ထောင်မှ လွတ်သည့်နေ့တွင် မိဘနှစ်ပါးနာရေးနှင့် ကြုံရသူ

ထောင်မှ လွတ်သည့်နေ့တွင် မိဘနှစ်ပါးနာရေးနှင့် ကြုံရသူ

၂၀၂၁ ဇူလိုင်လက ကိုဗစ်အသည်းအသန်လူနာများအတွက် လိုအပ်သည့် အောက်စီဂျင်ရရှိရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်တွင် တွေ့ရစဉ်

အကျဉ်းထောင်မှ ပြန်လွတ်သည့်နေ့သည် အပျော်ဆုံးနေ့ ဖြစ်တတ်သော်လည်း ရန်ကုန်မှ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးမှာ ထိုနေ့သည် ဝမ်းနည်းဖွယ်အကောင်းဆုံးနေ့ ဖြစ်ခဲ့သည်။  

By Myanmar Now

ကုန်လွန်ခဲ့သောနှစ် မိုးရာသီနှောင်းပိုင်းတွင် ဖြစ်သည်။ အသက် လေးဆယ်ကျော်အရွယ် ဒေါ်ဒေစီကျော်စိုးတစ်ယောက် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ စစ်ကောင်စီ လွတ်ငြိမ်းသာခွင့်အမိန့်နှင့် အိမ်ပြန်ရန်ရက်ကို ရောက်ရှိလာခဲ့သည်။

၂၀၂၁ နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော ဝန်ထမ်းများ ရုံးမသွားဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့မှုကြောင့် ငါးလတာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းပင်။

အသက်ကြီးရင့်ပြီဖြစ်သော မိအိုဖအိုများ၊ သားသမီးများနှင့် မိသားစုစုံစုံလင်လင်တွေ့ဆုံရမည့် အရေးကို ကြိုတွေးကာ အိမ်ပြန်လမ်းတစ်လျှောက် ပီတိဖြာလျက်ရှိသည်။ အကျဉ်းကျသူတို့မှာ အိမ်ပြန်ချိန်မိသားစုက ဖက်လဲတကင်းကြိုဆိုခြင်း၊ လက်စုံထမင်းဝိုင်းစားခြင်းတို့ကို အထူးမျှော်လင့်ကြသည်ချည်းပင်ဖြစ်သည်။

“ကိုယ်က ထောင်ကနေ ထွက်လာတော့ ကိုယ့်မိသားစု အရမ်းပျော်ရမယ်ပေါ့၊ ကိုယ့်ကိုယ်လာခေါ်တဲ့ ကားပေါ်မှာ ဖုန်းဆက်သေးတယ် ကိုယ်က တစ်ခုခုဆို အမေ့ဖုန်းကို ဆက်နေကျဆိုတော့ အဲဒီနေ့က အမေက ဖုန်းမကိုင်ဘူး”

မိသားစုဝင်တချို့က လာရောက်ကြိုဆိုကြပြီး နေအိမ်အနီး ဆွေမျိုးအိမ်တစ်အိမ်သို့ အရင်ဆုံးခေါ်သွားခဲ့သည်။ ထိုအိမ်ကို ရောက်သည်နှင့်ပင် မိခင်ဖြစ်သူ၏ မိတ်ဆွေများကို တွေ့ရသည့်တိုင် ဘာဖြစ်နေမှန်း မသိခဲ့ပေ။

သွေးအေး နှုတ်ဆိတ်နေသော မိသားစုများကို အကြိမ်ကြိမ်မေးမြန်းပြီးနောက်တွင် မိဘနှစ်ပါးလုံး ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ကြောင်း ရင်ကွဲပက်လက် သိလိုက်ရတော့သည်။

“အမေရော အဖေရော ဆိုတော့ ဟာ ငါ့ဘဝကြီးဟာ အဲ့လောက်တောင်ပဲလားဆိုတော့ လုံးဝ သတိလစ်သွားချင်သလိုလိုဖြစ်တယ်၊ အိမ်မှာ ကိုယ်တွေ့ရတဲ့ မြင်ကွင်းက အဖေနဲ့ အမေနဲ့က သုံးရက်ပဲကွာတော့ ဓာတ်ပုံလေးတွေ ထောင်ပြီးတော့ ပန်းအိုးလေးတွေ နဲ့အဲဒါပဲမြင်ရတော့တာပေါ့နော်”

စစ်ကောင်စီက ပထမအကြိမ် ဇွန် ၃၀ တွင် လွတ်ငြိမ်းသက်သာမိန့်ဖြင့် လူထောင်နှင့်ချီ ပြန်လွှတ်ပေးချိန်တွင် သူ့မိဘများက လွှတ်စာရင်းတွင် သမီးဖြစ်သူပါဝင်နိုးဖြင့် မျှော်လင့်နေခဲ့ကြသည်။

“ဇွန်လ ၃၀ ရက်နေ့မှာ ကျမ မလွတ်လာတဲ့နောက်ပိုင်းမှာ အမေက စိတ်ထိခိုက်သွားတာ၊ တစ်ညလုံး မျှော်တာ၊ တက္ကစီနဲ့ ပြန်လာမယ် ပြောထားတော့ အိမ်ရှေ့ ကားဖြတ်တိုင်း မျှော်တာ၊ နောက်ဆုံး ဆောက်တည်ရာမရ ဖြစ်သွားတာ”

ဖမ်းဆီးထိန်းသိမ်းခံရချိန် ငါးလအတွင်း မိသားစုနှင့် တွေ့ဆုံခွင့်မရခြင်းကြောင့် ပြန်လည်လွတ်မြောက်လာချိန်တွင် ကြုံတွေ့ခဲ့ရသည်များကို အားပါးတရ ပြောပြရန် အားတင်းခဲ့သော်လည်း မိဘများကို သက်ဆုံးတိုင် ပြန်ပြောပြခွင့် မရတော့ပေ။

ထောင်ဝင်စာ ပုံမှန်ချက်ပြုတ်ပေးနေသော အသက် ၆၀ ကျော်အရွယ် မိခင်မှာ ဆီးချိုရောဂါအခံရှိသူဖြစ်သော်လည်း နေကောင်းကျန်းမာသူတစ်ဦး ဖြစ်ခဲ့သည်။ ပထမအကြိမ် လွတ်ငြိမ်းခွင့်ပေးစဉ် ဒေါ်ဒေစီလွတ်မြောက်ခဲ့ပါက မိဘများနေမကောင်းချိန်တွင် ပြုစုခွင့် စကားပြောခွင့်များ ရလိုက်မည်ဖြစ်သည်။

“အမေက သုံးရက်ပဲ၊ ရုတ်တရက်ကြီး အကောင်းကြီးမတ်တတ် ချက်ပြုတ်ကျွေးမွေးနေတာကနေပြီးတော့ သုံးရက်မြောက်နေ့မှာ ဆေးခန်းက ပြန်လာပြီးတော့ ညနေဘက် အသက်ရှူကျပ်တယ်ဆိုပြီး ဆေးခန်းသွားလိုက်တာ လမ်းမှာတင် ဆုံးသွားတာတဲ့”

မိခင်ဖြစ်သူက ထောင်သို့ စာရေးသားကာ အမြဲအားပေးနေကျဖြစ်သည်။ မလွတ်မြောက်ခင် ရက်ပိုင်းအတွင်း ပုံမှန်ထောင်ဝင်စာ စားစရာများ ရောက်မလာခြင်း၊ စာများ ရောက်မလာခြင်းများကြောင့် စိုးရိမ်ခဲ့ရသည်။

ထိုအချိန် ပြင်ပတွင် မိဘနှစ်ပါးကို ကိုဗစ်နိုင်တင်းကြားမှ မိသားစုက အသက်လုနေရချိန်ဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ချိန်လည်းဖြစ်နေသည်။ ၎င်းလွတ်မြောက်သောရက်နှင့် မိဘများသေဆုံးသော ရက်များသည် တစ်ပတ်ခန့်သာ ကွာသည်။

“ဘဝကြီးမှာ တစ်ခါမှလည်း ဒီလိုမဖြစ်ဖူးဘူး ဘယ်လိုမှလည်း မယုံကြည်နိုင်ဘူး”

အသက် ၇၀ ကျော်အရွယ် ဖခင်ဖြစ်သူမှာ သမီးဖြစ်သူ ဖမ်းဆီးခံထားရစဉ် ၅ လတာလုံး ထမင်းလုံးဝမစားတော့ဘဲ စိတ်ရောကိုယ်ပါ လုံးပါးပါးနေခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာချိန်မှ သိရှိခဲ့ရသည်။ လူ့လောကတွင် ကံအဆိုးဆုံးလူသားတစ်ယောက်အဖြစ် ခံစားနေရခြင်းဖြစ်သည်။

“ဒီလိုအခြေအနေနဲ့လည်း အဖေအမေ ဆုံးတဲ့အချိန်မှာ အနားမှာမရှိဘူးလို့လည်း မစဉ်းစားဖူးဘူး၊ နောက် အဖေနဲ့ အမေကလည်း သုံးရက်ပဲကွာပြီးတော့ တစ်ခါတည်း ကိုယ့်ဘဝထဲကနေ ထွက်သွားမယ်လို့လည်း တစ်ခါမှလည်း မတွေးမိဘူးပေါ့”

ပြည်တွင်း ကိုဗစ်နိုင်တင်းတတိယလှိုင်းပြင်းထန်နေချိန်တွင် လူနာများ အောက်စီဂျင်ပြတ်တောက်မှုကြောင့် တဖြုတ်ဖြုတ်သေဆုံးနေကြချိန်ဖြစ်သည်။ ထိုအချိန်တွင် စစ်ကောင်စီကလည်း အောက်စီဂျင်ပေးဝေမှုကို အကန့်အသတ်များဖြင့် နည်းမျိုးစုံ ထိန်းချုပ်ထားချိန်ဖြစ်သည်။

ဒေါ်ဒေစီကျော်စိုး ပြန်လည်လွတ်မြောက်လာချိန်တွင် ဝန်ထမ်းလိုင်းခန်းနေအိမ်မှ ဖယ်ရှားခံရသော်လည်း ယနေ့တိုင် CDM တွင် ဆက်လက်ပါဝင်နေသည်။

အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားမိသားစုများတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရမှုများ၊ စစ်အုပ်စုက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရမှုများ စသည်တို့ကြောင့် မိသားစုမစုံလင်ကြသူများလည်း ရှိကြသည်။

သို့သော် မိဘနှစ်ပါးလုံး ရက်ပိုင်းတွင်း သေဆုံးခဲ့ရသည့်အဖြစ်ကို ထောင်က လွတ်လာချင်း ကြုံဆုံခဲ့ရသည်မှာ ၎င်းတစ်ယောက်တည်းဖြစ်လိမ့်မည်ဟု ယူဆနေသည်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရမှုများသည် လအတော်ကြာသွားသည့်တိုင်အောင် မေ့ပျောက်မသွားဘဲ ရောဂါများပင် တိုးလာကြောင်း ပြောပြသည်။ နေ့စဉ် မိဘများကို သတိရလျက်သာရှိတော့သည်။

“ကိုယ်ငိုချင်ရင် ကလေးတွေ အိပ်သွားမှ ရေချိုးခန်းထဲမှာ ရေဖွင့်ချထားပြီး အော်အော်ပြီး ငိုခဲ့ရတာ၊ ညဘက်ကြရင် အော်ငို မနက် ကလေးတွေရှေ့မှာ ဘာမှမဖြစ်သလိုနေ၊ နောက်ပိုင်း ညဘက်မအိပ်တာတွေ များလာတော့ ရောဂါတွေတိုးလာတာပေါ့”

စစ်ကောင်စီကို နည်းလမ်းမျိုးစုံ ဆန့်ကျင် တွန်းလှန်နေသူများထဲတွင် သူ့ကဲ့သို့ CDM ဝန်ထမ်း နိုင်ကျဉ်းဟောင်းမှာ အမေ့လျော့ခံပုဂ္ဂိုလ်ဖြစ်လာသည်ဟု ဒေါ်ဒေစီကျော်စိုးယူဆလာသည်။

ကြားဖူးနားဝရှိသည့် CDM လစာ ဆိုသည်ကိုလည်း သူ မရရှိသေးသည့် ယနေ့ကာလတွင် ဒေါ်ဒေစီကျော်စိုးက အခက်အခဲများကို ဆက်လက် ကြံ့ကြံ့ခံနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia