24 April 2022
ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုသက်ပိုင်ဦး၊ ကိုဟိန်းထက်၊ ကိုခန့်လင်းမောင်မောင် (ဝဲမှယာ)။ ဓာတ်ပုံ- ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ။
ထိုလူငယ်များမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်လေ့ရှိရာ ရက်စက်စွာဖိနှိပ်နေသည့် စစ်ကောင်စီကြောင့် အသက်အန္တရာယ်စိုးရိမ်မှုများရှိနေသည်
By Myanmar Now
ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးသည် ဧပြီ ၂၁ ရက်မှစ၍ မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ်မရဘဲ တစ်ပြိုင်တည်းပျောက်ဆုံးနေ၍ စစ်ကောင်စီက ဖမ်းသွားပြီဟု ယူဆရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောသည်။
ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်တို့မှာ ဧပြီ ၂၁ ရက်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကာ နောက်တစ်ရက်တွင် ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်ဆိုသူနှစ်ဦးပါ အဆက်အသွယ်မရတော့ကြောင်း သိရသည်။
ပျောက်ဆုံးနေသူများအနက် တစ်ဦးနှင့် ထိုနေ့ မွန်းလွဲပိုင်းအဆက်အသွယ်ရချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ၎င်းတို့နေထိုင်ရာ လမ်းအတွင်းသို့ စစ်ကားဝင်လာသည်ဟု သိခဲ့ရကြောင်း ကိုမင်းဟန်ထက်က ပြောသည်။
ပျောက်ဆုံးနေသူတို့၏ အသေးစိတ်အချက်အလက်များနှင့် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ကျနော်တို့ထင်တာတော့ စစ်ကောင်စီကပဲ ဖမ်းဆီးသွားတာလို့ သံသယရှိပါတယ်။ သူတို့မိသားစုတွေကလည်း အဲဒီလိုသံသယရှိလို့ မြို့နယ်ရဲစခန်းတွေကို လိုက်ပြီးစုံစမ်းနေတယ် ဒါပေမဲ့ သတင်းထပ်မရသေးဘူး” ဟု ကိုမင်းဟန်ထက်က ပြောသည်။
ထိုကျောင်းသား ၇ ဦးစလုံးမှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မဟုတ်ဟု ၎င်းက အခိုင်အမာပြောသည်။ သို့သော် ၎င်းတို့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်နေကြသူများဖြစ်ကြောင်း ကိုမင်းဟန်ထက်ထံမှ သိရသည်။
ပျောက်ဆုံးကျောင်းသား ၇ ဦးနှင့် ပတ်သတ်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) တို့ကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အကြောင်းကြားထားသည်ဟု ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက် နည်းမျိုးစုံဖြင့် ဖြိုခွင်းနေသော်လည်း လူနေထူထပ်သည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် လူငယ်တို့ဦးဆောင်သည့် ဆန္ဒပြပွဲများရှိနေဆဲဖြစ်သည်။
ထို့အတူ စစ်ကောင်စီကို အာခံသည့် ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေရာ ရန်ကုန်သည်လည်း အပါအဝင်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီ ၂၂ ရက်စာရင်းအရ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှ ထိုနေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် သေသူ ၂၀၀၀ နီးပါး၊ ဖမ်းခံရ သူ ၁၄၀၀၀ နီးပါးရှိကြောင်း သိရသည်။
ပျောက်ဆုံးနေသော ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ထို့အတူ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) မှ ကျောင်းသား ကိုထက်ပိုင်စိုးလည်း ပြီးခဲ့သည့် ဧပြီ ၂၁ က စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ ) ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်အန္တရာယ်ထိခိုက်မှုရှိမည်ကို မိသားစုဝင်များမှ စိုးရိမ်လျက်ရှိသည်ဟု သမဂ္ဂက ထုတ်ပြန်ထားပြီး မည့်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို အသေးစိတ်ဖော်ပြခြင်း မရှိပေ။
“အဓိက ဒီအချိန်မှာ စိုးရိမ်တာက အသက်အန္တရာယ်ပေါ့။ အရှေ့မှာလည်း ဒီလိုဖြစ်စဉ်တွေ အများကြီးရှိတယ်။ စစ်ကြောရေးမှာ လူမသိသူမသိလိုက်ဘဲနဲ့ ကျဆုံးသွားတဲ့အနေအထားမျိုးတွေရှိတော့ အင်မတန်စိုးရိမ်ပါတယ်။ သူတို့ ဘယ်ရောက်နေလဲ ဘာဖြစ်နေလဲ ဘာအမှုတွေနဲ့ စွဲထားတာလဲ ဘာလို့ဖမ်းတာလဲဆိုတာ ကျနော်တို့မဟုတ်တောင် သူတို့ရဲ့မိသားစုက သိဖို့လိုတယ်” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.