လမ်းပေါ်တွင် ရိုက်နှက်ဖမ်းဆီးခံရသည့် မန္တလေးလူငယ် သတင်းအစအနပျောက်နေ

လမ်းပေါ်တွင် ရိုက်နှက်ဖမ်းဆီးခံရသည့် မန္တလေးလူငယ် သတင်းအစအနပျောက်နေ

မန္တလေးမြို့ ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် ကိုကျော်စွာဝင်း(ခ)Felix။ ဓာတ်ပုံ-ပေးပို့

ဆန္ဒပြမှု အားကောင်းနေဆဲ မန္တလေးမြို့အတွင်း ဖမ်းဆီးခံရပြီး အလောင်းပင် ပြန်မရသည့်အခြေအနေတွင် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၏ အသက်အန္တရာယ်ကို မိတ်ဆွေတို့က စိုးရိမ်နေသည်။

By Myanmar Now

မန္တလေးမြို့တွင် မတ်လ ၂၇ရက်၊ မွန်းလွဲပိုင်းက စစ်ကောင်စီဖမ်းသွားသည့် ၁၉နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ကိုကျော်စွာဝင်း ခေါ် Felix ၏ သတင်းအစအနမရသည်မှာ ငါးရက်တိုင်ပြီဖြစ်၍ လုပ်ဖော်ကိုင်ဖက်အချို့က ၎င်းအသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်အထိ ဆန္ဒပြမှု အားကောင်းနေဆဲ မန္တလေးမြို့ကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေချိန်၊ ဖမ်းဆီးခံရသူတို့ အလောင်းပင် ပြန်မရသည့် အခြေအနေများရှိနေချိန်တွင် ကိုကျော်စွာဝင်းကို အမရပူရမြို့နယ်အတွင်း လမ်းပေါ်၌ ရိုက်နှက်၌ ဖမ်းသွားသည်ဟု သူ၏ သူငယ်ချင်းတစ်ဦးက အတည်ပြုသည်။

၎င်း၏ လက်ကိုင်ဖုန်းမှတစ်ဆင့် လုပ်ဖော်ကိုင်ဖက်များကို ခြေရာခံဖမ်းဆီးရန်ပင် စစ်ကောင်စီက ကြိုးပမ်းခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

“လမ်းမှာ ဖုန်းအစစ်ခံရရင်း ပါသွားတယ်။ သူနဲ့ကျွန်တော်တို့ ချိန်းထားပြီး သွားခေါ်ဖို့ဆက်သွယ်တဲ့အချိန်မှာ ဟိုကောင်တွေ(စစ်သား)ဖမ်းထားတဲ့အသံတွေပဲ ကြားရတယ်။ သူ့အသံနဲ့ပဲ မင်းတို့ဘယ်မှာလဲ၊ ဘာညာ မေးတယ်။ လာခေါ်မယ်နေရာပြောဆိုတော့ မပြောဘဲချသွားတယ်၊ ကျွန်တော်တို့ကိုပါ သူနဲ့မျှားပြီးခေါ်တဲ့ သဘောပါ” ဟု သူက ပြောသည်။

“ကျွန်တော်တို့ကြားရတဲ့ သတင်းတွေကတော့ စစ်ကြောရေးမှာတောင် သတိရတချက် မရတချက်နဲ့ သတိလစ်ဘာညာတောင် အဲ့အထိကြားနေရတယ်။ မိသားစုကလည်း အဆက်အသွယ်မရတော့ အသက်အန္တရာယ်စိတ်ပူနေကြရတယ်”

ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းမွန်သည့် လူငယ်တစ်ဦးဖြစ်၍ ဖမ်းခံရပြီးနောက် ကိုကျော်စွာဝင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် အသက်အန္တရာယ် တစ်စုံတစ်ရာရှိလာပါက စစ်ကောင်စီက တာဝန်ယူရမည်ဟု မန္တလေးမြို့ အခြေစိုက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကော်မတီအဖွဲ့များကလည်း မတ် ၂၈ တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ဇန်နဝါရီလကုန်ပိုင်း မဟာအောင်မြေမြို့နယ်အတွင်း ဖမ်းခံရသည့် သပိတ်ခေါင်းဆောင် ကိုသူရအောင်နှင့် အခြား ၂ဦးသည်လည်း နှစ်လနီးပါးကြာသည့်တိုင် အိုးဘိုထောင်သို့ပင် မရောက်သေးဘဲ အဆက်အသွယ်ပြတ်နေသည့် ဖြစ်စဉ်တစ်ခု ရှိနှင့်ပြီးဖြစ်သည်ဟု မန္တလေးမြို့အခြေစိုက် သပိတ်အင်အားစုများထံမှ စုံစမ်းသိရှိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင်တို့၏ မိသားစုနှင့် ၎င်းတို့ကို ဖမ်းထားသည့် စစ်ကောင်စီထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး ငါးရက်အကြာတွင် အစပြုသည့် မန္တလေးမြို့ လူထုဆန့်ကျင်ဆန္ဒပြပွဲများသည် ယနေ့တိုင် နည်းမျိုးစုံဖြင့်ရှိနေဆဲဖြစ်သည်။ ထို့အတူ ဆန္ဒပြလျှင်ပင် ပစ်ခတ်သတ်ဖြတ်တတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ထိုအထဲတွင် မန္တလေးမြို့လည်း ပါဝင်နေသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia