စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ

မတ် ၅ ရက် ညပိုင်းက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ခဲ့ ပြီးနောက် တွေ့ရစဉ် / AAMIJ  

By ဧရာဝတီ

ပြည်သူ့ခုခံတော်လှန်စစ်များ ကျယ်ပြန့်အားကောင်းစွာ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ရွာပေါင်း ၁၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထား သည့် အချက်အလက်များအရ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အားကောင်းသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်က “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့် PDF များအား ရှင်းလင်းရန် နည်းမျိုးစုံဖြင့် အကြမ်းဖက်ဖိနှိပ်မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာတွင် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ မတ် ၂၂ ရက်ထိ နိုင်ငံအဝှမ်းရှိ ရွာပေါင်း ၂၁၂ ရွာ မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်းရှိ ၁၃၄ ရွာမှာ စစ်ကောင်စီ လက်ချက်ကြောင့် မီးလောင်ကျွမ်းခဲ့သည်။

မတ် ၅ ရက် ညပိုင်းက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ခဲ့ ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- AAMIJ)   

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများဖြစ်သည့် ပလိုင်း၊ နှမစားရစ်၊ ရီဒွေး၊ ကာပေါင်းကျ (အရှေ့)၊ ကဲဘာ၊ မွေ့ဘုံ၊ ကိုင်းတွင်း၊ အင်မ ထီး၊ နှောရိုး၊ လှော်ကား၊ ချောင်းဦး၊ ပန်း၊ နတ်ချောင်း၊ မုဿာ၊ မောက်တက်နှင့် ဘင် တို့တွင် နေအိမ် ရာနှင့်ချီပြီး မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ဒေသခံတဦးက “ရွာတွေကို ဝင်စီးတာနဲ့ သူတို့က မီးရှို့တာပဲ။ ပြည်သူချင်းကူညီပေးတဲ့ အဝတ် အစားလေးတွေ၊ မိုးကာပျဉ်လေးတွေနဲ့ နေပြီးတော့ သစ်ပင်ရိပ်တွေမှာ မိုးကာတဲလေးတွေ ထိုးပြီးတော့ နေနေကြရတယ်ဗျ” ဟု ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီသည် ဒေသခံပြည်သူများ၏ နေအိမ်များ မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး မတ်လသည် ဒုတိယ အများဆုံးလ ဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၇၂၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း လွတ်လပ်သောသုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါ ကိန်းဂဏန်းများ၏ ထက်ဝက်ကျော်သည် စစ်ကိုင်းတိုင်းအတွင်းမှ နေအိမ်များဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေသော ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးရှိသည့် ပုလဲမြို့နယ်တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

ပုလဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “PDF တွေ အားကောင်းတဲ့ နေရာတွေရယ်၊ ဗိုလ်နဂါး သွားတဲ့နေရာတွေကို လိုက်ရှို့တာ။ နဂါးစည်းရုံးမှု အားကောင်းတဲ့ နေရာတွေကို လိုက်ရှို့တာပဲ။ PDF တွေ အားကောင်းမလာအောင်ရယ်။ PDF တွေကို ထောက်ပံ့ရင် ဒီလို ဖြစ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လိုက်ရှို့တာ ထင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က စစ်ကိုင်းတိုင်း၊ နှမစားရစ်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီး နင်းခဲ့သည့်အတွက် နေအိမ်များ မီးလောင်ကျွမ်းခဲ့သည့်အပြင် ဒေသခံ ၅ ဦး သေဆုံးခဲ့ကြောင်း၊ အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပျက်စီးခဲ့ သည့် အဆိုပါရွာများမှ ဒေသခံများမှာ နေစရာအိမ် မရှိတော့သည့်အတွက် နီးစပ်ရာနေရာများ၌ ခိုလှုံနေကြရကြောင်း သိရသည်။

မတ် ၅ ရက် ညပိုင်းက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ခဲ့ ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- AAMIJ)   

နှမစားရစ်ရွာ ဒေသခံတဦးက “ရွာက ရွာပျက်ကြီးလို ဖြစ်သွားတာ။ ဘယ်မှလည်း သွားစရာမရှိဘူးလေ။ ကျန်နေတဲ့ အိမ်လေးတွေမှာ ယာယီနေကြတယ်။

ဘုန်းကြီးကျောင်းမှာ နေကြတယ်။ တချို့ကတော့ တဲလေးတွေ ပြန်ဆောက်နေကြတယ်။ နေစရာမှ မရှိတာ။ ဟို တုန်းက အဆင်ပြေပြေလေးနေလာတဲ့ မိသားစုတွေက ဆန်နဲ့စပါးနဲ့ ဘာမှ မပူပင်ရတဲ့ ဘဝတွေကနေ အခုလို သူတို့ကိုလည်း ပြန် မလုပ်ဘဲနဲ့ ဒီလိုမျိုး လုပ်သွားတော့ အသည်းနာတာပေါ့။ စိတ်လည်း နာတယ်” ဟု ပြောသည်။

မြို့နယ် ၃၇ မြို့နယ်ရှိသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၀ ခန့်မှ ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ရုံသာမက ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများကိုလည်း ဆက်လက် ကျူးလွန်လျက် ရှိသည်။

အလားတူပင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကို ခံရသော ဒေသများထဲတွင် မကွေးတိုင်းသည်လည်း ဒုတိယ အများဆုံးဖြစ်ပြီး အိမ်ခြေ ၁၁၄၈ လုံး လောင်ကျွမ်းခဲ့ကာ ဂန့်ဂေါမြို့နယ်အတွင်း အများဆုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia