တော်လှန်ရေးကာလ ဝေဝါးနေတဲ့ မြန်မာ့ပညာရေး

April 8th, 2022  •  Author:   CDM Education Workers (Myanmar)  •  1 minute read
Featured image

စစ်ကောင်စီ၏ ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ၂၀၂၁ ဧပြီလအတွင်း ဆန္ဒပြနေသော ပဲခူးတိုင်းမှ လူငယ်များ (ဓာတ်ပုံ – ပေးပို့)  

အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများကြောင့် လူငယ်အများအပြား စာသင်ခန်းသို့ မသွားနိုင်ကြသလို ကြားကာလသင်ကြားရေးအစီအစဉ်တွင် ပါဝင်ကြရန်လည်း ခက်ခဲနေကြသည်။

By Myanmar Now

ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူ မေရီသည် ရွယ်တူကျောင်းသားများ စာမေးပွဲဖြေနေချိန်တွင် သူက ပြင်ပအထွေထွေစာအုပ်များ ဖတ်ရှုနေသည်။ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သူနှင့် မသက်ဆိုင်ဟု ယူဆသည်။

ရွယ်တူကျောင်းသားများ စာမေးပွဲဖြေနေချိန် သူက ပြင်ပမှ ဗဟုသုတရရှိမည့်စာပေများ ဖတ်ရှုနေခဲ့သည်။

“အခုချိန်မှာ ဆယ်တန်းအောင်သွားလည်း ဟာ …  သူက အချောင်အောင်တာဆိုပြီး ပြောခံရမှာ ရှက်တယ်၊ ဒီစာမေးပွဲကိုလည်း လုံးဝမဖြေချင်ဘူး” ဟု မေရီက ပြောသည်။

မေရီသည် ၂၀၂၀ ကတည်းက တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးဖြစ်သည်။ ထိုစဉ်က ကူးစက်မြန် ကိုဗစ်ရောဂါ ပျံ့နှံ့လာခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ၁ နှစ် ပိတ်ခဲ့သဖြင့် သူကျောင်းမတက်ခဲ့ရ။

ကိုဗစ်ကပ်ဘေးအလွန် ကျောင်းများပြန်ဖွင့်ပါက တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် ဖြေဆိုကာ မြန်မာစာအထူးပြုဘာသာရပ်ကို တက္ကသိုလ်တွင် ဆက်လက်သင်ယူရန် စိတ်ကူးထားသည်။ စာရေးခြင်းကို ဝါသနာပါသည့် မေရီသည် သတင်းထောက်လည်း ဖြစ်ချင်ခဲ့သည်။

သို့သော် ကိုဗစ်ရောဂါ မထိန်းချုပ်နိုင်သေးချိန် ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုနှင့် ကြုံလိုက်ရတော့သည်။ ထိုအချိန်မှစပြီး အခြားအခြေခံပညာ ကျောင်းသားကျောင်းသူများနည်းတူ မေရီလည်း စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြရန် လမ်းပေါ်တက်ခဲ့တော့သည်။ သူနေထိုင်သည့် တောင်ဒဂုံမြို့နယ်အတွင်း သပိတ်ကော်မတီက ပြုလုပ်သော ဆန္ဒပြပွဲများသို့ သွားရောက်ပူးပေါင်းခဲ့သည်။

သူဆန္ဒပြရသည့် အကြောင်းရင်းရှိသည်။ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သူနေထိုင်သည့် ရပ်ကွက်အတွင်း မဲရုံ၌ မဲရေတွက်နေမှုကို သူ့မိခင်နှင့်အတူ မိုးချုပ်သည်အထိ ခြင်ကိုက်ခံ ထိုင်စောင့်ကြည့်ခဲ့သည်။ ထိုနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်းက အပြတ်အသတ် မဲအနိုင်ရသည်ကို သူသိထားသည်။

သို့သော် စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းသောအခါ သူအတွက် ခံပြင်းဒေါသထွက်စရာ ဖြစ်လာတော့သည်။

“ကိုယ်တိုင်အပင်ပန်းခံပြီး အကြာကြီးသွားကြည့်ထားတာ။ သူတို့လိမ်နေတာပဲဆိုတာ သိလို့၊ မတရားဘူးခံစားရလို့ ဆန္ဒသွားပြတာ” ဟု မေရီက ပြောသည်။

ယမန်နှစ်က ဆန္ဒပြမှုများ အားကောင်းခဲ့သည့် ဖေဖော်ဝါရီ၊ မတ်လက နေ့စဉ်ဆန္ဒထွက်ပြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းသောအခါ မုန့်ဖိုးစု၍ ဓာတ်ငွေ့ကာမျက်နှာဖုံးများ ဝယ်သည်၊ ဒိုင်းကာများပြုလုပ်သည်။

စစ်ကောင်စီတပ်က ကျည်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်လာချိန်တွင် မိဘများက ဆန္ဒပြပွဲများသို့ သွားခွင့်မပြုတော့ပေ။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများကို ထောက်ပံ့ရန် ပြုလုပ်ထားသော Click to Donate ဝက်ဆိုက်များကို အချိန်ပေးဝင်ကြည့်ရင်း တော်လှန်ရေးတွင် ဆက်လက် ပါဝင်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် ကိုဗစ်ရောဂါတတိယလှိုင်း ပြင်းပြင်းထန်ထန် ကျရောက်စဉ် စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ်နိုင်ပြီဟု အကြောင်းပြနိုင်ရန် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ တွင် ဖွင့်ပြန်သည်။ အခြေခံပညာအတန်းအားလုံးကို ၃ လစာသင်ရိုးညွှန်းတမ်းဖြင့် အတန်းတင်ပေးရန် ကြိုးပမ်းသည်။

မေရီ၏ သူငယ်ချင်းအချို့မှာ စစ်ကောင်စီဖွင့်သည့် ကျောင်းကို တက်သူတက်၊ နိုင်ငံရပ်ခြား ကျောင်းသွားတက်ရန် ပြင်သူပြင်နှင့် ရှိနေကြသည်။ သို့သော် သူကတော့ အတန်းပညာရေးကို ခဏမေ့ထားသည်ဟု ဆိုသည်။

“စာတွေလည်း သေချာမသင်ဘဲနဲ့ ဖြေခိုင်းတာ လုံးဝမဖြစ်သင့်ဘူးလေ။ ကျောင်းတောင် သုံးလေးလပဲ သင်ပြီး ဆယ်တန်းတစ်ခုလုံး ဖြေခိုင်းတာ၊ လုံးဝလက်ခံနိုင်စရာမရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီဖွင့်သည့်ကျောင်းကို မတက်သော်လည်း ဘာသာစကား၊ ပြင်ပဗဟုသုတစာပေများနှင့် ဝါသနာပါရာ အလုပ်များကို ဆက်လုပ်နေခဲ့သည်။

“နားထားတဲ့တစ်နှစ်လုံးမှာ  ဗဟုသုတတွေအများကြီးရှာလို့ရတယ်ဆိုပြီး ဖြေသိမ့်ဖြစ်တယ်” ဟု သူက ပြောသည်။

တော်လှန်ရေးကာလ ဝေဝါးနေတဲ့ မြန်မာ့ပညာရေး  

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ခြင်း

မေရီကဲ့သို့ပင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ မနိသာသည်လည်း စစ်ကောင်စီကျင်းပပေးခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သပိတ်မှောက်ခဲ့သည်။

သူ့ကို ဆရာဝန်ဖြစ်စေလိုသည့် မိခင်က သူ ဆေးတက္ကသိုလ်တက်ခွင့်ရရန် ငယ်စဉ်ကတည်းက ကြိုးစားစေခဲ့သည်။ ကျောင်းတွင် နှစ်တိုင်း မနိသာ ထူးချွန်ဆုရသည်။ စာရေးသားခြင်းကို ဝါသနာထုံသူဖြစ်၍ ပြင်ပစာပေများလည်း လေ့လာသည်။ အာဏာသိမ်းပြီးနောက်တွင်မူ စာသင်ခန်းကို ကျောခိုင်း၍ အလံကိုင်ကာ လမ်းမပေါ်ထွက် ဆန္ဒပြတော့သည်။ မန္တလေးမြို့ရှိ ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည်။

“သူတို့ (စစ်ကောင်စီ) ကို အာဏာဖီဆန်မယ်ဆိုရင် သူတို့ရဲ့ ပညာရေးစနစ်ကိုလည်း သပိတ်မှောက်ရမယ်” ဟု အသက် ၁၇ နှစ်အရွယ် မနိသာက ပြောသည်။

အတူ ဆန္ဒပြခဲ့သော သူငယ်ချင်းတချို့က စစ်ကောင်စီဖွင့်သော ကျောင်းတွင် မိဘတို့အလိုအတိုင်း ဆက်တက်ခဲ့ကြသည်။ သူကတော့ အိမ်နှင့် အတိုက်အခံလုပ်၍ ပြောက်ကျားဆန္ဒပြပွဲများတွင် ဆက်လက်ပါဝင်ကာ စာသင်ကျောင်းကို ကျောခိုင်းခဲ့သည်။

“ကိုယ်တစ်ယောက်တည်းအတွက် ထွက်ပေါက်ကို ရွေးမဲ့အစား အကုန်လုံးအတွက် တော်လှန်ရေးမကြာအောင်လို့ ဘယ်လိုကြိုးစားမလဲပဲ တွေးထားတယ်” ဟု တော်လှန်ရေးပြီးမှ ကျောင်းပြန်တက်မည်ဟု ရည်ရွယ်ထားသည့် မနိသာက  ပြောသည်။

မတ်လ ၃၁ မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပနေရာ ကျောင်းတွင်းဖြေဆိုသူ ၂၀၀, ၀၀၀ ကျော်နှင့် အပြင်ဖြေ ၁၀၀,၀၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ကိုဗစ်ရောဂါကြောင့် စာသင်ကျောင်းများ မပိတ်ခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၉၁၀,၀၀၀ ကျော်ရှိခဲ့သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းသားကျောင်းသူအများအပြားသည် လူငယ်အဖွဲ့အစည်းများ၊ သမဂ္ဂများဖွဲ့စည်းကာ စစ်ကောင်စီကို ဆန့်ကျင်သော လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထိုမျှမက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ၊ ဒေသခံကာကွယ်ရေးအဖွဲ့များတွင် ဝင်ရောက်၍ ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများတွင် ပါဝင်နေကြသည်။

၂၀၂၁ မတ် ၁ ရက်နေ့က တွေ့ရသော မန္တလေးမြို့ ပညာရေးသပိတ်စစ်ကြောင်း  

ကိုယ်ထူကိုယ်ထ ပညာရေး

ရန်ကင်းမြို့နယ်တွင် နေထိုင်သူ  ၅၂ နှစ်အရွယ် ဦးမိုးအောင်သည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလက တက္ကသိုလ်ပထမနှစ်ကျောင်းသားဖြစ်သည်။ ထိုစဉ်က ကျောင်းများ ၃ နှစ်ကြာ ပိတ်ထားခဲ့သည်ကို ဦးမိုးအောင် ကြုံခဲ့ရသည်။ ယခု  ဆယ်ကျော်သက် သမီးနှစ်ဦး၏ ဖခင်ဖြစ်လာချိန်တွင် စစ်ကောင်စီက အာဏာသိမ်းယူခြင်းကြောင့် သူငယ်စဉ်က အခြေအနေမျိုးနှင့် ပြန်ကြုံရပြန်သည်။

ဦးမိုးအောင်သည် လက်ရှိအခြေအနေမှာ အများနည်းတူကြုံရသည်ဖြစ်၍ ကိုယ့်သားသမီးကောင်းစားရေးတစ်ခုတည်းတွေးကာ သမီးများကို ကျောင်းမထားလိုပေ။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဆရာဆရာမများဖြင့်သာ အင်တာနက်မှတစ်ဆင့် သင်ကြားစေသည်။

“တစ်ခါ တစ်ခါ ကျောင်းဆင်းချိန် အဲဒီရှေ့က ကားနဲ့ ဖြတ်ရင် သြော်…ဒါ ငါ့ကလေးတွေကျောင်းပေါ့၊ အရင်က ကိုယ်က ကြိုခဲ့တဲ့သူလေ။ အခုတော့ တာဝန်မရှိတော့ဘူး။ ဒါပေမဲ့ ကြိုရမယ်ဆိုရင် ကြိုချင်သေးတယ်။ ကလေးတွေအနေနဲ့လည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံမှန်ဘဝမျိုးမရတော့တာ၊ နာကျင်တာပေါ့” ဟု ဦးမိုးအောင်က ပြောသည်။

သူ့သားသမီးနှစ်ဦးတက်သည့် ရန်ကင်းပညာရေးကောလိပ် (Teacher Training College – TTC)  သည် ဆက်ဖွင့်ထားပြီး ကျောင်းတက်သူ ကျောင်းသားကျောင်းသူအချို့လည်းရှိသည်။ သို့သော် ဦးမိုးအောင်ကမူ “အနာဂတ်ကို ခဏမေ့ထားပါသေးတယ် မပူးပေါင်းဘူး” ဟု ဆိုသည်။

သူ့သမီးများ၏ ပညာရေးကို မည်သည့်ပုံစံဖြင့် ဆက်သွားရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ နိုင်ငံခြားကျောင်းတစ်ခုခုကို ဝင်ခွင့်ဖြေခိုင်းကာ ထားမည်လား၊ ဝါသနာပါရာတစ်ခုကိုသာ ဇောက်ချသင်ကြားစေပြီး အစိုးရကျောင်းမထားဘဲ နေမလား စသည်ဖြင့် မိဘတစ်ယောက်အတွက် ထိုမေးခွန်းများက ဦးမိုးအောင်အတွက် ခက်ခဲနေသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငွေကြေးပြေလည်သော မိဘများက မိမိတို့၏သားသမီးများကို စစ်ကောင်စီဖွင့်သည့် ကျောင်းတွင် မထားဘဲ ရှိစုမဲ့စုဖြင့် ဆရာကို အိမ်ခေါ်က သင်ကြသည်။ ထို့အတူ လက်လှမ်းမီသမျှ အွန်လိုင်းမှတစ်ဆင့် လေ့လာစေကြသည်။

အင်းစိန်မြို့နယ်နေ ကွမ်းယာနှင့် ကုန်စုံရောင်းသော ၄၅ နှစ်အရွယ်ရှိ ဒေါ်ပြုံးချိုသည် ၁၀ တန်းနှင့် ၄ တန်းတက်လက်စ ကျောင်းသားနှစ်ဦးကို ကျောင်းမထားပေ။

“ပညာရေးစနစ်ကို မယုံလို့ဆိုတာထက် လုံခြုံရေးစိတ်မချလို့ ကျောင်းမထားဘူး” ဟု ဒေါ်ပြုံးချိုက ပြောသည်။

“တစ်ခုခုထိခိုက်နစ်နာသွားမယ်ဆိုရင် အာမခံပေးမဲ့သူ ဘယ်သူမှ မရှိဘူး”

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာတွင် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ် (YMB- PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပုန်းခိုနေသည့် ၅ နှစ်အောက်မူကြိုကလေး ၈၀ ကျော်အပါအဝင် ကျောင်းသား ၁၀၀ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုသို့သော အခြေအနေများက ဒေါ်ပြုံးချိုအတွက် စိုးရိမ်ဖွယ်ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ငွေကြေးမပြည့်စုံသည်တိုင် သားသမီးနှစ်ယောက်၏ ပညာရေးအတွက် အွန်လိုင်းမှတစ်ဆင့် သင်စေသည်။ ဘာသာစုံမထားနိုင်သော်လည်း အင်္ဂလိပ်စာနှင့် သင်္ချာ လေ့လာနိုင်ရန် စီစဉ်ပေးထားသည်ဟု ၎င်းက ပြောပြသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အသက် ၄၀ အရွယ် ကုမ္ပဏီဝန်ထမ်း ကိုနိုင်သည်လည်း သားသမီးနှစ်ယောက်ကို ကျောင်းမထားပေ။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ကြီးပြင်းခဲ့သူဖြစ်၍ စစ်အာဏာရှင်လက်အောက် ပညာရေးစနစ်အကြောင်း ကိုနိုင်က နောကျေနေသည်။

“အဆင့်အတန်းခွဲခြားတယ်၊ ပိုက်ဆံရှိတဲ့ကလေးဆို ဆရာဆရာမမြှောက်စားတယ်” ဟု သူက ပြောသည်။

“ပညာရေးကလည်း နှုတ်တိုက်မေး၊ နှုတ်တိုက်ဖြေ၊ မေးခွန်းတွေပေါက်နဲ့ ဒီစနစ်ထဲ နေလာတာဆိုတော့ ဒီစနစ်က ပြန်ပြီးတော့ ကိုယ်ကျိုးကြည့်တဲ့ စစ်အာဏာရှင်လက်အောက်မှာ သူတို့နဲ့ ပတ်သက်တဲ့ လူတိုင်းက ကိုယ်ကျိုးကြည့်တယ်”

ကိုနိုင်သည် စစ်အာဏာမသိမ်းမီက ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းတစ်ကျောင်းတွင် သူ့သမီးငယ်ကို ထားနိုင်ရန် သန်းခေါင်စာရင်းပါ ပြောင်းရွှေ့၍ နေထိုင်ခဲ့သည်။ သမီးပညာရေးအတွက် ငွေကုန်ခံကာ အိမ်ပြောင်းပြီး ပညာသင်စေမည့် ကိုနိုင်၏ စိတ်ကူး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြောင်းသွားတော့သည်။

“တခြားပြည်နယ်တွေမှာ ကျောင်းတွေမီးရှို့ခံရ ကလေးတွေကျောင်းမတက်ရတဲ့အချိန်မှာ ကိုယ့်သားသမီးကို ရန်ကုန်မြို့က ကျောင်းကောင်းကောင်းကြီးမှာ မထားချင်ဘူး လိပ်ပြာမလုံဘူး” ဟု ကိုနိုင်က ပြောသည်။

ကိုနိုင်သည်လည်း သူ့သမီးငယ်အတွက် ဆရာမတစ်ဦးကို အိမ်ခေါ်သင်စေသည်။ ယခင်က သူကြီးပြင်းခဲ့သည့် စစ်အာဏာရှင်လက်အောက်က ပညာရေးစနစ်မျိုးကို သားသမီးများကို မကြုံစေလို၍ဖြစ်သည်။ အထူးသဖြင့် အာဏာဖီဆန်ခြင်းမပြုကြသေးသော ဆရာဆရာမများမှာ ကိုယ်ကျိုးကြည့်မည့်သူများဟု သူက ယူဆထားသည်။

တော်လှန်ရေးပြီးသွားလျှင်လည်း သူ့သားသမီးများကို စစ်အာဏာရှင်များနှင့် ပတ်သက်ဆက်နွှယ်သော နာမည်ကြီးကျောင်းများတွင် မထားတော့ဘဲ သာမန်ကျောင်းတစ်ခုတွင်သာ ထားတော့မည်ဟု ကိုနိုင်က ဆုံးဖြတ်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်တွင် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံများကိုင်ပြီး ဆန္ဒပြနေကြသော လူငယ်များ  

ခရီးမတွင်သေးသည့် ကြားကာလပညာရေး

စစ်ကောင်စီတပ်များ၏ အုပ်ချုပ်ရေးယန္တရား ကောင်းစွာ သက်ရောက်မှုရှိသော မြို့ကြီးများတွင် ၎င်းတို့ဖွင့်သော စာသင်ကျောင်းများကို သွားမတက်ပါက အွန်လိုင်းမှ သင်ယူမှု၊ ဆရာဆရာမကို အိမ်ခေါ်ပြီး သင်ယူမှု စသည့်နည်းလမ်းများသာ ရွေးစရာရှိသည်။ သည်နည်းလမ်းများက ဝင်ငွေနည်းမိဘများအတွက် လက်လှမ်းမမီပေ။

တိုက်ပွဲများရှိနေသော စစ်ကိုင်းတိုင်းတွင်မူ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေးပေးထားသော ကျောင်းများ ရှိနေသည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာတွင် ကြားကာလသင်ကြားမှုအတွက် People Education Center- PEC ဟု ခေါ်သော လူထုအခြေပြုစာသင်ကျောင်းများကို ဒေသခံများက ဖွင့်လှစ်လာသည်မှာ ၃ လခန့် ရှိနေပြီ။

“တစ်နယ်လုံးက တော်လှန်နေတဲ့အတွက် အဲဒီတော်လှန်ရေးသမားတွေရဲ့ အနာဂတ်ဖြစ်တဲ့ သားသမီးတွေရဲ့ အလင်းကို ဖွင့်ပေးရမယ်။ ဒါကြောင့် ဒီကျောင်းတွေကို ရဲရဲတင်းတင်းထူထောင်ရမယ်” ဟု PEC ကျောင်းများ ဦးဆောင်ဖွင့်လှစ်နေသူ ကိုရှားလူက ပြောသည်။

ကနဦးတွင် ဟောပြောပွဲပုံစံဖြင့်သာ စတင်ခဲ့သည့် အဆိုပါ ပညာရေးအစီအစဉ်ကို ဒေသခံလူထု ယုံကြည်မှုရှိလာပြီးနောက်ပိုင်း စာသင်ကျောင်းများတွင် ဖွင့်လှစ်သည်။ CDM ပြုလုပ်ထားသော ဆရာဆရာမများ၊ စေတနာ့ဝန်ထမ်းများက ရှိပြီးသား ကျောင်းသင်ရိုးနှင့် အမျိုးသားညီညွတ်ရေးအစိုးရက လမ်းညွှန်ထားသော သင်ရိုးများကို အဓိကထားသင်ကြားပေးနေသည်၊ တစ်ကျောင်းကို ငါးသိန်းနှုန်းဖြင့် မတည်ပေးထားသည်ဟု ကိုရှားလူက ပြောသည်။

သို့သော် ရေစကြိုနှင့် မြောင်မြို့နယ်တို့အတွင်းရှိ ကျေးရွာအားလုံးကိုပင် မလွှမ်းခြုံနိုင်သေးသည့် အဆိုပါစာသင်ကျောင်းများသည် စစ်ကိုင်းတိုင်းတစ်ခုတည်းအတွက်ပင် ပမာဏ အလွန်နည်းနေသေးသည်။ ထို့ပြင် ကျေးရွာများသို့ စစ်ကောင်စီတပ်များ ဝင်လာပါက ပြေးလွှားကြရသဖြင့် ရပ်ရွာလုံခြုံရေးအခြေအနေကြည့်ပြီး သင်နေရသည့် အခြေအနေဖြစ်သည်။

ယခုအစီအစဉ်မျိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်မှုရှိသော CDM ပညာရေးအဖွဲ့အစည်းများကလည်း အလားတူဆောင်ရွက်နေသည်။ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းထားကာ ကြားကာလပညာရေးအစီအမံများ ဆောင်ရွက်နေသည်ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ကိုနောင်ချိုက ပြောသည်။

“အတိုင်းအတာတစ်ခုထိအောင်မြင်တဲ့ မြို့နယ်တွေရှိသလို နယ်မြေလုံခြုံရေးအခြေအနေကြောင့် ရပ်တန့်လိုက်ရတဲ့ မြို့တွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသားကျောင်းသူများအတွက် သင်ခန်းစာများ၊ ဟောပြောချက်ရုပ်သံဖိုင်များကို NUG ပညာရေးဝန်ကြီးဌာန၏ ဖေ့ဘုတ်စာမျက်နှာတွင် တင်ပေးနေသည်။ ကာလတိုသင်တန်းများလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ပေးနေသည်ကိုတွေ့ရသည်။

သို့သော် ယင်းအစီအမံများသည် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားသော တချို့ တိုင်းနှင့်ပြည်နယ်များရှိ ကျောင်းသားများအတွက် လက်လှမ်းမမီနိုင်ပေ။

စမတ်ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာတို့ကို လက်လှမ်းမမီခြင်း၊ လက်လှမ်းမီပါကလည်း အင်တာနက်အသုံးပြုခနှုန်းထား များပြားခြင်း၊ နာရီနှင့်ချီ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည့် လျှပ်စစ်မီးတို့ကြောင့် နွမ်းပါးမိသားစုများမှ ကျောင်းသားများ အွန်လိုင်းပညာသင်ယူရေးမှာ စိန်ခေါ်မှုဖြစ်နေပြန်သည်။

ထို့ပြင် NUG အပါအဝင် ကြားကာလသင်ကြားရေးလုပ်နေသော အဖွဲ့အစည်းများသည် စာမေးပွဲစစ်ပြီး အတန်းတင်သည့်စနစ်ကို မလုပ်နိုင်သေးပေ။ စစ်ကောင်စီ၏ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမှုများကို နားစွင့်သတိထားပြီး အလျဉ်းသင့်သလို သင်ကြား၊ သင်ယူနေကြရသည်။

မည်သို့ပင်ဆိုစေ NUG ၏ ကြားကာလပညာရေးအစီအမံများသည် သန်းနှင့်ချီသော အခြေခံပညာကျောင်းသားအားလုံးအတွက် အကျုံးမဝင်နိုင်သေးပေ။ အခမဲ့ပညာရေးရသော အစိုးရကျောင်းများကိုသာ အဓိကမှီခိုလာခဲ့သည့် အခြေခံပြည်သူမိဘများအတွက် တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ သားသမီးပညာရေးအတွက် မည်သို့စီစဉ်ရမည်ကို ဆုံးဖြတ်ရခက်သော အခြေအနေဖြစ်သည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရပ်ကွက်ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံနေရသဖြင့် စာသင်ကျောင်းများလည်း ပျက်စီးနေသည်   

နောက်ပြန်ဆုတ်သွားသည့် ပညာရေးပြုပြင်ပြောင်းလဲမှု

ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နှစ်ပေါင်းဆယ်စုနှစ်ကြာ နောက်ကျနေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်က ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သစ်ရိုးသစ်များဖြင့် မူလတန်းမှစ၍ အစားထိုးသင်ကြားမှုများ စတင်ပြီးဖြစ်သည်။ သို့သော် စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် တာထွက်စပညာရေးပြုပြင်ပြောင်းလဲမှုသည် ရိုက်ချိုးခံလိုက်ရပြီး လွန်ခဲ့သော စစ်အစိုးရခေတ်ကာလများ၏ အခင်းအကျင်းဆီ ပြန်လည်ဦးတည်လျက်ရှိသည်။

ပြီးခဲ့သည့် အစိုးရနှစ်ဆက်အတွင်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအပါအဝင် သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေးတို့ကို ကျောင်းသားသမဂ္ဂများနှင့် ပညာရေးအသိုင်းအဝိုင်းက တောင်းဆိုဆန္ဒပြခဲ့ကြသည်။ အတိုင်းအတာတစ်ခုထိ ပြုပြင်ပြောင်းလဲရန်လည်း ထိုစဉ်က အစိုးရများက လက်ခံဆောင်ရွက်ခဲ့သည်။

သို့သော် စစ်ကောင်စီကြောင့် အခြေအနေဆိုးများ ရင်ဆိုင်နေရသည်ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများတွင် ဆက်တိုက်ပါဝင်ခဲ့သူ တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

“မြန်မာ့ပညာရေးစနစ်က လွန်ခဲ့တဲ့ကာလတစ်လျှောက်လုံး လုပ်ခဲ့တဲ့ဟာတွေအားလုံးက အဖတ်ဆယ်မရအောင် ပျက်စီးယိုယွင်းသွားပြီလို့ ပြောလို့ရတယ်။ ဒီနေ့ စကစလုပ်နေတဲ့ စနစ်က ဘာမှ မျှော်လင့်စရာမရှိတဲ့ အခြေအနေဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးအခြေအနေများအရ စစ်ကောင်စီဖွင့်သော စာသင်ကျောင်းများတွင် ကျောင်းသွားတက်သည့် ကလေးများသည် အရည်အသွေးပြည့်ဝသော ပညာရေးကို ရမည်မဟုတ်ဟု CDM ပညာရေးအသိုင်းအဝိုင်းက ရှုမြင်သည်။

စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်များ တပ်စွဲနေမှု၊ ဆရာဆရာမ မလုံလောက်မှု၊ ပို့ချနေသော ဆရာဆရာမများ၏အရည်အသွေးကို မေးခွန်းထုတ်ကြသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်း ၂၅၀,၀၀၀ ကျော် ပါဝင်ထားကြသည်။

မန္တလေးမြို့မှ ဆရာမတစ်ဦးက အစီအစဉ်အရဆိုလျှင် ဟန်ပြပညာရေးသာ ဖြစ်လိမ့်မည်ဟု သုံးသပ်သည်။

“ကျောင်းဖွင့်ဖြစ်အောင် အတန်းရအောင် ဦးတည်တဲ့ ပညာရေးပုံစံဖြစ်နေတဲ့အတွက် ကျွန်မတို့ဦးတည်တဲ့ ပညာရေးလမ်းကြောင်းနဲ့ ကလေးအပေါ် လိုချင်တဲ့ပညာရေးရလဒ်တွေက ရမှာမဟုတ်ဘူး၊ ပညာရေးရည်မှန်းချက်တွေလည်း ပေါက်မြောက်မှာ မဟုတ်ဘူး” ဟု  သူက ပြောလိုက်သည်။


Original Post: Myanmar Now