15 May 2022
PDF ရဲဘော်နှင့် သတို့သမီးတို့ လက်မှတ်ရေးထိုးနေသည်ကို ဧပြီ ၂၇ က တွေ့ရစဉ်။
မကွေးတိုင်းမှ ဆန္ဒပြလူငယ်တစ်ဦး လက်နက်ကိုင်တော်လှန်ရေးထဲသို့ မဖြစ်မနေ ကူးပြောင်းပြီးချိန်တွင် သူနှင့် ရဲရဲဝံ့ဝံ့လက်တွဲမည့် ဖူးစာရှင်ကိုလည်း တွေ့ဆုံနိုင်ခဲ့သည်။
By Myanmar Now
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တောတွင်းတစ်နေရာ၌ လက်ထပ်မင်္ဂလာပွဲတစ်ခုကို မဏ္ဍပ်ထိုး ကျင်းပနေသည်။
ပြောက်ကျားယူနီဖောင်းဝတ်ဆင်ထားပြီး ပီတိဖြစ်နေသော သတို့သားဘေးရှိ အသားညိုညို၊ ချစ်စဖွယ် မျက်နှာပိုင်ရှင် သတို့သမီးတွင်လည်း အပြုံးတွေ ဝေဆာနေသည်။
ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ၂၆ နှစ်အရွယ် ထိုရဲဘော် နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး၏ မင်္ဂလာပွဲကို ဧပြီလကုန်ပိုင်းတွင် အသိမိတ်ဆွေများထဲမှ တချို့နှင့် လုပ်ဖော်ကိုင်ဖက်တချို့ တက်ရောက် အားပေးကြသည်။
ထမင်း၊ ဟင်းနှင့် ဧည့်ခံကျွေးမွေးသည့် လက်ထပ်ပွဲကို အများစုက လက်နက် မကိုင်ဆောင်၊ အရပ်ဝတ်နှင့် လာရောက်ကြသည်၊ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရှေ့မှောက်တွင် လက်မှတ်ထိုးပြီး သတို့သမီး မိဘများကပါ သဘောတူကြည်ဖြူသည့် မင်္ဂလာပွဲလည်းဖြစ်သည်ဟု PPDF ဗဟိုကော်မတီဝင် ကိုရေချမ်းက ပြောသည်။
စစ်ကောင်စီက လက်နက်ကိုင်ခုခံသော PDF တို့နှင့် ဆက်စပ်သူဟု သံသယဖြစ်လျှင် ပစ်ခတ်သတ်ဖြတ်နေချိန်ဖြစ်သောကြောင့် PDF တစ်ဦးကို လက်ထပ်ရဲသည့် ထိုအမျိုးသမီးငယ်၏ သတ္တိကို ချီးကျူးဂုဏ်ပြုကြောင်း သူက ဆိုသည်။
စည်းရုံးရေးကောင်းသည့် ရဲဘော်
သတို့သား အမည်မှာ အီလဲဗင်း (Eleven) ဖြစ်သည်။ PPDF ၏ ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်သော ထိုရဲဘော်က ကျေးရွာများကို နယ်မြေစိုးမိုးနိုင်ရေးအတွက် စည်းရုံးရေးသွားရောက်စဉ် ထိုအမျိုးသမီးငယ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
“ဖြစ်ပုံက အဲဒီမှာ စတွေ့တာပေါ့နော်။ ကျွန်တော် နယ်မြေစိုးမိုးရေးဆင်းတဲ့နေရာတစ်ခုမှာ အဲဒီကောင်မလေးနဲ့ စတွေ့တာ၊ အဲဒီလိုမျိုး။ သူတို့မိသားစုကရော သူတို့ရပ်ရွာကပါ ကျွန်တော်တို့အပေါ် လှိုက်လှိုက်လှဲလှဲရှိပြီးတော့ တကယ့်ကို တော်လှန်ရေးမှာပါဝင်ကြတဲ့ လူမျိုးတွေဖြစ်တယ်ဗျ” ဟု အီလဲဗင်းက ဆိုသည်။
အချိန်ကာလတစ်ခု ကြာမြင့်လာသည်တွင် နှစ်ဦးဘဝ တည်ထောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု သူက ပြောသည်။
“ကျွန်တော်က တော်လှန်ရေးသည် အသက် မဆုံးမချင်း တိုက်သွားမယ်လို့ ရည်ရွယ်ထားတာဖြစ်တဲ့ အတွက်ကြောင့် သူ့ကို ပြောတယ် … ဒီတော်လှန်ရေးမှာ ဒီလိုမျိုး လက်ထပ်နိုင်မယ်ဆိုရင် လက်ထပ်မယ်ပေါ့။ လက်ထပ်ပြီးလည်း ကျွန်တော်က တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားမယ်ပေါ့။ မင်းလည်း ပါဝင်နိုင်ရဲ့လားလို့ မေးတဲ့အခါမှာ သူလည်း စိတ်တူကိုယ်တူ ရှိတဲ့အတွက် ကျွန်တော်တို့ နှစ်ဦး သဘောတူ လက်ထပ်ဖြစ်ခဲ့တာပေါ့” ဟု သူက ဆိုသည်။
ကံကောင်းချင်တော့ တောထဲနေနေတုန်း ရေတွင်းလေးတစ်တွင်းကို တွေ့တယ်ပေါ့။ ၃ ရက်လောက် ဘာမှ မစားမသောက်ဘဲနဲ့ တောထဲကလည်း မထွက်ရဲတာနဲ့ ရေတွင်းမှာ ရေလေးသောက်ပြီးတော့ သုံးညလောက် ခက်ခဲဖြတ်သန်းခဲ့ရတာပေါ့
နယ်မြေစည်းရုံးရေးသွားသည့် ရဲဘော်သည် ဘဝကြင်ဖော်၏ မိဘများ သဘောတူလက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သမီးဖြစ်သူကို ကိုယ့်အသက်ပင် မပိုင်သော ပြည်သူ့ရဲဘော် အီလဲဗင်းနှင့် လက်ထပ်ရန် မိဘများကလည်း ခွင့်ပြုပေးခဲ့သည်။
“သူတို့မိဘတွေကိုလည်း ကျွန်တော်ခွင့်ပန်ပြီးတော့ သူတို့မိဘ ခွင့်ပြုချက်ရမှ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ အဲလိုမျိုးနဲ့ မင်္ဂလာပွဲလေး လုပ်ဖြစ်သွားတာပေါ့။ ရပ်ရွာကာကွယ်ရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် လုပ်ကိုင်သူတွေ ဖိတ်ကြားပြီးတော့ ကျင်းပဖြစ်ခဲ့တာဗျ” ဟု သူက ပြောပြသည်။
ပခုက္ကူမြို့ပေါ်မှ တော်လှန်မှု
၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးအနှံ့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြစဉ် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် နောက်တစ်လတွင် လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်ခဲ့သည်။
ပခုက္ကူမြို့တွင်လည်း မတ်လ ၂၇ တစ်ရက်တည်း အရပ်သား ၃ ဦး သေဆုံးခဲ့သည်၊ ထိုကာလမှာပင် စစ်တပ်က ပခုက္ကူနယ်သား ဆန္ဒပြသူ အီလဲဗင်းကို နေအိမ်အထိ သွားရောက် ဖမ်းဆီးခဲ့သေးသည်။
သူလည်း တော်လှန်ရေးဆက်လုပ်နိုင်ရန်အတွက် တောထဲသို့ ထွက်ပြေးခဲ့ရသည်။
“ထွက်ပြေးတာ သိသွားတဲ့အချိန်မှာပဲ မြို့ကိုပိတ်လိုက်ပြီးတော့ စစ်ဆေးပြီး ဖမ်းတယ်ပေါ့။ အဲဒီကြားကနေ အကူအညီတချို့နဲ့ ထွက်ပြေးလာပြီးတော့ ဘယ်လို နေလို့နေရမှန်း၊ ဘယ်လိုစားရမလဲမသိဘူး။ လက်ထဲမှာ ပိုက်ဆံလေးမှ ၈၀၀၀ ပဲ ပါလာခဲ့တယ်” ဟု ရဲဘော် အီလဲဗင်းက ပြောပြသည်။
စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသဖြင့် တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ သူက ပြောသည်။
ဒီကောင်တွေလက်ထဲ ဘယ်လိုမျိုးနဲ့မှ ငါတို့ အသေမခံနိုင်ဘူး။ ဒီကောင်တွေကို ငါတို့ရအောင် တော်လှန်ပစ်မယ်ဆိုပြီး ပိုပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာစေတယ်
“ကံကောင်းချင်တော့ တောထဲနေနေတုန်း ရေတွင်းလေး တစ်တွင်းကို တွေ့တယ်ပေါ့။ ၃ ရက်လောက် ဘာမှ မစားမသောက်ဘဲနဲ့ တောထဲကလည်း မထွက်ရဲတာနဲ့ ရေတွင်းမှာ ရေလေးသောက်ပြီးတော့ သုံးညလောက် ခက်ခဲဖြတ်သန်းခဲ့ရတာပေါ့” ဟု သူက ပြောသည်။
“တိုက်ပွဲအတွေ့အကြုံထက်ကို ခက်ခက်ခဲခဲနဲ့ ပထမဦးဆုံး ဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ရေကလေးသောက်ပြီး အသက်ရှင်ခဲ့ရတယ်။ ဒီကောင်တွေလက်ထဲ ဘယ်လိုမျိုးနဲ့မှ ငါတို့ အသေမခံနိုင်ဘူး။ ဒီကောင်တွေကို ငါတို့ရအောင် တော်လှန်ပစ်မယ်ဆိုပြီး ပိုပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာစေတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်ချက်နှင့် လှုပ်ရှားနေသည့် အီလဲဗင်းတို့၏ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကို ပြီးခဲ့သည့်နှစ် မေ ၁၂ တွင် မြို့နယ်အတွင်းရှိ တော်လှန်ရေး တက်ကြွလှုပ်ရှားသူလူငယ်များနှင့် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။
သာမန်လူငယ်များသာဖြစ်ကြသော အီလဲဗင်းကဲ့သို့ တော်လှန်ရေးရဲဘော်များအတွက် ပါရမီဖြည့်မည့်သူ၊ အတူတော်လှန်မည့်သူများလည်း ရှိခဲ့ကြသည်။
အထူးသဖြင့် ချင်းဒေသတွင် ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးခဲ့သည့် ချင်းတော်လှန်ရေးသမားများ၏ လက်ထပ်ပွဲများ၊ ကရင်နီ (ကယား) ဒေသတွင် တော်လှန်မှုများကြားမှ ထိမ်းမြားခဲ့ကြသည့် တော်လှန်သည့် စုံတွဲများလည်း ထွက်ပေါ်လာခဲ့သည်။
သားသမီး၊ မိဘ၊ ညီအစ်အစ်ကိုမောင်နှ၊ အိုးအိမ် ဆုံးရှုံးမှုများနှင့် တစ်ပြည်လုံး စစ်မီးတောက်နေသည့် ဖုန်းဆိုးမြေမှ မေတ္တာတရားများ ပွင့်လန်းလာသည်ဟု ဆိုရမလိုလိုပင်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.