ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM အမျိုးသမီး အသရေဖျက် ခြိမ်းခြောက်ခံနေရ

ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM အမျိုးသမီး အသရေဖျက် ခြိမ်းခြောက်ခံနေရ

ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် မမြသိင်္ဂီ

By ဧရာဝတီ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြောင်း ကြေညာခဲ့သည့် မမြသိင်္ဂီကို အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူ လော်ဘီများက အသရေဖျက် ခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိသည်။

တယ်လီဂရမ်ချန်နယ်မှ Han Nyein Oo အမည်ရှိ စစ်တပ်လော်ဘီအကောင့်တခုတွင် ယမန်နေ့က မမြသိင်္ဂီ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ စွပ်စွဲဖော်ပြမှုများ ပြုလုပ်ခဲ့သည့်အပြင် ရန်ကုန်မြို့ရှိ မိဘများနေအိမ်ကိုလည်း ချိပ်ပိတ်သိမ်းဆည်းရန် ခြိမ်းခြောက် လှုံ့ဆော်ခဲ့သည်။

ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံဝန်ထမ်းတဦးဖြစ်သူ မမြသိင်္ဂီသည် ၂၀၂၂ မေလ ၃ ရက်မှစတင်ကာ CDM လှုပ် ရှားမှုတွင် ပါဝင်ကြောင်း လူမှုကွန်ရက်ကတဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ CDM ပါဝင်ရန် မည်သူတဦးတယောက်၊ အဖွဲ့အစည်းများ၏ တိုက်တွန်းချက်များ မပါသည့်အပြင် မိတ်ဆွေအသိုင်းအဝိုင်း၊ မိသားစုများနှင့်လည်း လုံးဝ သက်ဆိုင် ခြင်း မရှိကြောင်း ပြောဆိုထားသည်။

မတရား အာဏာသိမ်းယူထားသည့် စစ်အုပ်စု၏လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့် ဆန္ဒမရှိ ခြင်း၊ နိုင်ငံတကာ မျက်နှာစာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုအား ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီ ပြန် လည်ရရှိရန်အတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၎င်းက “ကျမသည် ပြည်သူ့ဝန်ထမ်းတဦး ဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာ ရပ်တည်သွား မည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိပါသည်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းအများအပြား CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အထဲ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် နိုင်ငံတကာရှိသံရုံးများမှ ဝန်ထမ်းများလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

၎င်းတို့ထဲမှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ လူသိများထင်ရှားပြီး ရန်ကုန်မြို့ရှိ ၎င်း၏ မိဘနေအိမ်အား စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည့်အပြင် ၎င်းအား နိုင်ငံသားအဖြစ်မှ ပယ် ဖျက်ကြောင်းနှင့် ချီးမြှင့်ထားသည့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ကိုလည်း ရုပ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ထို့ပြင် စစ်ကောင်စီအသိုင်းအဝိုင်း နီးစပ်သူအချို့က ဦးကျော်မိုးထွန်းအား အသက်အန္တရာယ်ထိပါးသည်အထိ လုပ်ကြံရန် ကြိုးပမ်းခဲ့ကြသော်လည်း အမေရိကန်ထောက်လှမ်းရေးဌာနက ဖမ်းဆီးနိုင်ခဲ့သည်။

CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီလက်အောက်တွင် နိုင်ငံရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရသည့် ဝန်ထမ်းအချို့ကိုလည်း ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ချီးမြှင့်ထားမှုအား စစ်ကောင်စီက ပြန်ရုပ်သိမ်းခဲ့သည်။

ထိုသို့ CDM တွင် ပါဝင်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အား ထောက် ခံသည်ဟု ၎င်းတို့ ယူဆထားသူများအား အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူများက တယ်လီဂရမ်ချန်နယ် အပါအဝင် လူမှုကွန်ရက်စာမျက်နှာများအား အသုံးချကာ အကြမ်းဖက်ဖမ်းဆီးရန်၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်း ဆည်းရန် ပုံမှန်လှုံ့ဆော်ခြိမ်းခြောက်လျက် ရှိသည်။

ခြိမ်းခြောက်မှုများအပြင် လတ်တလော၌လည်း စစ်ကောင်စီ အားပေးထောက်ခံသူ အပေါင်းအပါများဖြင့် ဖွဲ့စည်းထား သည့် သွေးသောက်၊ သွေးသစ္စာ စသည့် အမည်ခံအဖွဲ့များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအား ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia