မန္တလေးသပိတ်ခေါင်းဆောင် သုံးလကြာအထိ ဒဏ်ရာဖြင့် စစ်ကြောရေးတွင် ရှိနေဆဲ

မန္တလေးသပိတ်ခေါင်းဆောင် သုံးလကြာအထိ ဒဏ်ရာဖြင့် စစ်ကြောရေးတွင် ရှိနေဆဲ

မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ဦးဆောင်သူ ကိုသူရအောင်ကို ၂၀၂၁ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။​( ဓာတ်ပုံ-EPA)

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များကို ဦးဆောင်လေ့ရှိသူ ကိုသူရအောင် သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် နန်းတွင်းစစ်ကြောရေး၌ ရှိနေဆဲဖြစ်ကြောင်း ၎င်းနှင့်အတူ အဖမ်းခံရသည့် လူငယ်သုံးဦး အိုးဘိုထောင်ရောက်လာချိန်တွင် သိရှိရသည်။ 

By Myanmar Now

သုံးလကျော်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသော မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာဖြင့် စစ်ကောင်စီ၏ စစ်ကြောရေးတွင် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ပြည့်မြောက်သည်အထိ မန္တလေးမြို့တွင် ပြောက်ကျားနည်းဖြင့် ဆန္ဒပြပွဲများကို ဦးဆောင်နေသူ ဦးသူရအောင်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အရှေ့ပိုင်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းနှင့်အတူ ဖမ်းဆီးခံရသော ကိုဖိုးလုံး၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ သုံးဦးမှာ သုံးလအကြာတွင် အိုးဘိုထောင်သို့ ရောက်ရှိလာသော်လည်း ကိုသူရအောင်မှာ နန်းတွင်းစစ်ကြောရေးတွင် ရှိနေဆဲဖြစ်သည်ဟု သပိတ်စစ်ကြောင်းအဖွဲ့ဝင် လူငယ်တစ်ဦးက ယနေ့ (မေ ၁၀) Myanmar Now ကို ပြောသည်။​

“ဒူးမှာလည်း ဒဏ်ရာရထားတယ်။ နေရာကတော့ အနှံ့ဗျ။ လည်ပင်းတွေ ဘာတွေလည်း ကန်ခံရတာတွေ ရှိတယ်။ ဒဏ်ရာတွေက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ထိုလူငယ်က ပြောသည်။​

ကိုသူရအောင်နှင့်အတူ အဖမ်းခံခဲ့ရသော အိုးဘိုအကျဉ်းထောင်ရောက် လူငယ်သုံးဦးကို စစ်ကောင်စီက မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ကို မသိရသေးကြောင်းလည်း အထက်ပါ သပိတ်အဖွဲ့ဝင်လူငယ်က ပြောသည်။​

စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးခံထားရသည့် ကိုသူရအောင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပေ။​

စစ်ကြောရေး၌ ရှိနေဆဲဖြစ်သည်ဆိုသော ကိုသူရအောင်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ ရှေ့နေများ ၊ သံရုံးနှင့်သံတမန်အဖွဲ့အစည်းများက အရေးပေါ်ကြားဝင်ကူညီပေးရန် မန္တလေးသပိတ်အင်အားစုများက တောင်းဆိုထားသည်။

မန္တလေးမြို့လယ် နန်းတွင်းရှိ စစ်ကောင်စီစစ်ကြောရေးစခန်းမှာ ရဟန်းသံဃာများကိုပင်မချန် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်လေ့ရှိသည်ဟု နာမည်ကျော်ကြားပြီး စစ်ကြောရေးအတွင်း သေဆုံးသည့်ဖြစ်စဉ်များလည်း ရှိသည်။​

အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသည်အထိ မန္တလေးမြို့တွင် ပြောက်ကျားနည်းဆန္ဒပြပွဲများ ပေါ်ထွက်နေဆဲဖြစ်သည့်နည်းတူ စစ်ကောင်စီကလည်း အချိန်မရွေး ရိုက်နှက်ဖမ်းဆီးခြင်း၊​ သတ်ဖြတ်ခြင်း၊ နေအိမ်များကို ချိပ်ပိတ်ခြင်းသာမက တစ်အိမ်တက်ဆင်း စီးနင်းရှာဖွေခြင်းများကိုလည်း မကြာခဏ ပြုလုပ်နေသည်။

စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေသော်လည်း ရသည့်နည်းလမ်းဖြင့် ဆက်လက်တော်လှန်သွားမည်ဟု သပိတ်စစ်ကြောင်းအဖွဲ့ဝင် လူငယ်က ဆိုသည်။

“ကိုသူရအောင်တို့ ရှိတုန်းကလောက် အားမကောင်းပေမဲ့ ပုံမှန်လေးလုပ်ဖြစ်တယ်ဗျ၊ နောက်ထပ်လည်း ဆက်သွားမဲ့ အစီအစဉ်တွေရှိတယ်။ ရပ်တန့်သွားဖို့ မရှိဘူး။ ရှိတဲ့အားနဲ့ ကျန်ရင်ကျန်တဲ့အားနဲ့ မတူတဲ့ပုံစံတွေနဲ့ ဆက်လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia