း(၁)မှာ ရောက်နေတယ်၊ ၅၀၅ အတွက် ပုသိမ်ကြီးတရားရုံးမှာ ရင်ဆိုင်နေတယ်၊ ဘာရှေ့နေမှလည်း မငှားနဲ့၊ တရားရုံးကို သပိတ်မှောက်ထားတယ်ဆိုပြီး ဆက်သွယ်လာတာ” ဟု ၎င်းက ဆက်ပြောသည်။
ဦးဒိန်းဒေါင်တွင် မည်သည့်ရောဂါမျှ မရှိသော်လည်း အသက်အရွယ်အရ ထောင်အတွင်း၌ အဆင်ပြေမည် မဟုတ်၍ ၎င်း၏ကျန်းမာရေးကို စိတ်ပူနေကြသည်ဟု ၎င်းက ပြောသည်။
၈ လေးလုံး အရေးတော်ပုံကြီးပေါ်ပေါက်ကတည်းက နိုင်ငံရေးစတင်လှုပ်ရှားခဲ့သူ ဦးဒိန်းဒေါင်သည် ၂၀၁၇ ခုနှစ်တွင် သာယာဝတီပညာရေးသပိတ်မှာ ပါဝင်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ပြန်လွတ်လာပြီးနောက် ၂၀၁၈ မေလတွင် မန္တလေးကျုံးဘေး စည်ပင်ရုံးရှေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးစာရွက်များ ကြဲချမှုဖြင့် ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
မန္တလေးမြို့တွင် စစ်တပ်နှင့်တောင်သူ မြေယာအငြင်းပွားမှုများ၊ ပုသိမ် ကြီးမြို့နယ် အောင်သပြေကျေးရွာ ALPHA ဘိလပ်မြေကုမ္ပဏီ အမှုတို့တွင် လယ်သိမ်းခံ တောင်သူများဘက်မှ အစဉ်တစိုက် လိုက်ပါဝန်းရံတတ်သည့် ဦးဒိန်းဒေါင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသားတစ်ဦးက ဆိုသည်။
“နိုင်ငံရေးမှာ အတော်ရိုးဖြောင့်တဲ့သူဗျ။ အဖိနှိပ်ခံလူထုနဲ့ကျောင်းသားထုဖက်က အမြဲရပ်တည်ခဲ့တယ်။ ဥပမာပြောရရင် အောင်သပြေကျေးရွာက ဖိနှိပ်ခံလူထုရုံးချိန်းတွေ၊ ကျွန်တော်တို့ ဗကသကျောင်းသားတွေ ရုံးချိန်းတွေမှာဆို အမြဲဝန်းရံရပ်တည်ခဲ့တယ်” ဟု သူက ပြောသည်။
“အသက်အရွယ်က ကြီးမြင့်ပြီဆိုပေမယ့်လည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့တော့ အခုထိ အမြဲရဲရင့်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူပါပဲ”
ဦးဒိန်းဒေါင် ဖမ်းဆီးထောင်ချခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို မေးမြန်းရန် Myanmar Now က စစ်ကောင်စီထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေရာ စစ်ကောင်စီလက်ထဲတွင် မတရားချုပ်နှောင်ခံထားရသူ ၁၀၆၆၁ ဦး ထက်မနည်း ထိန်းသိမ်းခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ သိရသည်။
၎င်းတို့အနက်မှ ၁၀၆၉ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ မေ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.