မန္တလေး မဟာအောင်မြေမြို့နယ်မှ အမျိုးသား ၅ ဦး ဖမ်းဆီးခံရ

မန္တလေး မဟာအောင်မြေမြို့နယ်မှ အမျိုးသား ၅ ဦး ဖမ်းဆီးခံရ

၂၀၂၁ ဖေဖော်ဝါရီလက ​​မန္တလေးမြို့ ဆန္ဒပြသူများကို လိုက်လံ ပစ်ခတ် ဖမ်းဆီးနေကြသော စစ်ကောင်စီတပ်သားများ  

စစ်ကောင်စီသတင်းပေးဆိုသူ အသတ်ခံရသည့်နေ့တွင် အဖမ်းခံရသော မန္တလေးဒေသခံ ၅ ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေသောကြောင့် မိတ်ဆွေနှင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

By Myanmar Now

နေ့စဉ်နှင့်အမျှ အဖမ်းအဆီးနှင့် အစစ်အဆေးကြမ်းနေသော မန္တလေးမြို့တွင် ယမန်နေ့ (မေ ၆) ၌ မဟာအောင်မြေမြို့နယ်ဒေသခံ အမျိုးသား ၅ ဦး ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ၄၁ လမ်းနှင့် ၉၁ လမ်း၊ အာရောဂျံဆေးဆိုင်နှင့် သစ်စက်ဝင်းအနီး နေအိမ်တစ်လုံးရှိ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးကို အရပ်ဝတ်လူတစ်စုက အိမ်စီးကား ၄ စီးဖြင့် လာရောက် ဖမ်းဆီးသွားပြီးနောက် တစ်ချိန်တည်းမှာပင် သံလျက်မှော်အနောက် (သံနောက်ရပ်) နေထိုင်သူ အခြားအမျိုးသား ၄ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ဘာ့ကြောင့်ဖမ်းသလဲ မသိရသေးဘူး။ အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ ဘယ်က ဖမ်းမှန်းလဲ မသိတော့ စိတ်ပူနေရတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူတို့သည် မဟာအောင်မြေမြို့နယ်၊ သံနောက်ရပ်မှ ရပ်ကွက်ငယ်များဖြစ်သည့် အရာတော်ရပ်ကွက်မှ ကိုမြိုင်ကြီးနှင့် ကိုထူးကြီး၊ မင်းကုန်းရပ်ကွက်မှ ကိုကျော်စွာဝင်းနှင့် ကိုနောင်နောင်၊ ၄၁ လမ်း၂၄ ကျောင်းအနီး ဧသုခ ရပ်ကွက်မှ ကိုကျော်ကျော်တို့ဖြစ်ကြသည်ဟု သိရသည်။

“ကိုမြိုင်ကြီးနဲ့ ကိုထူးကြီးဆိုသူက စက်မှုထဲ အလုပ်သွားရင်း လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဖမ်းခံရတယ်။ နောက်နှစ်ဦးကလည်း လမ်းမှာပဲ ဖမ်းခံရတယ်။ ကိုကျော်ကျော်ကိုတော့ နေအိမ်ကို ဝင်ဖမ်းသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ၅ ဦးလုံးကို အရပ်ဝတ်လူများက ဖမ်းဆီးသည်ဟု သိရကြောင်း၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လိုက်လံ စုံစမ်းသော်လည်း မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထို ၅ ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မဟာအောင်မြေမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မန္တလေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ဆက်စပ်သူတချို့သည် ပုံစံတစ်မျိုးနှင့် အကြမ်းဖက် သတ်ဖြတ်ခံနေရသည်။

ဧပြီ ၂၅ တွင် မဟာအောင်မြေမြို့နယ်မှ NLD ရပ်ကျေးဥက္ကဋ္ဌတစ်ဦးဖြစ်သူ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် ဇနီး၊ ဆွေမျိုးနီးစပ်သူ ပါတီဝင်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲမှ အမျိုးသား ၂ ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခံထားရသည်။ ကျူးလွန်သူတို့က ထိုရာဇဝတ်မှုမှာ “သွေးသောက်” ဟူသည့် အဖွဲ့တစ်ခု၏ လက်ချက်ဖြစ်သယောင် ပုံဖော်ထားသည်။

ယင်းဖြစ်စဉ်မှစ၍ မန္တလေးတွင် ထိုသို့ သတ်ဖြတ်ခံရသူ ၆ ဦးထက်မနည်း ရှိနေပြီဖြစ်ပြီး ထိုသတ်ဖြတ်မှုများသည် စစ်ကောင်စီ၏ လက်ချက်သာဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။

စစ်ကောင်စီက ထိုပြောဆိုချက်များကို တုံ့ပြန်ခြင်း၊ ထိုလူသတ်မှုများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မန္တလေးတွင် မြို့ပြပြောက်ကျားအဖွဲ့တချို့က စစ်ကောင်စီတပ်သားများ၊ သတင်းပေးဟု ယူဆရသူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်က မန္တလေး မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ တောင်ခွင်မင်းကြီးကျောင်းတိုက်အနီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသူသည် စစ်ကောင်စီတပ်ကို သတင်းပေးနေသူဖြစ်သည်ဟု Generation Z Power (GZP) ပြောက်ကျားအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မဟာအောင်မြေမြို့နယ်မှ အမျိုးသားတစ်ဦးကလည်း ပစ်ခတ်ခံရသူသည် ထိုဒေသတွင် လူသိများသည့် ဒလန်တစ်ဦးဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းမှုထောက်ခံသူတချို့ကလည်း ထိုသူ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ရေးနေကြသည်။

အမျိုး ဘာသာ သာသနာအတွက် အားကိုးအားထားပြုရသူ အသတ်ခံရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု စစ်ကောင်စီဘက်တော်သားတစ်ဦးက ရေးထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia