ဘီးလင်းတွင် စစ်တပ်က အရပ်သား ၁၀၀ ဖမ်းပြီး အကာအကွယ်ယူဟု KNU ပြော

ဘီးလင်းတွင် စစ်တပ်က အရပ်သား ၁၀၀ ဖမ်းပြီး အကာအကွယ်ယူဟု KNU ပြော

ဘီးလင်းမြို့နယ်မှ စစ်ရှောင်သူတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)  

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ချီတက်ရာတွင် အရပ်သားတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနေသည်ဟု KNU က ပြောလိုက်သည်၊ စစ်တပ်ထံမှ တုံ့ပြန်ချက် မရသေးပေ။ 

By Myanmar Now

စစ်ရေးတင်းမာနေသည့် မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းချီရာတွင် လူသားတံတိုင်းအဖြစ် အသုံးချနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောသည်။

ဧပြီလကုန်မှစ၍ အင်အား ၅၀ ခန့်ပါ စစ်သားများ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ဖားအံမြို့မှ မွန်ပြည်နယ်၊ ဘီးလင်းမြို့သို့ ချီတက်ရာလမ်းတွင် ထိုသို့ အသုံးပြုခြင်း ဖြစ်သည်ဟု ပြောသည်။

“အရပ်သားတွေကို အထုပ်အပိုးတွေ သယ်ခိုင်းတယ်။ အရပ်သား လေးငါးရှစ်ယောက် စစ်သားတစ်ယောက်။ စစ်ကြောင်းရှေ့က သွားခိုင်းတာလည်း ရှိတယ်။ စစ်ကြောင်းထဲမှာလည်း ထည့်ထားတာ” ဟု ပဒိုစောစိုးမြင့်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် အရပ်သားတို့ မည်သည့်ဒေသမှ ဖြစ်သည်ကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ဖားအံမြို့နယ် ပေပင်ဆိပ်၊ ဝဲပျံ၊ မဲသနခီးရွာများအပါအဝင် စစ်ကြောင်းဖြတ်ရာလမ်းတစ်လျှောက် အဖမ်းခံရသော ဒေသခံများဖြစ်သည်ဟု ၎င်းက ပြောသည်။

အလားတူ ဖားအံနှင့် နယ်မြေချင်းထိစပ်နေသည့် ဘီးလင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ ပြီးခဲ့သည့် မတ် ၈ ရက်တွင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အသက်မပြည့်သူများအပါအဝင် စစ်ဘေးရှောင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ကျောက်ဖျာရွာမှ မြောက်ဘက် ၄ မိုင်ဝန်းကျင်ရှိ လေးကေရွာသို့ ဦးတည်ချီတက်သွားကြကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက မတ် ၁၀ တွင် ရေးသားထားသည်။

စစ်ရေးတင်းမာနေသော လေးကေရွာအနီး မေ ၉ ရက်တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း၊ ထို့နောက် လေးကေရွာသို့ BGF က အင်အား ၅၀ ခန့် ထပ်မံအင်အားတိုးချဲ့လျက်ရှိကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

ထို့ပြင် ယမန်နေ့ (မတ် ၁၀) တွင်လည်း KNUတပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့အနောက်မြောက်ဘက် ၉ မိုင်ကျော်အကွာရှိ အင်္ဂပိုရွာအနီးတွင် ကား ၅စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ချုံခိုတိုက်ခိုက်တာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ကားတစ်စီးကတော့ ပျက်သွားတယ်။ လက်နက်ကြီး ထိမှန်ပြီးတော့ အထိခိုက်ဒဏ်ရာရတာလည်း ရှိတယ်။ အရေအတွက်တော့ မသိရဘူး” ဟု ပဒိုစောစိုးမြင့်က ပြောသည်။

အဆိုပါ ယာဉ်တန်းသည် ပဲခူးတိုင်း ဝေါမြို့မှ တက်လာခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းထံမှ သိရသည်။

KNU ပြောဆိုချက်နှင့် ပတ်သက်ပြီး  စစ်ကောင်စီတပ်ထံမှ တုံ့ပြန်ချက် ရနိုင်ရေးအတွက် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။


By Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia