သတင်းသမား ၂ ဦး ထောင် ၂ နှစ်စီ ချခံရ

25 March 2022

သတင်းသမား ၂ ဦး ထောင် ၂ နှစ်စီ ချခံရ

Myanmar Fress Press သတင်းဌာနမှ ကိုအောင်ဇော်ဇော် (ဓာတ်ပုံ − RFA Burmese) မြန်မာသံတော်ဆင့်သတင်းဌာနမှ သတင်းထောက် ကိုရဲရင့်ထွန်း (ဓာတ်ပုံ − Network Media Group – The Offcial Page)

Mandalay Free Press နှင့် မြန်မာသံတော်ဆင့်သတင်းဌာနတို့မှ အထိန်းသိမ်းခံ သတင်းသမား ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

By Myanmar Now

Mandalay Free Press နှင့် မြန်မာသံတော်ဆင့်သတင်းဌာနတို့မှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက မတ် ၂၃ တွင် ထောင် ၂ နှစ်စီ ချလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တရားရုံးက Mandalay Free Press သတင်းဌာနမှ ၂၅ နှစ်အရွယ် ကိုအောင်ဇော်ဇော်ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅  (က) နှင့် အမိန့်ချခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ နေအိမ်တွင် ကိုအောင်ဇော်ဇော် အဖမ်းခံရသည်ဟု မိသားစုနီးစပ်သူက ဆိုသည်။

“သူ့အိမ်ကို မသင်္ကာလို့ လာစစ်ဆေးတဲ့အချိန် သူ့ဖုန်းတွေ၊ Laptop တွေထဲမှာက သူတို့မကြိုက်တဲ့အချက်တွေ တွေ့တော့ ဖမ်းသွားတယ်လို့ ထင်ပါတယ်” ဟု ဇန်နဝါရီ ၂၀ ရက်နေ့က ပြောဆိုထားသည်။

“သူ့အဖေက အုပ်ချုပ်ရေးမှူးဟောင်းဆိုတော့ မကျေနပ်သူတွေဘာတွေရှိပြီး လာစစ်ဆေးပြီးမှ ဖမ်းတာလည်းဖြစ်နိုင်တယ်”

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း သတင်းများကို ဆက်လက်တင်ဆက်နေသည့် Mandalay Free Press အယ်ဒီတာအဖွဲ့က ကိုအောင်ဇော်ဇော်လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ဇန်နဝါရီ (၁၉) တွင် သတင်းထုတ်ပြန်ထားသည်။

ကိုအောင်ဇော်ဇော်သည် “ရုပ်သံတည်းဖြတ်ခြင်းလုပ်ငန်းများကို သင်ယူနေသူ လူငယ်တစ်ဦးဖြစ်ပြီး” သတင်းထုတ်လုပ်ခြင်းတွင် အချိန်ပိုင်းလုပ်အားပေးနေသူဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရဲရင့်ထွန်း

မြန်မာသံတော်ဆင့်သတင်းဌာနမှ ပုသိမ်မြို့အခြေစိုက် သတင်းထောက် ကိုရဲရင့်ထွန်းသည် အလားတူပုဒ်မနှင့်ပင် ထောင်ချခံရသည်ဟု ပြီးခဲ့သည့်ရက်ပိုင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းသည် ယမန်နှစ် ဖေဖော်ဝါရီ ၂၈ က စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်စဉ်များကို ပုသိမ်မြို့တွင် သတင်းဓာတ်ပုံရယူနေစဉ် ဖမ်းဆီးခံရသည်ဟု သိရသည်။

ယင်းနောက် တစ်နှစ်ကျော် အမှုရင်ဆိုင်ခဲ့ပြီး ပုသိမ်မြို့ထောင်တွင်းအထူးတရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်ဆိုသည်။

တိမ်းရှောင်ရခြင်း

အာဏာသိမ်းစစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးထောင်ချနေသဖြင့် သတင်းသမားအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယခုနှစ် ဇန်နဝါရီ (၆) ကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီက နာမည်ကြီးပုဒ်မ ၅၀၅ (က) နှင့်ပင် ထောင်ဒဏ် (၂) နှစ် အမိန့်ချမှတ်ခဲ့သေးသည်။

ဇေယျာတိုင်းသတင်းဌာနသည် အာဏာသိမ်းစစ်ကောင်စီဟု သုံးနှုန်းသည်၊ CRPH, NUG တို့၏ သတင်းများကို ဖော်ပြသည်ဟု Myanmar Now က ဖတ်ရှုခွင့်ရသော တိုင်ချက်တွင် တွေ့ရသည်။

စစ်ကောင်စီသည် မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကိုလည်း အကြမ်းဖက်ပုဒ်မဖြင့်ပင် အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

စစ်ကောင်စီ၏လက်ထက်တွင် သတင်းလွတ်လပ်ခွင့်များ ဆုံးရှုံးရသလို တိုင်းပြည်လည်း အမှောင်ဖုံးနေပြီဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ အထက်မြန်မာပြည်သတင်းသမားတစ်ဦးက ထိုစဉ်က မှတ်ချက်ပြုထားသည်။

“သူတို့အလိုကျ အာဘော်အတိုင်း လိုက်မရေးရင် ဖမ်းမယ်၊ ထောင်ချမယ်၊ အခုဆို အသက်ဆုံးရှုံးရသူ သတင်းသမားတွေတောင် ရှိလာပြီ။ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတော့ မြင်တဲ့အတိုင်းပဲလေ၊ နောက်ပြီး တိုင်းပြည်လည်း အမှောင်ဖုံးနေပါပြီ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကမူ ဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု တုံ့ပြန်လေ့ရှိသည်။ ထိန်းသိမ်းခံနေရသော သတင်းသမားများသာမက ထောင်ချပြီးသည့် သတင်းသမားများထဲမှ အများအပြားကိုလည်း ပြန်လွှတ်ပေးခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၃၀ ကျော် အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်ထိ ၅၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများကို စာရင်းပြုစုနေသည့် Detained Journalists Group အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင်လည်း သတင်းသမား ၅၀ အကျဉ်းချခံထားရသည်ဟု နယူးယောက်အခြေစိုက် Committee to Protect Journalists ခေါ် သတင်းသမားကာကွယ်ရေးအဖွဲ့၏ ၂၀၂၁ ဒီဇင်ဘာထုတ်ပြန်ချက်အရ သိရသည်။ ထိုစဉ်က တရုတ်သည် ကမ္ဘာတွင် သတင်းသမားဖမ်းဆီးထိန်းသိမ်းမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia