03 May 2022
ပျောက်ဆုံးနေသည့် လူငယ် ကိုးဦးအနက်မှ ရှစ်ဦး၏ ဓာတ်ပုံများကို မန္တလေးသပိတ်အင်အားစုမှ ဧပြီ ၄ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-ပေးပို့)
ဆန္ဒပြပွဲ ဓာတ်ပုံလိုက်ရိုက်သည့် လူငယ်သုံးဦး အဖမ်းခံရပြီးနောက် ၎င်းတို့နှင့်အဆက်အသွယ်ရှိသော နောက်ထပ် လူငယ် ၆ ဦး ထပ်မံဖမ်းဆီးခံရသည်ကို အိုးဘိုထောင်ရောက်ပြီး တစ်ပတ်ခန့်အကြာမှ သိရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
By Myanmar Now
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလအတွင်း ပျောက်ဆုံးသွားသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်အင်အားစုအဖွဲ့မှ လူငယ်ကိုးဦးမှာ အိုးဘိုထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်ဟု ထိုသပိတ်အင်အားစုတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။
ထိုလူငယ်ကိုးဦးမှာ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းကတည်းက အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကာ အဖမ်းဆီးခံရပြီး တစ်ပတ်ခန့်ကြာတည်းက မန္တလေးအိုးဘိုထောင်သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ဟုတ်ပါတယ်။ သင်္ကြန်မတိုင်ခင် ရောက်တာပါ။ ဖမ်းပြီးတစ်ပတ်လောက်အကြာက မိသားစုနဲ့ အဆက်အသွယ်ရတာ” ဟု ၎င်းက ယမန်နေ့ (မေ ၂) တွင် Myanmar Now ကို ပြောသည်။
ဧပြီ ၄ ရက်က မန္တလေးမြို့တစ်နေရာတွင် ပြောက်ကျားဆန္ဒပြပွဲကို ဓာတ်ပုံလိုက်ရိုက်သည့် လူငယ်သုံးဦး ပစ်ခတ်ဖမ်းဆီးခံရသည်ဟု ယူဆခဲ့ရာမှ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော နောက်ထပ်လူငယ်များပါ ယင်းနေ့ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
မူလက ရှစ်ဦးပျောက်ဆုံးသည်ဟု ယူဆထားသော်လည်း ယမန်နေ့တွင် ထပ်မံအတည်ပြုချက်အရ ပျောက်ဆုံးနေသူ ကိုးဦးဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို နှိမ်နင်းရာတွင် အသုံးပြုလေ့ရှိသည့် နာမည်ကျော် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူများမှာ အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်များဖြစ်ပြီး၊ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ ကိုကျော်စိုးမိုး၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကို၊ မသဲစုနှင့် မဂျာဆိုင်းအောင်၊ မကြယ်စင်လင်း ဆိုသူတို့ဖြစ်သည်ဟု သိရသည်။
“သုံးယောက်က အရင်ဆုံးပျောက်သွားတယ်။ သူတို့သွားခဲ့တဲ့ဝန်းကျင်က လူတွေအပြောအရ သေနတ်သံကြားတယ်ဆိုတော့ ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ ယူဆတယ်။ နှိပ်စက်ပြီး ဖော်ခိုင်းရာက နောက်ထပ် ထပ်ပါတာဖြစ်နိုင်တယ်” ဟု သပိတ်အဖွဲ့ဝင် လူငယ်က ပြောသည်။
ထိုသူများ ဖမ်းဆီးခံရခြင်း သို့မဟုတ် မည်သို့မည်ပုံ ပျောက်ဆုံးသွားသည်ကိုမူ ထိုစဉ်က မသိရှိခဲ့ရဘဲ တစ်ပတ်ခန့်အကြာမှ မိသားစုများနှင့် အဆက်အသွယ်ရခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကို ကိုးကား၍ သူက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဧပြီ ၂၁ ကလည်း ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးသည် မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ်မရဘဲ တစ်ပြိုင်တည်းပျောက်ဆုံးနေ၍ စစ်ကောင်စီဖမ်းသွားပြီဟု ကျောင်းသားများသမဂ္ဂဘက် တာဝန်ရှိသူထံမှ သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ထောက်ခံသူများအပါအဝင် တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားကျောင်းသူများပါမကျန် ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်။
မန္တလေးမြို့ အပါအဝင် မြို့ကြီးအချို့တွင် စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သတင်းအစအနစုံစမ်း မရသူများ၊ သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားသော်လည်း အလောင်းပင်ပြန်မရသည့် ဖြစ်စဉ်များလည်းရှိသည်။
ပြီးခဲ့သည့်ဇန်နဝါရီလကုန်၌ မန္တလေးသပိတ် တက်ကြွလူငယ်ခေါင်းဆောင် ကိုသူရအောင် အပါအဝင် သုံးဦးသည် မဟာအောင်မြေမြို့နယ် အရှေ့ပိုင်းနေအိမ်တစ်အိမ်တွင် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခံလိုက်ရပြီး ယနေ့အထိ အိုးဘိုထောင်သို့ မရောက်ရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။
၎င်းတို့သုံးဦးကို စစ်ကြောရေးတွင် အစစ်အဆေးခံနေရသည်ဟုသာ နောက်ဆုံးသတင်းကြားလိုက်ရပြီး သုံးလခန့်အကြာ ကိုသူရအောင်စစ်ကြောရေးတွင် သေဆုံးသွားပြီဟု ထောင်ထုတ်အကျဉ်းသားများမှသာ တဆင့်ကြားရကြောင်း သပိတ်အဖွဲ့ဝင် လူငယ်နောက်တစ်ဦးက ဆိုသည်။
ထောင်ဝင်စာပို့သည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “ရုံးထွက်တဲ့လူတွေဆီက သိရတာ။ ကျွန်တော်က မေးတယ်။ သူရအောင်တို့ သတင်းအခြေအနေဘယ်လို ကြားသေးလဲဆိုတော့။ နန်းတွင်းစစ်ကြော ရေးမှာကတည်းက သွေးအန်ပြီးသေသွားပြီတဲ့။ ဘယ်လိုသိရတာလဲလို့ပြန်မေးတော့ နန်းတွင်းစစ်ကြောရေးကနေ ထွက်လာတဲ့လူတွေကနေ ပြောပြတာ။ အတိအကျတော့ မသိရဘူး” ဟု ပြီးခဲ့သည့်လအတွင်း ပြောသည်။
သို့ရာတွင် ကိုသူရအောင်ဆိုသူ လူငယ်သေဆုံးမှု ရှိမရှိ Myanmar Now အနေဖြင့် သီးခြားအတည်မပြု နိုင်ပေ။
စစ်ကောင်စီက မန္တလေးနန်းတွင်းတွင် ဖွင့်လှစ်ထားသည့် စစ်ကြောရေးစခန်းမှာ ရဟန်းသံဃာများကိုပင် မချန် အလွန်အမင်းနှိပ်စက်သည်ဟု နာမည်ကြီးသလို မန္တလေးမြို့အိုးဘိုအကျဉ်းထောင်သည်လည်း ဆေးကုသခွင့် လုံလောက်စွာမပေးဘဲ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းမိသူတို့ကို ဖိနှိပ်သည်ဟူသော အမည်ဆိုး ဖြင့်ကျော်ကြားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.