မန္တလေး မဟာအောင်မြေအမတ်၏အစ်ကို သတ်ဖြတ်ခံရ

မန္တလေး မဟာအောင်မြေအမတ်၏အစ်ကို သတ်ဖြတ်ခံရ

သတ်ဖြတ်ခံရသည့် အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ဦးဖုန်းမြင့်မိုး (ခ) ကိုမိုးနှင့် “သွေးသောက်” အဖွဲ့ စာတန်းပါ လည်ဆွဲကတ်အား နေအိမ်တစ်ခုတွင် ချိတ်ဆွဲထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့၊ သွေးသောက်တယ်လီဂရမ်)  

ပျူစောထီးအဖွဲ့ကဲ့သို့ လှုပ်ရှားနေသည့်၊ ရက်ပိုင်းအတွင်း လူသိများလာသည့် “သွေးသောက်”အဖွဲ့က မန္တလေးဒေသခံတို့ကို သတ်ဖြတ်လိုက်ကြောင်း တယ်လီဂရမ်တွင် ကြေညာထားသည်။   

By Myanmar Now

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏အစ်ကိုဖြစ်သူ၏ ဒဏ်ရာအများအပြားနှင့် ရုပ်အလောင်းကို ယနေ့ (ဧပြီ ၂၇) နံနက်က ရွှေလောင်းရပ်ကွက်၊ ၂၆ (B) လမ်းအနီး စွန့်ပစ်ခံထားရသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

အသက် ၅၀ ဝန်းကျင်အရွယ် ဦးဖုန်းမြင့်မိုး ခေါ် ကိုမိုးသည် ဧပြီ ၂၄ ညနေ ၄ နာရီဝန်းကျင်တွင် ၈၄ လမ်း (၄၂ လမ်းနှင့် ၄၃ လမ်း)၊ ဧဒင်ခန်းမရှေ့၌ လူတစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“အရပ်ဝတ်တွေနဲ့ လေးငါးယောက်က ဗင်ကားနဲ့ ဖမ်းခေါ်သွားတာလို့ မြင်လိုက်သူတွေရှိတယ်။ ဒီနေ့ကျတော့ ဓား၊ ပုဆိန်တို့နဲ့ ခုတ်ထစ်ထားပြီး ရုပ်ပျက်ဆင်းပျက်အသတ်ခံထားရတာ။ ပခုံးမှာဆို တော်တော်ကြီးတဲ့ ဓားဒဏ်ရာ။ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လူမဆန်စွာသတ်ထားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံအမျိုးသားက ပြောသည်။

မဟာအောင်မြေမြို့နယ်တွင်ပင် နေထိုင်သည့် ဦးဖုန်းမြင့်မိုးသည် တွင်ခုံလုပ်ငန်းလုပ်ကိုင်ပြီး အနေအထိုင်အေးဆေးသူဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်သူဖြစ်သောကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်ကြောင်း ထိုသူက ဆိုသည်။

“သူက အတော်အနေအေးတယ်ဗျာ။ ဘာနိုင်ငံရေးမှလည်း သိသူမဟုတ်ဘူး။ NLD ကိုယ်စားလှယ်ရဲ့ အစ်ကိုဖြစ်တာနဲ့ပဲ အသတ်ခံရတာ။ အတော် စိတ်ထဲထိခိုက်ရတယ်ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ဧပြီ ၂၅ ညပိုင်းတွင် “သွေးသောက်” ဟူသည့် အဖွဲ့တစ်ခုက ဦးဖုန်းမြင့်မိုးကို ဖမ်းဆီးထားကြောင်း ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ရေးသားထားသည်ကို တွေ့ရသည်။ အနီရောင်စစ်ဆင်ရေး ကြေညာထားပြီဖြစ်ပြီး NLD အစွန်းရောက်များကို ဦးတည်သတ်ဖြတ်သွားမည်ဟုလည်း ရေးထားသည်။

“မကြောက်ပါနဲ့ သွေးသောက်တရားစီရင်ရုံးမှာ ရှိပါတယ်။ တရားစီရင်သွားပါမည်” ဟု ၎င်းတို့က ဦးဖုန်းမြင့်မိုးကို ဖမ်းဆီးအပြီး ရေးတင်ခဲ့ကြသည်။

ရုပ်အလောင်းကို ယနေ့ နေ့လယ်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ရက်ရက်စက်စက် သတ်ထားတာဗျာ။ အလောင်းက ပစ် (သတ်) ထားတာ ကြာပြီ။ ဒီနေ့မှ ရင်ခွဲရုံရောက်မှ သိကြရတာ” ဟု သူက ဆိုသည်။

မန္တလေးတွင်ပင် ယမန်နေ့ (ဧပြီ ၂၆) က ရုပ်အလောင်းနှစ်ခု လူမြင်ကွင်းတွင် စွန့်ပစ်ထားကြောင်း တွေ့ရသည်။

လန်ဒန်ဝင်းရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ဦးသိန်းဌေးဦး၏အလောင်းကို မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း (လမ်း ၄၀ နှင့် ၄၁ ကြား) အမှိုက်ပုံတွင် လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် တွေ့ရှိရသည်။

ဦးသိန်းဌေးဦးသည် NLD ပါတီထောက်ခံအားပေးသူဖြစ်ပြီး အရပ်ဝတ်လူတစ်စုက စစ်ဆေးရန်ရှိသည်ဆိုကာ ဧပြီ ၂၆ ည ၁ နာရီတွင် ဖမ်းခေါ်သွားသည်ဟု ရပ်ကွက်နေသူတို့က ဆိုသည်။

မည်သူမည်ဝါမှန်း မသိရသေးသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၏အလောင်းကို ကျုံးအနောက်ဘက်လမ်း ၈၀ နှင့် ၁၄ လမ်း ကျုံးရေပြင်တွင် မြို့ခံများက တွေ့ရှိခဲ့ကြသည်။

“သွေးသောက်”အဖွဲ့က ထို ၂ ဦးကို ၎င်းတို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

သွေးသောက်သုံးသူ၊ သစ္စာပြုထားသော ရဲဘော်စစ်သည်ဟု အဓိပ္ပာယ်ရသည့် စကားလုံးကို သုံးထားသည့် ထိုအဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၄ ခန့်တွင် တယ်လီဂရမ်အက်ပလီကေးရှင်းတွင် ဂရုဖွဲ့ကာ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ၃ ရက်အတွင်း NLD နှင့် ဆက်စပ်သူ ၅ ဦး သတ်ဖြတ်ခံရပြီး အမျိုးသမီး ၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။

ဧပြီ ၂၄ က NLD ရပ်ကျေးဥက္ကဋ္ဌနှင့် ဇနီး၊ ၎င်းတို့နှင့် ဆွေမျိုးတော်သူ ပါတီဝင်အမျိုးသားတစ်ဦးတို့ကို “သွေးသောက်” ဟူသည့် အဖွဲ့က ဖမ်းဆီးခဲ့ပြီး အမျိုးသား ၂ ဦး၏အလောင်းနှင့် ဒဏ်ရာရအမျိုးသမီးကို လမ်းမပေါ် စွန့်ပစ်ခဲ့သည်။ ရုပ်အလောင်းများတွင် “သွေးသောက်” ဟူသည့် လည်ဆွဲကတ် ချိတ်ဆွဲထားသည်။

ယမန်နေ့က တွေ့ရှိသည့် အလောင်း ၂ လောင်းတွင်မူ လည်ဆွဲကတ်မပါဝင်သော်လည်း တစ်ဦး၏ နေအိမ်တွင်မူ လာရောက်ဖမ်းဆီးစဉ်က ထိုကတ် ချိတ်ထားခဲ့သည်ဟု ဆိုသည်။

လွှတ်တော်အမတ်၏ အစ်ကိုအလောင်းတွင်လည်း ကတ်ချိတ်ဆွဲထားကြောင်း၊ ရုပ်အလောင်းတွင် ဆေးလိပ်မီးနှင့် တို့ထားသည်ဟု ယူဆရသည့် ဒဏ်ရာအများအပြား တွေ့ရကြောင်း သိရသည်။

သွေးသောက်လူသတ်အဖွဲ့တွင် လူဆိုးလူရမ်းကားများ၊ စစ်တပ်ထောက်ခံသူများ၊ အမျိုး ဘာသာ သာသနာအဖွဲ့ဝင်များ၊ စစ်ကောင်စီဘက်တော်သား ပါတီဝင်များ ပါဝင်ဖွယ်ရှိသည်ဟု မြို့ခံများက ယူဆနေသည်။

ဒေသအသီးသီးတွင် ပြည်သူအများအပြားကို သတ်ဖြတ်မှုများအတွက် တာဝန်ရှိသော စစ်ကောင်စီက ထိုသူတို့ကို လက်နက်ထောက်ပံ့ပေးထားသလို အဖွဲ့ပေါ်ပေါက်ရေးအတွက် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စစ်တပ်က ပြည်သူချင်း သွေးခွဲပြီး ဒီကောင်တွေကို လူသတ်လိုင်စင် ထုတ်ပေးလိုက်တာပါပဲ။ မင်းတို့ သတ်။ ငါတို့ လက်နက်ပေးမယ်။ အရေးမယူဘူး။ ငါတို့ရှိမယ်ဆိုပြီး။ ပြည်သူချင်း လူသတ်ပွဲတွေ ဖန်တီးလိုက်တာပါပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုမြို့ခံက ပြောသည်။

ဒင်းတို့ (စစ်တပ်) လက်ချက်ပါပဲ။ အင်မတန်အောက်တန်းကျ အာဏာရူးလွန်းတဲ့ကောင်တွေ”

NLD ထောက်ခံသူ များပြားသော မန္တလေးမြို့တွင် ထိုသတ်ဖြတ်မှုများကြောင့် မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေကြောင်း NLD အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့ကို ထိုသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း လူသတ်မှုများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဒေသတချို့တွင် NLD ဘက်တော်သားများကို ပစ်မှတ်ထားသတ်ဖြတ်သည့် အဖွဲ့တစ်ဖွဲ့သည် စစ်အာဏာသိမ်းအပြီး သုံးလအကြာ ၂၀၂၁ မေလဆန်းပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

ပျူစောထီးဟု အမည်ပေးထားသည့် ထိုအဖွဲ့သည် လူရမ်းကားများ၊ အာဏာသိမ်းမှုထောက်ခံသူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းဘက်တွင် ပြည်သူ့စစ်အဖွဲ့အများအပြား ဖွဲ့စည်းထားရာ ထိုအဖွဲ့များကိုလည်း ဒေသခံတို့က ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုကြသည်။

ပျူစောထီးနှင့် သွေးသောက်အဖွဲ့ ဆက်စပ်မှုရှိမရှိ မသိရသေးပေ။

အင်တာနက် လူမှုကွန်ရက်တွင် စစ်ကောင်စီဘက်တော်သားအများအပြားက ပျူစောထီးလုပ်ရပ်များကို ထောက်ခံခဲ့ကြသကဲ့သို့ သွေးသောက်အဖွဲ့၏ သတ်ဖြတ်မှုများကိုလည်း နှစ်သက်ထောက်ခံကြောင်း ရေးသားမျှဝေနေကြသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia