12 May 2022
စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြခဲ့သော ဆရာတော်ဦးစန္ဒိမာနှင့် မန္တလေးမြို့ ဒေသခံများ (ဓာတ်ပုံ – ပေးပို့)
ချမ်းအေးသာစံမြို့နယ် သင်္ဂဇာကျောင်းတိုက်မှ ဆရာတော်ဦးစန္ဒိမာ ခြေထောက်ထိခိုက်ဒဏ်ရာနှင့် ဖမ်းဆီးခံလိုက်ရသည်မှာ သုံးလကြာပြီဖြစ်ပြီး မိသားစုနှင့်လည်း အဆက်ပြတ်နေသည်။
By Myanmar Now
ခြေထောက်ဒဏ်ရာရစဉ် ရိုက်နှက်ဖမ်းဆီးခံရသည့် မန္တလေးမြို့မှ ဆန္ဒပြရဟန်းတစ်ပါး သုံးလကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရသောကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။
ဖေဖော်ဝါရီ ၉ ညပိုင်းက ချမ်းအေးသာစံမြို့နယ် လမ်း ၉၀၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ သင်္ဂဇာကျောင်းတိုက် စီးနင်းခံရစဉ် ဆရာတော်ဦးစန္ဒိမာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂဆရာတော် အချို့က မိန့်သည်။
“ည ၁၀ နာရီဝန်းကျင်လောက်မှာ ဒီကောင်တွေက ရောက်လာတယ်။ ပြီးတော့ ဓာတ်ပုံတွေပြပြီးမေးတယ်။ ကျောင်းတိုက်ဝန်းကျင်က သံဃာတော်တွေ၊ ကျောင်းသားတွေကိုပါ ဒူးတွေထောက်ခိုင်း၊ ကြိုးတွေတုပ်ပြီး မေးတယ်။ မသိရကောင်းလားဆိုပြီး ဒေါသတွေထွက်တယ်။ မဲတယ်ပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ သံဃသမဂ္ဂဆရာတော်တစ်ပါးက မိန့်သည်။
စစ်သားများက သံဃာ ၄ ပါးနှင့် ကျောင်းသား ၇ ဦးခန့်တို့ကို လက်ပြန်ကြိုးတုပ်၍ မေးမြန်းစစ်ဆေးနေခိုက် သက်တော်(၄၃)နှစ်၊ ဝါတော်(၂၃)နှစ်ရှိ ဦးစန္ဒိမာမှာ ထွက်ပြေးရန် အုတ်တံတိုင်းပေါ်မှ ခုန်ချစဉ် ကျောင်းရှေ့တွင် အသင့်ရှိနေသည့် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်ဖမ်းဆီးခံရသည်ဟု ဆိုသည်။
“ဆရာတော်က အခြေအနေ မကောင်းတော့ဘူးဆိုပြီး ပြေးတယ်ပေါ့။ အုတ်တံတိုင်းကျော်အချမှ ခြေထောက်ကျိုးသွားတယ်။ ပြီးတော့ အုတ်တံတိုင်းအပြင်မှာ အသင့်စောင့်နေတဲ့ သူတို့လူတွေရှိတော့ ကွက်တိဖြစ်သွားတာပေါ့”ဟု အထက်ပါ သံဃာက ဆက်မိန့်သည်။
ဆရာတော်သည် ယနေ့အချိန်ထိ မန္တလေးအိုးဘိုအကျဉ်းထောင်သို့မရောက်လာသေးကြောင်း ထိုထောင်ရှိ သတင်းရင်းမြစ်များနှင့် နီးစပ်သည့် မန္တလေးရှေ့နေအသိုင်းအဝိုင်းက ဆိုသည်။
“ထောင်မရောက်လာသေးဘူး။ ဆရာတော်ကပေါင်ကျိုးနေတယ်လို့ သိရတယ်။ ကျန်းမာရေးမကောင်းသေးလို့ ထောင်ကိုမပို့သေးတဲ့သဘောပေါ့။ စစ်ကြောရေးမှာလို့ပဲထင်တယ်။ အကြမ်းဖက်ပုဒ်မနဲ့တော့ စွဲထားပြီ”ဟု မန္တလေးရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။
ဆရာတော်ကို ဖမ်းဆီးစစ်ဆေး အမှုဖွင့်လှစ်ထားမှု၊ ခြေထောက်ဒဏ်ရာ အခြေအနေတို့ကို အသေးစိတ်သိရှိရန် Myanmar Now က စစ်ကောင်စီကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်၍ အားတက်သရောပါဝင်သော ဦးစိန္ဒိမာကို စစ်ကောင်စီက အမျက်ရှထားသောကြောင့် ၎င်း၏အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရသည်ဟု မန္တလေးသံဃာတော်များက မိန့်သည်။
ထို့အပြင် ဆရာတော် အသက်ရှင်နေသေးလျှင် ချုပ်နှောင်ခံထားရနိုင်သည့်နေရာဖြစ်သော နန်းတွင်းအခြေစိုက် စစ်တပ်စစ်ကြောရေးစခန်းသည် ရဟန်းသံဃာပင်မချန် ရက်စက်စွာပြုမူတတ်သည်ဟု နာမည်ကျော်ကြားသည်။
စစ်ကောင်စီက ထိုအချက်နှင့် ပတ်သက်ပြီး ငြင်းဆိုခြင်း မရှိသေးပေ။
ဤအတောအတွင်း စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူမည်သူ့ကိုမဆို ဖမ်းဆီးခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကိုချိတ်ပိတ်ခြင်း စသည့် နည်းလမ်းများနှင့် ဆက်တိုက် တုံ့ပြန်နေသည်။
စစ်ကောင်စီ၏ ယင်းလုပ်ရပ်များကြောင့် ရက်ပေါင်း(၃၆၀)ကျော် နေ့စဉ်ဆန္ဒပြခဲ့သော မန္တလေးသံ ဃသမဂ္ဂသပိတ်စစ်ကြောင်းသည် ရပ်တန့်ထားရသော်လည်း နည်းလမ်းမျိုးစုံဖြင့် ရသလိုတော်လှ န်နေဆဲဖြစ်သည်ဟု သံဃသမဂ္ဂက ဆိုသည်။
“ရလာတဲ့အခွင့်အရေးအပေါ်မှာမူတည်ပြီးတော့ ဦးဇင်းတို့ထွက်အုံးမှာပါ။ ခုချိန်မှာတော့ ရန်သူက မဲနေတာဖြစ်သေးတော့ ခဏငြိမ်ပေးထားတဲ့သဘောပါ။ ပြန်လာမှာပါ။ အခု ဦးဇင်းတို့အရင်လိုတော့ လမ်းပေါ် မထွက်နိုင်ဘူးပေါ့။ ဒါပေမယ့် ရသလိုတော့တော်လှန်နေဆဲပါပဲ” ဟု သံဃသမဂ္ဂမှ ဆရာတော်က မိန့်သည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.