ချောင်းဦးဆန္ဒပြ ခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ

ချောင်းဦးဆန္ဒပြ ခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ

ချောင်းဦးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ကိုမာန်ဇာမြေမွန် ဦးဆောင်ဟောပြောနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ ထောင် ၂ နှစ် ချခံရသော ဆန္ဒပြပွဲခေါင်းဆောင် ကိုမာန်ဇာမြေမွန်သည် အခြားပုဒ်မ ၅၀၅-က အမှု ၄ မှုကို ဆက်လက်ရင်ဆိုင်နေရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမာန်ဇာမြေမွန်ကို မုံရွာထောင်တွင်းတရားရုံးက ယနေ့ (မတ် ၃၀) တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၉ နှစ်အရွယ် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန် ၈ ရက်နေ့က ရှမ်းထူးကျေးရွာတွင် စစ်တပ်က ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က အမှုပေါင်း ၅ မှု ဖွင့်ပြီး  ၁၀ လဝန်းကျင်အကြာတွင် ၁ မှုကို စီရင်ခြင်းဖြစ်သည်။

“ထောင်တွင်းတရားရုံးက ဒီနေ့ အမိန့်ချတာပါ။  ၅၀၅-က နဲ့ ကျန်တဲ့ ၄ မှုကတော့ ဆက်ရင်ဆိုင်ရဦးမှာပေါ့“ ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

တရားလို ရဲမှူးအောင်သန်းမြင့်က စွဲဆိုထားသော အမှုအမှတ် ၆၅/ ၂၀၂၁ တွင် အခြားအမှုတွဲ ၂ ဦးနှင့်အတူ ထောင်ချခံရခြင်း ဖြစ်ကြောင်း၊ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုကြောင်း ရှေ့နေများကို ကိုးကား၍ ထိုသူက အတည်ပြုသည်။

ဆက်လက် ရင်ဆိုင်ရမည်မှာ အမှုအမှတ် ၆၈/၂၀၂၁ ဖြင့် တရားလို ရဲအုပ်နှင်းမောင်လွင်၊ ၇၄/၂၀၂၁ ဖြင့် ဒုရဲအုပ်မောင်ဇော်ဦး၊ ၇၆/၂၀၂၁ ဖြင့် ဦးအောင်ဘော်၊ ၇၇/၂၀၂၁ ဖြင့် ရဲမှူးအောင်သန်းမြင့်တို့ စွဲဆိုထားသော အမှုများဖြစ်သည်။

အလွတ်တန်းသတင်းထောက် ကိုမာန်ဇာမြေမွန်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ၎င်းမှာ ချောင်းဦးမြို့နယ်ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်စဉ် စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၇ တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၃၀ မှတ်တမ်းအရ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၉၉၉၁ ဦးထက်မနည်း ရှိကာ ၎င်းတို့အနက်မှ ၈၈၆ ဦးကို ထောင်ချပြီးဖြစ်သည်ဟု သိရသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia