Report 186 Views

မှောင်ကြားက အင်တာနက်၊ အန္တရာယ်ကြားက လူ့အသက်

May 13th, 2022  •  Author:   Athan - Freedom of Expression Activist Organization  •  1 minute read
Featured image

အင်တာနက်ဖြတ်တောက်ခြင်းဆိုင်ရာ သုတေသန လေ့လာချက်

အခန်း (၁) နိဒါန်း

အင်တာနက်သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးတို့ကို မြှင့်တင်ရာတွင် ဆက်သွယ်မှု ကြားခံကိရိယာတစ်ခုအဖြစ် လွန်စွာမှ အရေးပါသည်။ နေ့စဥ်လူနေမှုဘဝတွင် အင်တာနက်သည် မရှိမဖြစ် ဖြစ်လာပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ ပညာရေး၊ ကျန်းမာရေးမှစကာ နိုင်ငံသားတစ်ဦး၏ နိုင်ငံ့အရေးများတွင် ပါဝင်နိုင်လာသည်အထိ ပြောဆိုခြင်း၊ ရေးသားခြင်း၊ သတင်းအချက်အလက်ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းဆောင်တာများတွင် မရှိမဖြစ် ဖြစ်သည်။ ကမ္ဘာနှင့်အဝန်းတွင်လည်း အင်တာနက် ရရှိခြင်းသည် အခြေခံကျသော လူ့အခွင့်အရေး (ရပိုင်ခွင့်) တစ်ခုဖြစ်လာသည်။ သို့သော် လည်း အာဏာရှင်နိုင်ငံများနှင့် အာဏာရှင်ဆန်သော နိုင်ငံ့ခေါင်းဆောင်များသည် လူထု ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရန်၊ ဖိနှိပ်ရန် အင်တာနက်ကို လက်နက်သဖွယ် အသုံးချလာကြသည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်အဆက်ဆက် အုပ်ချုပ်ခံခဲ့ရသောနိုင်ငံတွင် အင်တာနက်သည် လူထုကို ဖိနှိပ်ရန်၊ အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ရန်အတွက် ဖြတ်တောက်ခံရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခံရမှုကို ပြန်ကြည့်လျှင် အချိန်ကာလ (၃) ခုကို အဓိကတွေ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၈ရက်နေ့ ရွှေဝါရောင် အရေးအခင်းကာလအတွင်း ဖြစ်ပွားခဲ့သော အင်တာနက်ဖြတ်တောက်ခြင်းသည် မြန်မာနိုင်ငံတွင် အင်တာနက်အခွင့်အရေး အစောဆုံးချိုးဖောက်ခံရခြင်းဖြစ်သည်။ 

ဇန်နဝါရီလ၊ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဆိုရှယ်မီဒီယာအသုံးပြုသူ (၂၉) သန်း ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဆိုရှယ်မီဒီယာအသုံးပြုသူ (၉) သန်းဝန်းကျင်နီးပါး လျော့ကျခဲ့ပြီး နိုင်ငံအတွင်း ဆိုရှယ်မီဒီယာအသုံးပြုသူ သန်း(၂၀) ကျော်မျှသာရှိကြောင်း သိရှိရသည်။

(၁.၁) ၂၀၀၇ အင်တာနက် ဖြတ်တောက်မှု

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ဝန်းကျင်တွင် စတင်ခဲ့ပြီး ထိုအချိန်ကာလတွင် မြန်မာပြည်လူဦးရေ ၏ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ခဲ့သည်။ သို့သော် ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်တပ်၏ ဆန္ဒပြလူထုအပေါ် ဖိနှိပ်ဖြိုခွဲမှုဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးနိုင်ခဲ့ပြီး ကမ္ဘာ့မီဒီယာကြီးများသို့ ပေးပို့နိုင်ခဲ့သည်။ ထိုအချိန်က သတင်းဓာတ်ပုံနှင့် ဗီဒီယိုများအား အင်တာနက်ကဖေးဆိုင်များမှတဆင့် အများဆုံး ပေးပို့ခဲ့ကြရသည်။ ထို့သို့ အင်တာနက်သုံး၍ သတင်းဓာတ်ပုံများ ပေးပို့နေမှုကို တားဆီးရန် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်အား စစ်တပ်မှ ဝင်ရောက်စီးနင်းခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး၏ အဓိက တောင်းဆိုချက်များမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေးတို့ဖြစ်သည်။၃

(၁.၂) ၂၀၁၉ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အင်တာနက်ဖြတ်တောက်ခြင်း

ဒီမိုကရေစီအမည်ခံအစိုးရဖြစ်သည့် NLD အစိုးရလက်ထက်မှာပင် မြန်မာပြည်၏ ၁.၄ သန်းဝန်းကျင်ရှိသော လူဦးရေသည် အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအား တွေ့ကြုံခံစားခဲ့ရသည်။ ၂၀၁၉ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်ရှိ (၈)မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။ ထိုနေရာများကို သတင်းအမှောင်ချရန် ၁ နှစ်ကျော်ကြာ အင်တာနက်ပိတ်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လတွင် 2G အင်တာနက်သာ ပြန်ဖွင့်ပေးခဲ့သည်။ ထိုသို့ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် သတင်းအချက်အလက် လက်လှမ်းမှီမှု၊ ရရှိမှုနှင့် ဖြန့်ဝေမှုတွင် အဓိက နစ်နာဆုံးရှုံးမှုများရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ရရှိခြင်းမရှိခဲ့ဘဲ အရေးပေါ် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များတွင် နှောင့်နှေးခြင်းများ၊ သတင်းမှန်မရရှိသည့်အတွက်လည်း ကြိုတင်ကာကွယ်နိုင်မှုများအားနည်းကာ ကိုဗစ်ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့ကြရသည်။ အင်တာနက်ဖြတ်တောက်ခံထားရခြင်းကြောင့် ဒေသခံပြည်သူများ၏ နေ့စဥ် လူမှုစီးပွားဘဝတွင် အခက်အခဲများစွာရှိပြီး ပညာရပ်ပိုင်းဆိုင်ရာလေ့လာသင်ယူမှုတွင်လည်း များစွာထိခိုက်ခဲ့ရသည်.7

(၁.၃)အင်တာနက်ဖြတ်တောက်ခြင်းဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ

ပြည်သူများ အင်တာနက်သုံးစွဲခွင့်ကို အစိုးရက ဟန့်တားရန် အင်တာနက်ဝန်ဆောင်မှုများကို နှောင့်ယှက်စဉ် အင်တာနက်လိုင်း ပြတ်တောက်လေ့ရှိ၏။ အင်တာနက်လိုင်း လုံးဝ ဖြတ်ပစ်ခြင်း၌ ပြည်သူဦးရေ အတော်များများ ‘ကို အင်တာနက်အသုံးပြုခွင့် ဆုံးရှုံးသွားစေသည့် လျှပ်စစ်မီးဖြတ်တောက်ခြင်းလည်း ပါဝင်၏။ အခြားနည်း ပရိယာယ်များအနက် နည်းပညာပိုင်းအရ အင်တာနက်လိုင်းကို တစ်စိတ်တစ်ပိုင်းမျှသာ ပိတ်ထားသော်လည်း အင်တာနက်အသုံးပြုခွင့်ကိုမူ သိသိသာသာ ဖြတ်တောက်ပစ်နိုင်သော နည်းလည်း ပါဝင်၏။ ဥပမာအားဖြင့်- အစိုးရက အင်တာနက်ဝန် ဆောင်မှုလုပ်ငန်းတစ်ခုအား ဝဘ်ဆိုက်အများစုကို ဖွင့်မရလောက်အောင် ချိတ်ဆက်မှု နှေးကွေးစေရန် အမိန့်ပေးနိုင်၏။ သို့မဟုတ် မိုဘိုင်းဖုန်းဒေတာဝန်ဆောင်မှုလုပ်ငန်းများကို ရပ်တန့်စေသော နည်းဖြင့်လည်း ဖုန်းလိုင်းများမှတစ်ဆင့်သာ အသုံးပြုနိုင်သူများအတွက် အင်တာနက်လိုင်းများကို ထိထိရောက်ရောက် ပိတ်ဆို့ထားနိုင်၏။

အစိုးရများသည် သီးခြားဝဘ်ဆိုဒ်များသို့ ဝင်ရောက်ခွင့်ကို သတ်သတ်မှတ်မှတ် ပိတ်ဆို့လိုက်ခြင်းကဲ့သို့သော အခြားနည်းလမ်းများဖြင့်လည်း အင်တာနက်ကို အနှောင့်အယှက်ပေးနိုင်၏။ ၎င်းတို့ မနှစ်သက်သော ဆိုက်များကို “အမည်ပျက်စာရင်း”အတွင်း အများအပြား ထည့် သွင်းလိုက်ခြင်း သို့မဟုတ် ဆိုရှယ် မီဒီယာကဲ့သို့သော လူ ကြိုက်များသည့် ဆိုက်များကို ပိတ်ပစ်လိုက်ခြင်းစသည့် အစိုးရပိတ်ပင်မှုများ အရှိန်အဟုန်ပြင်းလာသောအခါ ယင်းတို့ ၏ အကျိုးသက်ရောက်မှုမှာ အင်တာနက်လိုင်း လုံးဝ ဖြတ်ပစ်လိုက်ခြင်းနှင့် တန်းတူပင် ဆိုးရွားလေ၏။ လက်တွေ့အားဖြင့် အစိုးရများသည် အင်တာနက်အသုံးပြုခွင့် ကို ကန့်သတ်ရန် နည်းဗျူဟာမျိုးစုံကို ရောနှော အသုံးပြုလေ့ရှိပြီး၊ လျှပ်စစ်မီး လုံးဝဖြတ်တောက်ခြင်းကိုလည်း အခြားကန့်သတ်ချက်များနှင့်အတူ ပြောင်းသုံး လေ့ရှိ၏။၈

နည်းပညာဆိုင်ရာ ကိရိယာ သို့မဟုတ် နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ လူပုဂ္ဂိုလ်များ အင်တာနက်သို့ဝင်ရောက် ခြင်းအား သိသိသာသာတားဆီးသော ဝင်ရောက် စွက်ဖက်မှုမှန်သမျှသည် နိုင်ငံ တကာလူ့အခွင့် အရေးဥပဒေအောက်တွင် အလားတူ စိုးရိမ်မှုများ မြင့်တက်စေသည်။ လူ့အခွင့်အရေးဥပဒေအရ အကာအကွယ်ပေးထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွင် သတင်းရယူပိုင်ခွင့်လည်း ပါဝင်သည်။ ယင်း၌ မျက်မှောက်ခေတ် လက်ရှိလူ့အဖွဲ့ အစည်းအတွင်း သတင်းရယူခြင်းနှင့် မျှဝေခြင်းတို့အတွက် မရှိမဖြစ်လို အပ်သော အင်တာနက်ကို အသုံးပြုခွင့်လည်း အကျုံးဝင်လေ၏။.9

အစိုးရများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကန့်သတ်နိုင်သော်လည်း အချက် ၃ ချက်ပါ စစ်ဆေးချက်အား အတိအကျ လိုက်နာရန် လိုအပ်၏။၁၀ ဤစမ်းဆေးမှုအရ, လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အပေါ် မည်သည့် ကန့်သတ်ချက်မျိုးမဆို-

  1. (၁) ဥပဒေနှင့်အညီ ဖြစ်စေရမည်။
  2. (၂) နိုင်ငံတော်လုံခြုံရေး, ပြည်သူ့လုံခြုံရေး, ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားများ, သို့မဟုတ် အခွင့်အရေးများ သို့မဟုတ် အခြားသူများ၏ ဂုဏ်သတင်းများကို ကာကွယ်ရန်အတွက် သာ ဖြစ်စေရမည်။
  3. ထိုအကျိုးစီးပွားများထဲမှ တစ်ခုကို ကာကွယ်ရန်နှင့် ပကတိအခြေအနေနှင့် အချိုးညီသော ကန့်သတ် မှုဖြင့်သာ တုံ့ပြန်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ ကာကွယ်ရမည့် အကျိုးစီးပွားသည်, ဥပမာအား ဖြင့်, နိုင်ငံတော်လုံခြုံရေးဖြစ်နေစေကာမူအစိုးရသည် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ကန့် သတ်ရသည်ဟု ယေဘုယျသဘော ကိုးကားပြောဆိုခြင်းမပြုအပ်။ ယင်းအစား ကန့်သတ်ချက်ကို ပကတိအခြေ အနေနှင့် အံဝင်ခွင်ကျဖြစ်အောင်သာ စီမံသင့်၏။ အမျိုးသားလုံခြုံရေးအကျိုးစီးပွား သက်သက်ကို ကာကွယ်ရန် လိုအပ်သည့်အတိုင်းအတာအထိ ရောက်မှသာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်သင့်သည်။11

အင်တာနက်ဖြတ်တောက်ခြင်းသည် ဤစံနှုန်းများနှင့် မည်သည့်အခါမျှ ကိုက်ညီမည် မဟုတ်သည့်အပြင် နိုင်ငံ တကာဥပဒေအရလည်း အမြဲတစေ လွဲသွေနေမည်သာ ဖြစ်လေ၏။ စိတ်ကူးထင်ရာ အမိန့်စာထုတ်ပြန်ကာ ကန့်သတ်ခြင်း စသော အင်တာနက် ဖြတ်တောက်ခြင်းမျိုးသည် တရားဥပဒေနှင့်အညီ မဟုတ်သ၍ အထက် ဖော်ပြပါ စစ်ဆေးချက်တစ်ခုခုအရ အလိုအလျောက်ပင် မလျော်ကန်သော ကန့်သတ်မိန့်အဖြစ် သတ်မှတ်ပြီး ဖြစ်လေ၏။ ထို့အတူ မလျော်ကန်သော ရည်ရွယ်ချက်တစ်ခု (ဥပမာ- နိုင်ငံရေးအတိုက်အခံများကို အသံတိတ် စေရန်) အတွက် ကန့်သတ်လျှင် စစ်ဆေးချက် အပိုင်း-၂ နှင့် ကိုက်ညီမည် မဟုတ်ချေ။ သို့သော် အင်တာနက် ဖြတ် တောက်ခြင်းသည် တရားဝင်ခွင့်ပြုထားပြီး သင့်လျော်သောရည်ရွယ်ချက်အရ ပြုလုပ်သည်ဟု ဆိုလျှင်ပင် တတိယစစ်ဆေးချက်နှင့် မည်သည့်အခါမျှ ကိုက်ညီမည် မဟုတ်ချေ။ ဥပဒေနှင့် အညီ အများသူငါ ဘေးကင်းရေး သို့မဟုတ် လုံခြုံရေးအတွက် စိုးရိမ်သဖြင့် အင်တာနက်အသုံးပြုခွင့်ကို လုံးဝ ဖြတ်တောက်ခြင်းသည် အမြဲတမ်း ပြုလုပ်နေရန် မလိုအပ်သည့်အပြင် ပကတိအခြေအနေနှင့် အချိုးမညီသော ကန့်သတ်ချက်မျိုးသာ ဖြစ်လေ၏။

အချုပ်အားဖြင့်ဆိုသော် အင်တာနက်လိုင်း ပိတ်ပစ်ခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ခြင်း ဖြစ်၏။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူခွင့်အတွက် ကာကွယ်စောင့်ရှေက်မှုများအရ ထိုသို့ ပိတ်ဆို့ခြင်းကို ခွင့်မပြုချေ။ လူမှုရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုအခွင့်အရေး များအပါအဝင် အခြားသောအခွင့် အရေးများအပေါ် အပျက်သဘောဆောင်သော သက် ရောက်မှုများ ဖြစ်စေ၏။ နည်းပညာအရ လုံးဝ ပိတ်ပစ်ခြင်း မဟုတ်သော်လည်း ယင်းတို့၏ သက်ရောက်မှုများနှင့်ဆင်တူသော လူကြိုက်များသည့် ဝဘ်ဆိုဒ်များနှင့် ဆိုရှယ် ပလက်ဖောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ခြင်းကဲ့သို့သော လုပ် ဆောင်ချက်များသည် နိုင်ငံတကာလူ့အခွင့် အရေးဥပဒေအရလည်း လက်ခံနိုင်ဖွယ် မရှိချေ။

အခန်း (၂)

၂၀၂၁ခုနှစ် တတိုင်းပြည်လုံး အမှောင်ခေတ် တဖန်ပြန်ရောက်ခြင်း (သို့မဟုတ်) လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖုံးကွယ်ရန် အင်တာနက်ကို ဖြတ်တောက်ထားခြင်း

၂၀၂၁၊ ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်အာရုံချိန် အာဏာမသိမ်းခင် နာရီပိုင်းအလိုကတည်းက တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများအား ဖြတ်တောက်ပစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်မှုပုံစံ အဓိကအားဖြင့် (၂) မျိုးတွေ့ရသည်။ (၁) တနိုင်ငံလုံးအတိုင်း အတာ အင်တာနက်ဖြတ်တောက်ခြင်းနှင့် (၂) နေရာဒေသ အပိုင်းအခြားအရ ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

(၂.၁) တနိုင်ငံလုံးအတိုင်းအတာ အင်တာနက်ဖြတ်တောက်ခြင်း

တနိုင်ငံလုံးအတိုင်းအတာ အင်တာနက်ဖြတ်တောက်ခြင်းတွင် (၁) ရက်ရှည်ဖြတ်တောက်ခြင်း၊ (၂) သီးခြားအချိန် (သို့မဟုတ်) နေ့ရက်များတွင် ဖြတ်တောက်ခြင်း (၃) အင်တာနက်မြန်နှုန်းလျှော့ချခြင်းနှင့် အင်တာနက်ဈေးနှုန်း မြင့်တက်ခြင်း ဟူ၍ နည်းလမ်း ၃ ခုဖြင့် အင်တာနက်အသုံးပြုနိုင်မှုအား ဖိနှိပ်နေသည်ကို တွေ့ရသည်။ အာဏာသိမ်းစ အစောပိုင်းနေ့ရက်များနှင့် အစောပိုင်းလများတွင် တနိုင်ငံလုံးအနှံ့ ရက်ရှည်အင်တာနက်ဖြတ်တောက်ခြင်းများကို အာဏာသိမ်းစစ်တပ်မှ ပြုလုပ်ခဲ့သည်။

(၂.၂) ရက်ရှည်အင်တာနက်ဖြတ်တောက်ခြင်း

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်အစောပိုင်းအချိန်မှ စ၍ တနိုင်ငံလုံးအတိုင်းအတာ မိုဘိုင်းအင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်။ ၁ ရက်နေ့ နေ့လည်ခင်းပိုင်းတွင် ပြန်လည်ရရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၆ရက်နေ့မှ ၇ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းလုံး၌ နာရီပေါင်း ၃၀ ဝန်းကျင် ထပ်မံ ဖြတ်တောက်ခဲ့သည်။ အင်တာနက်မိုဘိုင်းလိုင်းများ၊ ဝိုင်ဖိုင်များအား ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ မနက် ၁နာရီမှ ၉နာရီထိ ပုံမှန် လိုင်းဖြတ်တောက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့ မနက် ၁နာရီမှ ဧပြီလ ၂၈ ရက်နေ့ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီလုံး မိုဘိုင်းအင်တာနက်လိုင်းများအား ဖြတ်တောက်ခဲ့သည်။.13

(၂.၃) သီးခြားအချိန် (သို့မဟုတ်) နေ့ရက်များတွင် အင်တာနက်ဖြတ်တောက်ခြင်း

(က) NUG အစည်းအဝေး လုပ်နေချိန်တွင် ဖြတ်တောက်ခြင်း

၂၀၂၁၊ ဇွန်လ (၄)ရက်နေ့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံအနှံ့ရှိ တယ်တီကွန်းကုမ္ပဏီများအား မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခိုင်းခဲ့ပြီး ဝိုင်ဖိုင်အင်တာနက်များကိုလည်း မြန်မာစံတော်ချိန် ညနေ (၅) နာရီမှ (၆) နာရီအထိ ဖြတ်တောက်ခဲ့သည်။14

(ခ) ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ဖြတ်တောက်ခြင်း

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ အာဏာရှင်အဆက်ဆက်က သတ်မှတ်ခဲ့သည့် ပြည်ထောင်စုနေ့တွင်လည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တားဆီးနိုင်ရန် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် မနက် (၄)နာရီမှ နေ့လည် (၁၁) နာရီထိ မိုဘိုင်းအင်တာနက်များဖြတ်တောက်ခဲ့သည်။.15

(၂.၄) အင်တာနက်မြန်နှုန်းလျှော့ချခြင်းနှင့် အင်တာနက်ဈေးနှုန်း မြင့်တက်ခြင်း

စစ်အာဏာသိမ်းပြီးကတည်းက အင်တာနက်မြန်နှုန်းမှာ သိသိသာသာကျဆင်းခဲ့ပြီး လူမှုကွန်ရက်မီဒီယာနှင့် ဝက်ဘ်ဆိုက်ဒ်ပေါင်းများစွာလည်း အပိတ်ခံခဲ့ရသည်။ ထို့ကြောင့် အပိတ်ခံထားရသော လူမှုကွန်ရက်စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်ဒ်များအား ဝင်ရောက်နိုင်ရန် Private Virtual Network (VPN) များခံသုံးကြရသဖြင့် အင်တာနက်မြန်နှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။

ထို့အပြင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ အင်တာနက်ဒေတာသုံးစွဲခများကို ဈေးနှုန်းတိုးမြှင့်လိုက်သည်။ ယခင်က အော်ရီဒူးနှင့် တယ်လီနော ဒေတာဝယ်ယူရာတွင် ၉၂၅ MB ကို ၉၉၉ ကျပ်မှ ၁ GB ကို ၁၉၉၀ ကျပ်၊ MPT ဒေတာ ၉၅၀ MB အတွက် ၉၉၉ ကျပ် မှ ဒီဇင်ဘာ ၈ ရက်နေ့မှစကာ အော်ရီဒူးနှင့် တယ်လီနောအတွက် ၁ GB ကို ၁၉၉၀ ကျပ်အထိ၊ MPT အတွက် ၉၃၅ MB ကို ၁၇၉၅ ကျပ်အထိ၊ မိုင်တဲလ်ဒေတာအတွက် ၅၁၂ MB ကို ၉၆၈ ကျပ်အထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။17

အခန်း ၃

နေရာ၊ ဒေသအလိုက် အင်တာနက်ဖြတ်တောက်ခြင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများ တနိုင်ငံလုံးအဝန်းတွင် လူဦး ရေသန်းချီကာ လမ်းပေါ်ထွက်ဆန္ဒပြခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူလူထုကို အကြမ်းဖက်စစ်တပ်က အကြမ်းဖက်ဖြိုခွဲခြင်းများ၊ မတရားသဖြင့် ဖမ်းဆီးခြင်းများ၊ ညှဥ်းပန်းနှိပ်စက်ခြင်းများ၊ မတရားသဖြင့် ထောင်သွင်းအကျဥ်းချခြင်းများ၊ သတ်ဖြတ်ခြင်းများ စစ်တပ်မှ ရက်စက်စွာ ကျူးလွန်လာပြီးနောက် အာဏာရှင်စနစ်အား နေရာဒေသအသီးသီးမှ လူထုက ရရာလက်နက်ဖြင့် တွန်းလှန်လာကြသည်။ ထို့ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ် တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာကာ အထူးသဖြင့် ထိုဒေသများသည် ၂၀၂၁နောက်ပိုင်း စစ်ရေးအရ ပြင်းထန်သော နေရာဒေသများ ဖြစ်လာသည်။ ထိုသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်သောနေရာဒေသများတွင် သတင်းအချက်အလက်စီးဆင်းမှုဖြတ်တောက်ရန်၊ သတင်းအမှောင် ချနိုင်ရန် စစ်ကောင်စီမှ နေရာ၊ ဒေသအလိုက် အင်တာနက်ဖြတ်တောက်ခြင်းများ လုပ်ဆောင်ထားသည် အင်တာနက် ဖြတ်တောက်ခံထားရသော နေရာဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အများစု၊ မကွေးတိုင်းဒေသကြီးရှိမြို့နယ်အချို့၊ ချင်းပြည်နယ်ရှိ မြို့နယ်များအားလုံး၊ ကယား (ကရင်နီ) ပြည်နယ်ရှိ မြို့နယ်အချို့၊ ကချင် ပြည်နယ်မြို့နယ် ၁ ခုနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် (၂) ခုတို့ ပါဝင်သည်။

တွေ့ရှိချက်

အထက်ဖော်ပြပါဒေသများတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက်နှင့် ဖုန်းလိုင်းများကို အချိန်ကာလကြာမြင့်စွာ ဖြတ်တောက်ထားသော်လည်း အချို့သောနေရာများတွင် ရံဖန်ရံခါ အင်တာနက်နှင့် အချို့သောဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ကြောင်း သိရှိရသည်။ သို့သော်လည်း ဤသုတေသနစာတမ်းတွင် ၎င်းဒေသများအား အင်တာနက်နှင့် ဖုန်းလိုင်းများ ကာလကြာရှည်ဖြတ်တောက်ခံထားရသော နယ်မြေများအဖြစ်သတ်မှတ်ထားသည်။

“ အင်တာနက်ကို ဘာလို့ ဖြတ်လည်းဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တယ် ပြီးတော့ စစ်ကောင်စီစီဘက်က အကျများပြီး စစ်ကူတွေ လွှတ်တဲ့အချိန်တွေမှာ အင်တာနက် ဖြတ်တောတွေလုပ်တော့တာပဲ” …


Download the pdf in English | Burmese

View the original