ကလေးတွင် တံတားကျိုးပြီး စစ်တပ်ရန်မှ ပြေးရသူ ၇ ဦးထက်မနည်း သေဆုံး

ကလေးတွင် တံတားကျိုးပြီး စစ်တပ်ရန်မှ ပြေးရသူ ၇ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးနွယ်ရွာအနီး ယခင်က တွေ့ခဲ့ရသည့် မြစ်သာမြစ်ကူးတံတားငယ် (ဓာတ်ပုံ – CJ)   

တိုက်ပွဲပြင်းထန်နေသော စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြစ်သာမြစ်ဖြတ်ကူးကြစဉ် ဝါးတံတား ကျိုးကျခဲ့သောကြောင့် ဒေသခံအများအပြား သေဆုံးသွားသည်။  

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် ယမန်နေ့ (ဧပြီ ၂၇ ) က စစ်တပ်ရန်ကြောင့် ထွက်ပြေးလာသည့် ဒေသခံများ မြစ်သာမြစ်ကို ဖြတ်ကူးစဉ် တံတားကျိုးကျသဖြင့် ကလေး ၄ ဦးထက်မနည်း သေဆုံးကာ ရုပ်အလောင်း ၇ လောင်း ဆယ်ယူရရှိထားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကလေးမြို့မှ မိုင် ၃၀ ခန့်အကွာရှိ အရှေ့စည်းရွာကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ပြီး ဝင်ရောက်လာသည့်အတွက် အရှေ့စည်းရွာနှင့်ကပ်လျက် ဒိုးနွယ်ရွာမှ ဒေသခံများမှာ မြစ်သာမြစ်ကို ဖြတ်ကူး၍ ထွက်ပြေးကြစဉ် ထိုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒိုးနွယ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရှောင်တဲ့အချိန်မှာ မြစ်ထဲတံတားက အလုအယက်နဲ့ဆိုတော့ ပြေးကြတော့ တံတားက ကျိုးသွားတာ။ ၉ နာရီခွဲလောက်မှာ စပစ်တော့ ပြေးကြတော့ ၁၀ နာရီလောက်မှာ တံတားကျိုးတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက Myanmar Now ကို ပြောသည်။

“အရှေ့စည်းရွာမှာ စပစ်တော့ ဒိုးနွယ်က လူတွေရော ရှောင်ကြရတာ။ ရှောင်တော့ ဒိုးနွယ်ရွာကတော့ များတာပေါ့။ အရှေ့စည်းက လူတွေလည်း သေတယ်”

မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ယာခင်းများအတွင်း တိမ်းရှောင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

တံတားသည် ဒိုးနွယ်ရွာအနီး မြစ်သာမြစ်ကို ဖြတ်ကာ ဒေသအတွင်း ကူးလူးဖြတ်သန်းရန် တည်ဆောက်ထားသည့် ပေ ၂၀၀ ကျော်ရှည်ကာ အလျား ၅ ပေကျော် ကျယ်ဝန်းသည့် ဝါးတံတားအမျိုးအစားဖြစ်သည်။

“မိုးကုန်သွားပြီဆိုရင် မြစ်ရေခန်းချိန်မျိုးဆိုရင် ဝါးတံတားတွေ ထိုးထားတာ။ စစ်ဘေးရှောင်တွေက ဆိုင်ကယ်တွေရော၊ ခြေလျင်တွေရော ပြေးကြမှာပေါ့။ အဲဒါကျတော့ အစွန်အဖျားကို နင်းမိတာမျိုးဖြစ်ပြီး တံတားက ကျိုးကျသွားပြီး မြစ်ရေထဲ မျောပါသွားတယ်ဆိုတာမျိုး ဖြစ်မယ်လို့ ခန့်မှန်းရတာပဲ” ဟု ကလေးမြို့နယ် အခြားဒေသခံတစ်ဦးက ပြောသည်။

တံတားကျိုးကျမှုကြောင့် အသက် တစ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး၊ အသက်ကြီးပိုင်း အမျိုးသားများအပါအဝင် လူငယ်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ကလေးမြို့နယ် ဒေသခံနောက်တစ်ဦးကလည်း ဆယ်ယူရရှိသည့်အထဲတွင် ၁၀ နှစ်ဝန်းကျင် ကလေး ၄ ဦး၏ ရုပ်အလောင်းများ ပါဝင်ကြောင်း ယနေ့ ပြောသည်။

“ဒီနေ့ သိရသလောက်တော့ အလောင်းက ၇ လောင်းရသွားပြီ။ မနေ့က ရင်ခွင်ပိုက်ကလေးလေးတစ်ယောက် ပြုတ်ကျသွားတယ်ဆိုတဲ့ အဲဒီကလေးလေးရဲ့အလောင်းက မရသေးဘူး။ ဒီကလေးလေးရော ပါသွားတာ သေချာတော့ ၈ ယောက် (သေဆုံးတယ်ဆိုတာ) တော့ သိရပြီ” ဟု ဆိုသည်။

“ပြုတ်ကျတဲ့အထဲမှာ ဆိုင်ကယ်ချည်းပဲ ၁၀ စီး ဆယ်လို့ရပြီးပြီဆိုတော့ လူကတော့ ဒီထက်ပိုပြီးတော့ များမယ်ပေါ့၊ သေတဲ့သူက။ ဆက်တိုက်တော့ဆယ်နေတာ၊ တချို့အလောင်းတွေ ခုထိတော့ မတွေ့သေးဘူး”

စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းတွင် ဧပြီ ၂၁ မှစ၍ နေ့စဉ်ရက်ဆက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

အရာရှိအဆင့် ၃ ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးသူ များလာပြီးနောက် ကလေးမြို့ဘက်မှတစ်ဆင့် စစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသည်။

အရှေ့စည်းရွာအနီးတွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ယမန်နေ့ နံနက် ၈ နာရီကျော်မှစ၍ ည ၇ နာရီဝန်းကျင်အထိ တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ သေနတ် ၄ လက် သိမ်းဆည်းရမိကြောင်း တိုက်ခိုက်ရာ၌ ပါဝင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့များက ဧပြီ ၂၇ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ထိုစစ်ကြောင်းကို အင်အားဖြည့်တင်းရန် ကလေးမြို့နည်းပညာတက္ကသိုလ်မှတစ်ဆင့် ထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို သာယာကုန်းရွာနှင့် ထောက်ကြန့်ရွာအနီးတွင် ဝိုင်းဝန်းတိုက်ခိုက်ကြရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တက္ကသိုလ်ဘက်သို့ တပ်ပြန်ဆုတ်သွားခဲ့ကြောင်း PDF (ကလေး) က သတင်းထုတ်ပြန်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း PDF (ကလေး) အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး RKDF (Ranger Kalay Defense Force) မှ အဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြီး အထိနာနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားခြင်း မရှိသေးပါ။

အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့သည့် ကလေးမြို့တွင် ကျေးရွာပေါင်း ၁၀၀ ကျော် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားကြောင်း စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ တွင် PDF (ကလေး) က ထုတ်ပြန်ထားသည်။


View the original.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia