မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌကို မတွေ့၍ ဖမ်းခံရသည့် ဇနီးသည် သတင်းပျောက်နေ

မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌကို မတွေ့၍ ဖမ်းခံရသည့် ဇနီးသည် သတင်းပျောက်နေ

မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် ဇနီး ဒေါ်စိုးစိုး။ ဓာတ်ပုံ – ပေးပို့။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် မန္တလေးမှ အမျိုးသမီးတစ်ဦး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသည့်ပြင် စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။  

By Myanmar Now

မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ၏ ဇနီးဖြစ်သူ အသက်၅၀ အရွယ် ဒေါ်စိုးစိုး နေအိမ်တွင် ဖမ်းဆီးခံရသည်မှာ ၁၀ ရက်ကြာပြီဖြစ်သော်လည်း သတင်းအစအန ပျောက်နေသည်။

ဧပြီ ၉ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်၊ ၃၆လမ်း၊ ၇၁ လမ်းအနီးရှိ နေအိမ်သို့ ရောက်လာသည့် စစ်ကောင်စီတပ်က  ဦးကိုကိုလေးကို မတွေ့သဖြင့် ဇနီးသည်ကို ဓားစာခံအဖြစ် ဖမ်းသွားခြင်း ဖြစ်သည်ဟု  မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“စုံစမ်းနေတုန်းပါ။ မိသားစုကလည်း ပြေးနေရတော့ အဆက်အသွယ်မရဘူး။ ဇနီးဖြစ်သူက ရိုးရိုးအရပ်သူပါ ”ဟု ၎င်းက ပြောသည်။

ဒေါ်စိုးစိုး မည်သည့်နေရာ၌ ဖမ်းဆီးခံထားရသည်ကိုပင် စုံစမ်း၍ မရသေးဟု ထိုသူက ဆက်ပြောသည်။

ထို့ပြင် ဒေါ်စိုးစိုး၏ နေအိမ်အနီးရှိ ကွမ်းယာရောင်းသူ အမျိုးသမီးနှင့် အခြားအမျိုးသား ၂ ဦးတို့ကို ဧပြီ ၁၈ ရက် ညနေပိုင်းတွင် စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားကြောင်း၊ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုမူ တိတိကျကျမသိရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ ဆန္ဒပြဆန့်ကျင်မှု၊ လက်နက်ကိုင်ခုခံမှု အားကောင်းနေဆဲ မန္တလေးတွင် စစ်ကောင်စီက ဖမ်းသွားပြီးနောက် သတင်းအစအနစုံစမ်းမရသူများ၊ သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားသော်လည်း အလောင်းပင်ပြန်မရသည့် ဖြစ်စဉ်များရှိသည်။

စစ်ကောင်စီ၏ မန္တလေးနန်းတွင်းတွင် ဖွင့်လှစ်ထားသည့် စစ်ကြောရေးစခန်းမှာ ရဟန်း၊ သံဃာများကိုပင်မချန် အလွန်အမင်းနှိပ်စက်သည်ဟု နာမည်ကြီးသည်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သည်လည်း ဆေးကုသခွင့် လုံလောက်စွာမပေး၊ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းခံရသူတို့ကို ဖိနှိပ်သည်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည်။

စစ်ကောင်စီက မိသားစုဝင်တို့ကို ဓားစာခံအဖြစ် ဖမ်းလေ့ရှိပြီး အလိုရှိသူကို မိချိန်တွင်ပင် ပြန်မလွှတ်ဘဲ ပုဒ်မတပ်ထောင်ချသည့် ဖြစ်စဉ်များ၊ မိသားစုနေအိမ်တို့ကို ချိတ်ပိတ်သည့် ဖြစ်စဉ်များ မန္တလေးတွင် ရှိနေသည်။

ဒေါ်စိုးစိုး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များထံ ဆက်သွယ်၍ မရသေးသလို သက်ဆိုင်ရာ ရဲစခန်းနှင့် စစ်ကောင်စီထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိပါ။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ဓားစာခံတို့အကြောင်း ဖော်ပြလေ့မရှိပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးချိန်မှစ၍ အာဏာရ NLD ပါတီဝင် ၆၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းကာ ပုဒ်မမျိုးစုံတပ်ထားသည်ဟု ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက အတည်ပြုထားသည်။

ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များကြား  အဆက်အသွယ်ပြန်လည်ရရှိစေရန် လုပ်ကိုင်နေသည့် ICRC ခေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက မြန်မာနိုင်ငံအကျဉ်းစခန်းများကို ပြန်လည်ဝင်ရောက်ခွင့် ရှိမရှိ မသိရသေးပေ။

ဖမ်းဆီးခံရပါက ထိုသူ၏ မိသားစုဝင်ကိုယ်တိုင် ဆက်သွယ်သတင်းပို့ပါက မြန်မာပြည်ရုံးခွဲများက မှတ်တမ်းတင်ထားသည်ဟု သိရသည်။

အီးမေးနှင့် ဆက်သွယ်နိုင်သလို ဖုန်းနှင့်လည်း ဆက်သွယ်နိုင်သည်ဟု ICRC က ဆိုသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia