မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံရ၊ အလောင်းကို လမ်းပေါ်ပစ်ချ

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံရ၊ အလောင်းကို လမ်းပေါ်ပစ်ချ

မန္တလေးမြို့ လူထုသပိတ်တွင် စုရုံးခဲ့သော NLD ပါတီဝင်များအား ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)  

မဟာအောင်မြေမြို့နယ်မှ NLD ပါတီဝင်တစ်ဦးနှင့် ချမ်းအေးသာစံမြို့နယ်မှ ပါတီရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို ညပိုင်းတွင် လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးပြီး နောက်တစ်နေ့ နံနက်တွင် အလောင်းများ လာရောက်ပစ်ချသွားသည်။​  

By Myanmar Now

မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လမ်းပေါ်ပစ်ချသွားသည့် လုပ်ရပ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ မဟာအောင်မြေမြို့နယ်မှ ဦးတင်ဆိုသူ NLD ပါတီဝင်နှင့် ချမ်းအေးသာစံမြို့နယ်မှ ပါတီရပ်ကျေးဥက္ကဋ္ဌ ထိုမြို့နယ် ၃၄ လမ်းရှိ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခတို့ဖြစ်ကာ ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့တွင် သေဆုံးနေသည့် ဦးခင်မောင်သိန်း၏ ရုပ်အလောင်းနှင့် ဒဏ်ရာအပြင်းအထန်ရရှိထားသော ဒေါ်ခကို လာရောက်ပစ်ချထားကြောင်း၊ အလောင်းတွင် “သွေးသောက်အဖွဲ့” ဟူသော စာပါလည်ဆွဲကတ် ချိတ်ပေးထားကြောင်း မြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောသည်။​

“ကျွန်တော်တို့ရုံးရှေ့မှာ ပစ်သွားတာ။ အမျိုးသားဖြစ်သူကို သတ်ပြီး အလောင်းပါ ပစ်ချသွားတယ်။ အလောင်းမှာ လည်ဆွဲကတ် ချိတ်ပေးခဲ့တယ်လို့ ပြောတယ်။ ဖမ်းတာကလည်း ဘယ်သူတွေမှန်းမသိဘူး။ လာပစ်ချတာတော့ ရဲကားနဲ့ ဆိုပြီး မြင်လိုက်သူတွေရှိတယ်” ဟု ၎င်းက ပြောသည်။​

ဦးခင်မောင်သိန်း၏ဇနီး ဒေါ်ခမှာ ရင်ဘက်တွင် သေနတ်ဒဏ်ရာရထားသောကြောင့် ခွဲစိတ်ကုသနေရသည်ဟု မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

“ရင်ဘတ်သေနတ်မှန်ထားတာ။ အခု ခွဲစိတ်ဖို့ လုပ်နေကြတုန်းပါ။ နှိပ်စက်ပြီးတော့မှ ပစ်ခဲ့တာ။ ဦးလေးကတော့ ဆုံးသွားပြီလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ညက ဖမ်းဆီးခံရသည့် မဟာအောင်မြေမြို့နယ်မှ ဦးတင်ဆိုသူ NLD ပါတီဝင်၏ အလောင်းကိုလည်း ၁၉ လမ်းရှိ တန်ဖိုးနည်းအိမ်ရာတွင် လာရောက်ပစ်ချသွားပြီး “သွေးသောက်အဖွဲ့” ဟူသော လည်ဆွဲကတ် ဆွဲပေးထားသည်ဟု သိရသည်။​

သွေးသောက်အဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ပင်ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ဆိုပြီး ထိုအဖွဲ့၏ အနီရောင်စစ်ဆင်ရေးဆိုသော ကြေညာချက်တစ်စောင်လည်း ယမန်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံခဲ့သည်။

“မိမိတို့သွေးသောက်အဖွဲ့မှ NLD ပါတီထောက်ခံသူများနှင့် NLD အစွန်းရောက်များ၊ PDF နှင့် ဆက်နွှယ်နေသည့် မိသားစုများကို လက်စတုံး ချေမှုန်းရန်အတွက် အနီရောင်စစ်ဆင်ရေးအဖြစ် ကြေညာကြောင်း” ထို ကြေညာချက်တွင် ရေးသားထားသည်။

ယင်းကြေညာချက်နှင့် ပတ်သတ်ပြီး မြို့ခံတစ်ဦးက “ပျူစောထီးတွေ ထုတ်တဲ့စာပေါ့။ ဒီအဖွဲ့ကလည်း သူတို့  စစ်တပ်ဖွဲ့ပေးထားတဲ့အဖွဲ့ပါပဲ။ မဆိုင်တဲ့မိသားစုဝင်တွေကို လုပ်မယ်ဆိုတာက တော်လှန်ရေးကို ပုံဖျက်သလို ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံမှာ NLD ထောက်ခံသူများဖြစ်၍ စစ်ကောင်စီက သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း အခြားမန္တလေးမြို့ခံတစ်ဦးကလည်း ဆိုသည်။​

“သူတို့က ဝန်ကြီးချုပ်နဲ့ (ဒေါက်တာဇော်မြင့်မောင်) လည်း အရမ်းရင်းနှီးတယ်။ အရင်က ပါတီအောင်နိုင်ရေးတွေမှာ အရမ်းလုပ်ခဲ့တယ်ပေါ့။ ကျွန်တော်တို့ကြားတာက ဖမ်းဆီးသွားတာ ဟုတ်တယ်။ ဦးခင်မောင်သိန်းက သေနတ်ဒဏ်ရာနဲ့ သေတယ်။ ဒေါ်ခ သေမသေက အတည်မပြုနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းများနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။​

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် NLD ပါတီထောက်ခံသူများ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းပစ်ချသည့်ဖြစ်စဉ် ရှိခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်း မဟာအောင်မြေမြို့နယ်မှ NLD ထောက်ခံသူ အသက် ၅၀ အရွယ် ကိုပေါက်ဆိုသူကို အရပ်ဝတ်များက လာရောက်ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လမ်းလယ်ကျွန်းပေါ်၌ အလောင်းပစ်ချသွားသည်။

အောက်တိုဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်မှ NLD ထောက်ခံသူ အမျိုးသားသုံးဦးကို စစ်တပ်က လာရောက်ဖမ်းဆီးပြီး နောက်တစ်ရက်တွင် NLD ရုံးရှေ့တွင် သေနတ်ဒဏ်ရာဖြင့် အလောင်းများကို လာရောက်ပစ်ချသွားခဲ့သည်။


View the original.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia