အင်းစိန်ထောင်တွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦး ရိုက်နှက်ခံရ

အင်းစိန်ထောင်တွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦး ရိုက်နှက်ခံရ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင်။ ဓာတ်ပုံ – ပေးပို့  

အမိန့်ချပြီးနောက် အဆောင်ပြောင်းရာတွင် ပုံစံထိုင်ရန် ငြင်းဆန်သဖြင့် ရိုက်နှက်ခံရသည့် ကိုခန့်သူအောင်၏ ကျန်းမာရေးအခြေအနေကို မသိရသလို ထောင်ဝင်စာပါ ပိတ်ခံထားရသည်။

By Myanmar Now

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကိုခန့်သူအောင် ရိုက်နှက်ခံရကာ ထောင်ဝင်စာပို့ခွင့်ပါ ပိတ်ထားသည်ဟု ၎င်း၏ ရှေ့နေနှင့် မိသားစုဝင်တစ်ဦးက ပြောသည်။

အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင်ကို ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်တွင်းတရားရုံးက မတ် ၃၁ ရက်တွင် ထောင်သုံးနှစ်ချမှတ်ပြီးနောက် ထိုသို့ ကြုံရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

အမိန့်ချပြီးနောက် အမှုရင်ဆိုင်နေရဆဲသူများကို ထားသည့်နေရာမှ အဆောင် ၅ သို့ ပြောင်းရစဉ် အကျဉ်းသားပုံစံထိုင်ရန် ငြင်းဆန်သည့် ကိုခန့်သူအောင်ကို အခြားသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဟု ယုံကြည်ရသည့် ထောင်တွင်းသတင်းရင်းမြစ်အချို့ထံမှ သိရကြောင်း ၎င်း၏ရှေ့နေ ဦးသက်နောင်က ပြောသည်။

“အဓိကတော့ အကျသမားတွေကို ပုံစံထိုင်ခိုင်းတယ်။ သူက မထိုင်နိုင်ဘူးဆိုပြီး အတော်လေး အရိုက်ခံထားရတယ်ဆိုပြီး မနေ့က (ဧပြီ ၄) ပြန်သိရတယ်” ဟု ၎င်းက ပြောသည်။

ရိုက်နှက်ခံရပြီး ရရှိသည့် ဒဏ်ရာအခြေအနေအသေးစိတ်ကိုမူ မသိရဟု ထိုသူက ဆိုသည်။

“(အမိန့်ချ) ကျတဲ့နေ့ကတည်းက မှာပါတယ်။ ကျွန်တော့်တင်းကို နားစွင့်ထားပါဆိုပြီး၊ သူတို့တွေ( အကျဉ်းဦးစီးဝန်ထမ်းများ) လုပ်မယ်ထင်တယ်ပေါ့။ သူတို့တွေ တေးထားတာတွေရှိတယ်ဆိုပြီး ပြောတယ်” ဟု ရှေ့နေ ဦးသက်နောင်က ဆက်ပြောသည်။

ယနေ့ (ဧပြီ ၅) ရက်တွင် ကိုခန့်သူအောင်၏ ဖြစ်စဉ်ကို အခြားတစ်ဦးက ထောင်အတွင်းမှ ရေးပို့သည့် စာတစ်စောင်ရရှိခဲ့ပြီး ထောင်မကြီး (မိန်းဂျေး) တွင် တစ်ကြိမ်၊ အဆောင် ၅၊ အခန်း ၂ တွင် တစ်ကြိမ် ဝိုင်းရိုက်ကြသည်ဟု ပါဝင်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“မိန်းဂျေးမှာ ဦးစီးထောင်ပိုင်လေးနဲ့ ပုံစံထိုင်ခိုင်းတယ်။ ပုံစံမထိုင်တော့ ဦးစီးထောင်ပိုင်လေးနဲ့ ပြဿနာတက်တယ်။ သူ့ကို မိန်းဂျေးထဲမှာပဲ လူငါးယောက်လောက်ဝိုင်းပြီး စည်းလွတ်ဝါးလွတ်ရိုက်တယ်” ဟု ထိုစာတွင် ပါဝင်ကြောင်း ၎င်းက ပြောသည်။

“၅ ဆောင် အမှတ် (၂) ခန်းမှာ အခန်းထိန်းသူကြီးနဲ့ တွေ့တော့လည်း လူ ၄-၅ ယောက်လောက်က ခြေဆုံးခေါင်းဆုံးရိုက်တယ်။ ရိုက်ပြီး ပုံစံထပ်ထိုင်ခိုင်းတယ်၊ မလုပ်ဘူးဆိုတော့ အသက်အန္တရာယ်ပါ ထပ်ပြီး ခြိမ်းခြောက်တယ်တဲ့” ဟု ကိုခန့်သူအောင်၏ မိသားစုဝင်က ဆက်ပြောသည်။

၂၀၂၁၊ ဧပြီလအတွင်း တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးရှေ့တွင် ကိုခန့်သူအောင်နှင့်အတူ ဖမ်းခံရပြီး တစ်ရက်တည်းအမိန့်ချခံရသူ အခြားကျောင်းသားနှစ်ဦး၊ ကျောင်းသူတစ်ဦးကို နိုင်ငံရေးအကျဉ်းသားများထားရာ အဆောင်များသို့ ထောင်အာဏာပိုင်တို့က ပို့သည်ဟု ၎င်းထံမှ သိရသည်။

ကိုခန့်သူအောင်ကိုမူ မုဒိမ်းမှုဖြင့် ပြစ်ဒဏ်ကျနေသူများရှိရာ အဆောင် ၅သို့ ပို့ခဲ့ပြီး ရိုက်နှက်ခံခဲ့ရသလို ထောင်ဝင်စာပါ ပိတ်ထားသဖြင့် ကျန်မာရေးစိုးရိမ်ရသည်ဟု အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

“ပါဆယ်ပို့ခွင့် အမြန်ဆုံးလိုချင်ပါတယ်။ ထောင်ဝင်စာပို့လို့ရမှ ဆေးတွေဘာတွေ ထည့်ပေးလို့ရမှာ။ ဖြစ်နိုင်ရင် နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ အဆောင်ကိုပဲ ရောက်စေချင်တယ်” ဟု ၎င်းက ပြောသည်။

ကိုခန့်သူအောင်မှာ ပြစ်ဒဏ်ချမှတ်မခံရမီ အမှုရင်ဆိုင်နေရဆဲသူများကိုထားသည့် အဆောင်၌ ရှိချိန်ကလည်း အကျဉ်းသားပုံစံထိုင်ခိုင်းလျှင် ငြင်းဆန်လေ့ရှိကြောင်း၊ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။

“သူက ရာဇဝတ်သားမဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသား။ ဂုဏ်သိက္ခာရှိရှိနဲ့ ဝင်လာတဲ့သူမို့ ပုံစံမထိုင်နိုင်ဘူးလို့ အရင်ကတည်းက ငြင်းဆန်လေ့ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေတို့ကြောင့် ကိုခန့်သူအောင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်ကြောင်း၊ အဆောင်ပြောင်းခွင့်ရရန်၊ အချိန်မီဆေးကုသမှုရရန်၊ ထောင်ဝင်စာပို့ခွင့်ရရန် အရေးပေါ်လိုအပ်နေသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ကလည်း ဧပြီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ထောင်အာဏာပိုင်တို့က နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားကာ နည်းမျိုးစုံဖြင့် ဖိနှိပ်၊ ဆေးကုသခွင့် လုံလောက်စွာမပေးသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ယင်းသို့ အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုသည့် အင်းစိန်ထောင်အတွင်း ဆန္ဒပြပွဲများ ပေါ်ပေါက်ဖူးရာ စစ်ကောင်စီ၏ ရက်စက်စွာ ဖြိုခွင်းမှုကို ခံရသည်ဟု သတင်းများထွက်ခဲ့သည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိပါ။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia