တော်လှန်သင်္ကြန်ကို ရန်ကုန်မြို့က တိတ်ဆိတ်စွာကြိုဆို

တော်လှန်သင်္ကြန်ကို ရန်ကုန်မြို့က တိတ်ဆိတ်စွာကြိုဆို

တန်ခူးလ၏ အပူဒဏ်ကို အန်တု၍ ရေသဘင်ပွဲတော်ကို မီးကုန်ရမ်းကုန် ဆင်နွှဲလေ့ရှိသော ရန်ကုန်မြို့လမ်းမများမှာ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် တိတ်ဆိတ်ခြောက်ကပ်နေသည်။  

By Myanmar Now

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသော စစ်ကောင်စီ၏ အတာသင်္ကြန် စည်ကားရန် ကြိုးပမ်းမှုမှာ ဧပြီ ၁၃၊ အကြိုနေ့၌ပင် အဟောသိကံဖြစ်ခဲ့ရသည်။

စစ်တပ်၏ အာဏာစက်ကို အာခံသည့် “အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ” လူထုလှုပ်ရှားမှု မည်မျှအားကောင်းသည်ကို လူနေအထူထပ်ဆုံး မြို့တော်ရန်ကုန်၏ သင်္ကြန်အကြိုနေ့မြင်ကွင်းများက ထင်ထင်ရှားရှားပြနေသည်။​

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သုံးနှစ်တိုင် ပျော်ပွဲရွှင်ပွဲနှင့် ဝေးကွာနေသော်လည်း စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်မှာ ခြောက်ကပ်နေသည်။ စစ်ကောင်စီက မရမကစီစဉ်ထားသည့် သင်္ကြန်မဏ္ဍပ်များတွင် လူနှင့် ကားအချို့ ရေပက်ခံထွက်ကြသည်ကို တွေ့ရသော်လည်း ရန်ကုန်နှင့် မန္တလေးအပါအဝင် နေရာအနှံ့အပြားတွင် တိတ်ဆိတ်နေသည်။

သင်္ကြန်ရက်များတွင် နှစ်စဉ် ဈေးပိုရကာ ကားဆွဲကောင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ငှားမည့်သူပင် ရှာရခက်သည်ဟု ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ အသက် ၄၀ အရွယ် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“သင်္ကြန်တဲ့၊ မြို့ကြီးက ခြောက်ကပ်နေတာ ကြောက်ဖို့တောင်ကောင်းတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့လယ် ဆူးလေလမ်းမကြီးကို ၂၀၂၂ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now  

အကြိုနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့တော်ခန်းမ၊ ဗဟိုမဏ္ဍပ်ရှေ့မြင်ကွင်းမှာ ယခင့်ယခင်နှစ်များနှင့် သိသာစွာခြားနားနေသည်။

ထိုမဏ္ဍပ်ရှေ့တွင် မြေသယ်ယာဉ်၊ မော်တော်ယာဉ်ငယ်အချို့ အကြိမ်ကြိမ် ဝင်ရောက်ရေပက်ခံသည်ကို စစ်ကောင်စီထိန်းချုပ်မီဒီယာများက ထုတ်လွှင့်ပြသသည်။ လူအနည်းငယ်လိုက်ပါလာသော ထိုမော်တော်ယာဉ်တို့မှာ မြို့တော်ခန်းမကိုပတ်ကာ စစ်ကောင်စီဗဟိုမဏ္ဍပ်ရှေ့ ဝင်ရောက်နေခြင်းဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထောက်ပြသူများလည်းရှိသည်။​

ထိုမဏ္ဍပ်တွင် ရေပက်သူ ၁၀ ဦးပင် မပြည့်၊ အောက်တွင် လူအနည်းငယ် ကခုန်နေကြသည်ကို ဧပြီ ၁၃ ရက် နံနက်ပိုင်းက ရိုက်ကူးထားသည့် ထိုရုပ်သံနှင့် ဓာတ်ပုံများတွင် တွေ့နိုင်သည်။

ရေကစားသူ၊ ရေပက်ခံသူများကို နေ့စားခပေး၍ စစ်ကောင်စီက ခေါ်ယူထားသည်ဟူသော သတင်းများ ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ သို့သော် ထိုဧရိယာအတွင်း သာမန်အရပ်သားများ အလွယ်တကူ ဝင်နိုင်ခြေမရှိသည်ကိုမူ မျက်မြင်တွေ့ရသည်။

မြို့တော်ခန်းမ လေးဖက်လေးတန်ရှိ လမ်းမကြီးနှင့် လမ်းသွယ်များပါမချန် ပိတ်ထားသည့်ပြင် လက်နက်ကိုင်အင်အားအများအပြားချထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးသည်ကိုလည်း တွေ့ရသည်။

မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ စစ်သားများက ဖြတ်သန်းသွားလာသည့် လူငယ်အချို့ကို ခေါ်ယူစစ်မေးသည်ဟု ထိုနေရာအနီးအနားတွင် နေထိုင်သူများထံမှ ကြားရသည်။

သင်္ကြန်ရက်ရောက်တိုင်း နှစ်စဉ် စည်ကားလေ့ရှိသည့် ရန်ကုန်မြို့လယ်၊ အင်းယားကန်၊ ကန်တော်ကြီးတို့တွင်လည်း လူသွားလူလာ အတော်ကျဲပါးသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင် ပြည်လမ်းပေါ်ရှိ မဏ္ဍပ်တစ်ခုကို ၂၀၂၂ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now   

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင် ပြည်လမ်းပေါ်ရှိ ပြည်သူ့ရင်ပြင် ခြံစည်းရိုးအတွင်းမှ ရေကစားသည့် မဏ္ဍပ်တွင်လည်း ရေပက်သူ၊ ရေကစားသူ ၁၀ ဦးထက်မပိုသည်ကို ဧပြီ ၁၃ ရက် နံနက် ၁၀  နာရီခွဲခန့်တွင် တွေ့ရသည်။

ထိုလမ်းပေါ်တွင် မဏ္ဍပ် သုံးခုထက်မနည်းရှိသည်။ အများစုတွင် ရေကစားသူမရှိ၊ ရေပက်ခံရန် တန်းစီသည့် ကားများမရှိ၊ ရဲနှင့် စစ်သားအချို့သာ နေရိပ်ခို၍ စောင့်ကြပ်နေသည်။

ညနေပိုင်းတွင်မူ ပြည်လမ်းပေါ်၌ ဖြတ်သန်းသည့် ယာဉ်များကို မဏ္ဍပ်များရှေ့ ရေပက်ခံယာဉ်တန်း ဖြတ်သန်းရမည့် လိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မဖြစ်မနေ ဖြတ်သန်းမောင်းနှင်စေသည်။

“ရေပက်မခံချင်လို့ မှန်ဖွင့်မပေးလည်းရတယ်။ ရေပန်းတွေအောက်က ကားဖြတ်မောင်းရင်ပြီးရော” ဟု ကိုယ်တွေ့ကြုံသူတစ်ဦးက ပြောသည်။

ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ ပန်းပဲတန်းရှိ စစ်ကောင်စီ၏ ရေကစားမဏ္ဍပ်များမှာတွင်လည်း  ထိုနေ့ နံနက်တွင် သက်ဝင်လှုပ်ရှားမှု မတွေ့ရ။

ထိုသို့ မြို့နယ်အလိုက် မဏ္ဍပ်စီစဉ်ထားသည့် စစ်ကောင်စီက ဖြတ်သန်းမောင်းနှင်နိုင်မည့် လမ်းများကိုမူ ပိတ်ထားသည်ဟု အထက်ပါ အငှားယာဉ်မောင်းထံမှ သိရသည်။

သူနေထိုင်သည့် သာကေတမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီး မြကန်သာပန်းခြံတွင် မဏ္ဍပ်တစ်ခု ရှိသည်။ သို့သော် မြင်တော်သာလမ်းမကြီးပေါ်တွင် သာကေတရုပ်ရှင်ရှေ့နှင့် ဓါတ်ဆီဆိုင်ရှေ့မှစ၍ ပိတ်ထားသည်။ ပိတ်ထားသော နေရာတွင်  ထိုမဏ္ဍပ်ရှိသည်ဟု ၎င်းက ပြောပြသည်။

“ရေပက်မဲ့သူလည်း မရှိဘူး၊ သူတို့ (စစ်ကောင်စီတပ်) ပဲ ရှိတာ။ အဲဒါကို လမ်းတွေလျှောက်ပိတ်ထားတော့ ကျွန်တော်တို့က ဘယ်လိုသွားရမလဲ ဦးနှောက်ကိုမရှိတာ” ဟု ထိုယာဉ်မောင်းက မှတ်ချက်ပြုသည်။

အုန်းလက်မဏ္ဍပ်များဖြင့် လမ်းပေါက်စေ့ စည်ကားလေ့ရှိသည့် ရန်ကုန်မြို့ ရပ်ကွက်များသည်လည်း စစ်ကောင်စီလက်ထက် ကျရောက်သည့် ရိုးရာပွဲတော်ကို ငြင်းဆန်ထားကြသည်။

သာကေတ၊ မြောက်ဥက္ကလာ၊ တာမွေ၊ ရန်ကင်းမြို့နယ်များတွင် နေထိုင်သူအချို့က ထိုအချက်ကို အတည်ပြုပြီး ကလေးငယ်အချို့ ရေကစားသည်မှအပ နိတ္ထိသင်္ကြန်သာဖြစ်သည်ဟု သိရသည်။

“အရင်ကဆို ဒီအချိန်က သင်္ကြန်တွေနဲ့ လူတွေလည်း ပျားပန်းခပ်လှုပ်ရှားနေတာလေ။ အခုကြည့် ဘယ်သူရှိလို့လည်း၊ သင်္ကြန်သီချင်းဖွင့်တဲ့သံတောင် သိပ်မကြားရဘူး” ဟု မြောက်ဥက္ကလာမှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

နေရာတကာတွင် သေနတ်တကားကားဖြင့် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ရေကစားလျှင် လုံခြုံရေးမှာ အကြီးဆုံးစိန်ခေါ်ချက်ဖြစ်လာမည်ဟု ဒေါပုံမြို့နယ်နေ လူငယ်တစ်ဦးက သုံးသပ်သည်။

“ရေကစားဖို့ မပြောနဲ့၊ ကိစ္စရှိလို့ အပြင်ထွက်ရင်တောင် သူတို့စစ်ဆေးတာနဲ့ တိုးပြီး ဖမ်းထားရင် ဘယ်လိုလုပ်ရမလဲ။ သူတို့သေနတ်က ကျည်ထွက်လာရင်လည်း အချောင်သေပြီး (စစ်ကောင်စီဘက်တော်သားဟု) နာမည်က ပျက်ဦးမှာ။ ဘယ်သူက သေနတ်ကြားမှာ ရေကစားချင်မှာလဲ” ဟု ၎င်းက ပြောသည်။

ထိုလူငယ်ပြောသည့် အခြေအနေမျိုး ရန်ကုန်မြို့ ဦးချစ်မောင်လမ်းပေါ်ရှိ မဏ္ဍပ်တစ်ခုအနီး ဧပြီ ၁၃ ရက် နံနက်ပိုင်းက ဖြစ်ခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူအချို့က Facebook တွင် ရေးကြသည်။

၎င်းတို့၏ အဆိုအရ ရေကစားမဏ္ဍပ်အနီး ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) သုံးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေ၍ နှစ်ဦး ဖမ်းမိကြောင်း သိရသည်။

အစားအသောက်ပို့ဆောင်သည့် Foodpanda ကုမ္ပဏီမှ ဝန်ထမ်း(Rider) အဝတ်အစားများ၊ လက်ပစ်ဗုံးများ၊ လက်နက်ငယ် (ပစ္စတို) များ သိမ်းဆည်းရမိသည်ဟု ထိုသူတို့က ဓာတ်ပုံနှင့်တကွ ရေးသားထားကြသည်။

စစ်ကောင်စီက ထိုသတင်းကို မထုတ်ပြန်သော်လည်း သင်္ကြန်ကာလအတွင်း နှောင့်ယှက်မည့်သူများကို လက်နက်များနှင့်တကွ ဖမ်းမိသည်ဟု ဧပြီ ၁၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။​

“သူတို့က လုံခြုံရေးယူထားတာ စိတ်ချရတယ်ဆိုတာ ပြချင်လို့ တမင်သက်သက်လုပ်တာ ဖြစ်နိုင်တယ်ပဲ ယူဆတယ်။ သူတို့ (စစ်) ခေါင်းဆောင်ပြောသလို မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး အောက်က ကောင်တွေကလည်း ပေါက်ကရလုပ်နေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်သည်။

ရန်ကုန်မြို့ ပြည်လမ်းပေါ်တွင် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၂ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now  

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ စစ်ကောင်စီအပေါ် နိုင်ငံအနှံ့ ခုခံမှုများ တိုးလာနေပြီး ရန်ကုန်သည်လည်း အပါအဝင်ဖြစ်သည်။ မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဆဲ ဧပြီ ၈ ရက်ကပင် ထိုနေရာအနီး ဗုံးတစ်လုံးပေါက်ကွဲခဲ့သေးသည်။

ငြိမ်းချမ်းစွာ ဆန့်ကျင်လျှင်ပင် စစ်ကောင်စီက ရက်စက်စွာ ကိုင်တွယ်လေ့ရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ဖြင့် မည်သူမဆို အချိန်မရွေး ဖမ်းဆီး၊ နှိပ်စက်၊ အသက်ဆုံးရသည်ကို သက်သေပြနိုင်သည့် ဖြစ်စဉ်များစွာရှိနှင့်ပြီးဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် နယ်စပ်ဒေသရှိ ပြည်နယ်များကဲ့သို့ ပုန်းရှောင်စရာ တောတောင်ရှိသည့် ဒေသများမှ ပြည်သူများကဲ့သို့ တော်လှန်ရေးတွင် ပေါ်ပေါ်ထင်ထင် ပူးပေါင်းပါဝင်သည့် လက္ခဏာကို ရန်ကုန်လူထုက မပြနိုင်ကြ။

သို့သော် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အခါအခွင့်ကြုံတိုင်း အသံတိတ်နည်းဖြင့် ပြသရာတွင် လူနေသိပ်သည်းသည့် ရန်ကုန်မြို့၏ တညီတညွတ်တည်းဖြစ်မှုမှာ အကြိမ်ကြိမ်ကမ္ဘာကျော်ခဲ့ပြီးဖြစ်သည်ဟု Yangon Revolution Force – YRF (Soft Strike Community) မှ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ စစ်ကောင်စီက နှိမ်နင်းနေသည့် ကြားမှ နေ့စဉ်မပျက် နည်းပေါင်းစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်နေသည့် အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

“စစ်ကောင်စီက ဝါဒဖြန့်ချင်လို့ လုပ်မဲ့ သင်္ကြန်ပွဲကို မပူးပေါင်းဖို့ လှုံ့ဆော်မှုတွေရှိခဲ့တယ်။ ပြည်သူလူထုကလည်း အပြည့်အဝပူးပေါင်းကြတယ်ဆိုတာ ဒီနေ့ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို ကြည့်ရင် သိသာထင်ရှားပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ မဏ္ဍပ်တစ်ခုကို ၂၀၂၂ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now  

၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကျရောက်သည့် သင်္ကြန်ကာလတွင် အရပ်သားအစိုးရ၏ လူစုလူဝေးမလုပ်ရန် ပန်ကြားမှုကို လိုက်နာခဲ့သည့် ရန်ကုန်လူထုက စစ်ကောင်စီလက်ထက် ၂၀၂၁၊ ၂၀၂၂ နှစ်နှစ်ဆက်တိုက် သင်္ကြန်ကို အသံတိတ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ထိုသို့ နိုင်သည့်ဝန်ကို ထမ်း၍ ဆန့်ကျင်ပြရန် ဝန်မလေးသည့် ရန်ကုန်လူထုကြောင့် တော်လှန်ရေးအတွက် အားတက်ရသည်ဟု အထက်ပါ သပိတ်အဖွဲ့တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းပြီးစ ၂၀၂၁ ကတည်းက ပျော်ပွဲရွှင်ပွဲများဖြင့် ပုံမှန်အခြေအနေဖြစ်ပြီဟု ပြသလိုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ယခုနှစ် (၂၀၂၂) သင်္ကြန်တွင် မြို့နယ်တိုင်း မဖြစ်မနေ မဏ္ဍပ်ထိုး၍ ရန်ကုန်လူထုကို ပွဲတော်ပိုးသွင်းခဲ့သော်လည်း အရှိုက်ထိပြန်၍ ကျေနပ်သည်ဟု သူက ဆက်ပြောသည်။

“သူရူးသမျှအကုန်လုံးက ပြည်သူလူထုတစ်ရပ်လုံးအတွက် ဟာသလိုဖြစ်နေတယ်”

“(အသံတိတ်သပိတ်တွေကြောင့်) အရှေ့မှာလည်း အများကြီး သူအရှက်ကွဲခဲ့တာတွေရှိတာပေါ့။ အခုသင်္ကြန်လည်း သူ (အာဏာသိမ်းစစ်ခေါင်းဆောင်) တော်တော်ရှက်ဖို့ကောင်းနေပြီ” ဟု ၎င်းက ဆိုသည်။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia