24 March 2022
လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်ဆဲဆိုမှုများနှင့်အတူ စစ်ကောင်စီကို သတင်းပေးတိုင်တန်းမှုကြောင့် CDM ကျောင်းဆရာမ မနွယ်နီသိန်း ရှောင်ပုန်းနေရသည်။
By Myanmar Now
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် နံနက်ခင်းက ရန်ကုန်တွင် နေထိုင်သူ မနွယ်နီသိန်း* နေအိမ်ကို စွန့်ခွာရန်ဖြစ်လာသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ကျောင်းဆရာမတစ်ဦးဖြစ်သည့်အားလျော်စွာ တစ်နေရာမှတစ်နေရာ ပုန်းရှောင်နေရခြင်းဖြစ်သည်။
မနွယ်နီသိန်းအသုံးပြုနေသော Facebook လူမှုကွန်ရက်အကောင့်ကို အကောင့်တုများဖြင့် ခြိမ်းခြောက်ဆဲဆိုမှုများ အဆက်မပြတ်ပို့လာကြသည်။ ဖမ်းဆီးရန် စစ်ကောင်စီကို သတင်းပေးသည်အထိ ဖြစ်လာသောကြောင့် အမြန်ဆုံး နေရာရွှေ့လိုက်ရခြင်းပင်။
“ဒီဆရာမက တပ်ချုပ်ကို ဆဲထားတာ။ အကြမ်းဖက်အားပေးမှုတွေ အများကြီးလုပ်ထားတယ်ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ညီမတင်ထားသမျှ Share ထားသမျှ ကျောင်းဝတ်စုံနဲ့အတူ အွန်လိုင်းမှာ ဖြန့်ကြတယ်။ မိတ်ဆွေတွေက လာပြကြတယ်” ဟု မနွယ်နီသိန်းက ပြောပြသည်။
အာဏာသိမ်းစစ်တပ်က CDM ဝန်ထမ်းများကို အငြိုးတကြီးဖမ်းဆီးလေ့ရှိရာ ပုန်းလျှိုးကွယ်လျှိုးနေရချိန် စစ်ကောင်စီကို လိုလားထောက်ခံသူများက ချောက်ချလိုသောသဘောဖြင့် လူမှုကွန်ရက်တွင် ထိုသို့ရေးသား ဖြန့်ချိနေသည်ဟု သူယုံကြည်ထားသည်။
အာဏာသိမ်းပြီးနောက် အစောဆုံး CDM ဝင်ခဲ့သူ မနွယ်နီသိန်းအဖို့ ပြေးရလွှားရသည်မှာ မဆန်းလှသော်လည်း ဒုက္ခပေါင်းစုံကြား ပူပင်သောကများဖြင့် အဆုံးစွန်ထိ စိတ်ဓာတ်ကျမိကြောင်းလည်း မနွယ်နီသိန်းက ရိုးသားစွာ ရင်ဖွင့်သည်။
ကျောင်းဆရာမပီပီ ပညာရေးကို အလွန်ပင်စိတ်ဝင်စားသည်။ ကျောင်းဆရာမလုပ်သက် ၇ နှစ်ရှိပြီဖြစ်သည်။ အာဏာမသိမ်းမီက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အလယ်တန်းပြဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလထဲ၌ပင် CDM ဝင်ခဲ့သူဖြစ်သည်။
“CDM လုပ်ခဲ့တာက စစ်အာဏာရှင်ကို မကြိုက်လို့။ သူ့ရဲ့စနစ်ကိုလည်း မကြိုက်ဘူး။ အခု သူကပြန်ပြီး ဒီလိုလုပ်တဲ့အခါ ခေတ်နောက်ပြန်ဆွဲသလို ဖြစ်သွားပြီလေ။ ညီမ အဲဒီလိုမျိုးကို မကြိုက်ဘူး။ ဒါကြောင့် CDM လုပ်ခဲ့တာ”
အရပ်သားအစိုးရလက်ထက်တွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို ကြုံခဲ့ရသည်ဖြစ်ရာ စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် ခေတ်နောက်ပြန်ဆွဲမည့်အရေး၊ ပညာရေးစနစ်ဟောင်းနှင့် ပြန်သွားမည့်အရေးကို မနွယ်နီသိန်းတွေးပူနေမိသည်။ အဆုံးထိ CDM လုပ်ရန်လည်း ဆုံးဖြတ်ထားသည်။
CDM ကျောင်းဆရာမတစ်ဦးအတွက် ကြုံတွေ့ရသည့် ဘေးဒုက္ခများက တစ်ပူပေါ်နှစ်ပူဆင့်စကားနှင့်ပင် မလုံလောက်တော့ပေ။
ပြီးခဲ့သည့်နှစ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် CDM ဆရာမ မနွယ်နီသိန်း ပါဝင်ဆင်နွှဲခဲ့စဉ်။ (ဓာတ်ပုံများ – ပေးပို့)
ရတက်မအေးနိုင်ဖွယ်ရာ လောကဓံအထွေထွေ
မနွယ်နီသိန်းအဖို့ CDM လုပ်ရန် ဆုံးဖြတ်ရသည်မှာ မလွယ်ကူလှပေ။ ပထမဆုံးအပူမှာ ပုံမှန်ဝင်ငွေရသည့်အလုပ် မရှိတော့ခြင်းပင်။
အသက် ၂၇ နှစ်အရွယ် မနွယ်နီသိန်းမှာ ကျောင်းမပြီးသေးသော ၂၃ နှစ်အရွယ် ညီမဖြစ်သူနှင့် ၁၉ နှစ်အရွယ် မောင်ဖြစ်သူတို့လည်းရှိနေသည်။ မိဘနှစ်ပါးမရှိတော့သည်ဖြစ်ရာ ညီမနှင့် မောင်ဖြစ်သူကို စောင့်ရှောက်ရေး မိသားစုတာဝန်က သူ့ပခုံးပေါ် လုံးလုံးကျနေသည်။
CDM လုပ်ခြင်းနှင့်အတူ ပုံမှန်ဝင်ငွေမရှိတော့သည်ဖြစ်ရာ ဆွေမျိုးများ၏ ကန့်ကွက်ပြောဆိုမှုကိုလည်း ခါးစည်းခံရသည်။
“ညီမလေးနဲ့ မောင်လေးကတော့ အားပေးတယ်။ ဒါပေမဲ့ ကျန်တဲ့ဦးလေးတွေ ဘာတွေက မကြိုက်ဘူး။ ညီမတို့က မိဘမရှိတဲ့အခါကျတော့ သူတို့က စားဝတ်နေရေးခက်ခဲမယ်၊ အလုပ်ထွက်လိုက်ရင် လစာမရတော့ဘူးဆိုရင် သူတို့က မကြိုက်ဘူး။ ဒါပေမဲ့ ညီမကတော့ လုပ်ခဲ့တယ်”
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော CDM လှုပ်ရှားမှုတွင် ပါဝင်ရန် ဆုံးဖြတ်ချက်နှင့်အတူ စားဝတ်နေရေးကအစ အစစအရာရာ အခက်အခဲများကို မနွယ်နီသိန်း ရင်ဆိုင်နေရသည်။
လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း CDM ဝန်ထမ်းများကို အပြည့်အဝ မထောက်ပံ့နိုင်တော့ပေ။ မိတ်ဆွေများထံမှ ထောက်ပံ့ငွေ နှစ်ကြိမ်မျှ လက်ခံရရှိဖူးသော်လည်း နောက်ပိုင်းတွင် ဘဝတူ တခြား CDM များနည်းတူ ကိုယ့်ဝမ်းကိုယ်ကျောင်းရတော့သည်။
စာသင်ခြင်းအလုပ်ကို မနွယ်နီသိန်း ဆက်လက်လုပ်ကိုင်ခဲ့သည်။ ကလေးငယ်များကို အိမ်တိုင်ရာရောက် သင်ကြားပေးခြင်း၊ အွန်လိုင်းမှတစ်ဆင့် သင်ကြားခြင်းများဖြင့် စားဝတ်နေရေးဖြေရှင်းရသည်။
အများစုပြောလေ့ရှိသည့် “ပြဿနာက တစ်ခုတည်းမလာ အပေါင်းအဖော်နှင့်လာသည်” ဆိုသော စကားလိုပင် မနွယ်နီသိန်းတစ်ယောက် ဒုက္ခအဖုံဖုံကြုံရသည်။ အာဏာသိမ်းမှုနှင့်အတူ နောက်ဆက်တွဲ ဆုတ်ယုတ်ပျက်စီးခြင်းများ လက်တွေ့ရောက်လာသည်။
အာဏာသိမ်းပြီးကတည်းက တစ်နေ့တခြားတိုးတက်နေသည်ကား ကုန်ဈေးနှုန်းပင်။ ကျန်းမာရေးနှင့် မညီညွတ်သည့် စားအုန်းဆီတစ်ပိဿာပင် ငွေကျပ် ၂၀၀၀ ကျော်မှ ၈၀၀၀ ကျော် ရောက်လာသည်။
“အရင်တုန်းက ဆီပြန်လေးချက်ရင်တောင်မှ အခုဆို ဆီလေးလျှော့ရတယ်၊ ဖြစ်သလိုလေးတွေ ချက်လာရပြီ။ ရှာသမျှ အကုန်ကုန်တာ။ ကုန်ဈေးနှုန်းက တက်လာတယ်” ဟု မနွယ်နီသိန်းက ပြောသည်။
တက်ပြီးရင်းတက်နေသော ကုန်ဈေးနှုန်းကြောင့် လစဉ်ရှာဖွေရသမျှ ကုန်သွားသည်။ ဝင်ငွေသည် လောက်ငနိုင်ခြင်း မရှိတော့။ ရန်ကုန်၌ ယခင်က ကျပ်နှစ်သောင်းခွဲလောက်ဖြင့် တစ်ပတ်စာ ဈေးဝယ်ရနိုင်သော်လည်း ယခုတွင်ကား နှစ်ရက်စာပင် မလောက်ငချင်ဟု ဆိုသည်။
ပိုက်ဆံရှိလျှင်တောင် တစ်ပတ်စာဈေးဝယ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားနိုင်မည့်အခြေအနေ မရှိတော့ပေ။ လျှပ်စစ်မီး ပုံမှန်မလာသောကြောင့်ဖြစ်သည်။ ဇန်နဝါရီလဆန်းပိုင်းမှစ၍ မီးပျက်လာသည်။ မလာတစ်ချက် လာတစ်ချက်ဖြင့် လျှပ်စစ်မီးမှာ လက်ရှိတွင် မလာသလောက်နီးပါးဖြစ်နေသည်။
မီးမလာတော့ အွန်လိုင်းအခြေပြုစာသင်လုပ်ငန်းလည်း ထိခိုက်လာသည်။ ကိုယ်က သင်ကြားပေးနိုင်သော်လည်း မီးက မသေချာ။ ကိုယ့်ဆီမှာ မီးလာတော့ ကျောင်းသားဆီမှာ ပျက်နေတတ်သည်။
“အွန်လိုင်း Learning (လေ့လာသင်ယူခြင်း) တွေလည်း မလုပ်နိုင်တော့ဘူး။ စာသင်တဲ့နေရာမှာလည်း မီးမမှန်တော့ အခက်တွေ့ရတယ်” ဟု မနွယ်နီသိန်းက ခပ်ညည်းညည်းပြောသည်။
မီးပျက်ခြင်းနှင့်အတူ တွဲလျက်ပါလာသော ဘေးဒုက္ခမှာ ရေမလာခြင်းပင်။ အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူများအဖို့ မီးမလာသဖြင့် ရေမတင်နိုင်တော့ရာ နေရေးထိုင်ရေး အကြီးအကျယ် ပြဿနာဖြစ်လာသည်။
“မီးမလာတော့ ရေပါ မရဘူး။ ရေရဖို့ တအားခက်သွားတယ်။ အဓိကက မီးပဲလေ။ မီးမလာတော့ ကျန်တဲ့အရာတွေပါ အဆင်မပြေဖြစ်ကုန်တယ်” ဟု မနွယ်နီသိန်းက အများနည်းတူ ကြုံတွေ့နေရသည့် အပူအပင်ကို ပြောပြသည်။
လျှပ်စစ်မီး ပုံမှန်ရနေချိန်၌ပင် အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူအများစုမှာ ညပိုင်း၌သာ ရေတင်လို့ရခဲ့သည်ဖြစ်ရာ မီးပျက်လွန်းမကပျက်လာသောအခါ တစ်ညလုံးထိုင်စောင့်ရင်း အိပ်ရေးပျက်ရသည်။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်လာခြင်းကြောင့် နေထိုင်မကောင်းဖြစ်သူများပင် ရှိလာသည်ဟု ဆိုသည်။
ရန်ကုန်တွင် နေထိုင်သူ CDM ကျောင်းဆရာမ မနွယ်နီသိန်းအတွက် ဒုက္ခမျိုးစုံက ထိုမျှမကသေးပေ။
ပုန်းရှောင်နေရသူဖြစ်ရာ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဘတ်စကားစီးနင်းသွားလာရခြင်းပင်။ သာမန်ပြည်သူတစ်ဦးအဖို့ ဘတ်စကားစီးရသည်မှာ အထွေအထူး ဒုက္ခမများနိုင်သော်လည်း CDM ကျောင်းဆရာမအဖို့ စစ်ကောင်စီ၏ ရှောင်တခင်စစ်ဆေးမှုများက ကျောချမ်းစရာပင်။
အာဏာသိမ်းပြီးနောက်ပိုင်း အဆစ်ပါလာသော သောကအပူတစ်ခုဖြစ်သည်။ ဘတ်စကားပေါ်တက် ဓားပြတိုက်ခြင်း၊ အနုကြမ်းစီးသည်များပါ ကြားလာရသည်။ ခါးပိုက်နှိုက်အန္တရာယ်ကလည်း ရှိသေးသည်။
“ဘတ်စကားပေါ်မှာလည်း ပေါ်တင် ခိုးဆိုးလုနှိုက်တွေ ဖြစ်တယ်၊ လမ်းမှာလည်း ဖြစ်တယ်ဆိုတဲ့အခါကျတော့ အမြဲတမ်း သတိထားပြီးတော့ သွားနေရတယ်။ အရင်တုန်းက သွားရတာ ခရီးဝေးတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကားပေါ်မှာ အိပ်ရင်လည်း အိပ်သွားတာလေ”
“အခုကျတော့ အဲဒီလိုမျိုး မအိပ်ရဲဘူး။ မျက်လုံးက ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေရတယ်။ စိတ်မလုံခြုံဘူး” ဟု မနွယ်နီသိန်းက နိစ္စဓူဝကြုံရသည့် အပူကို ပြောပြသည်။
သိပ်မကြာမီကာလကပင် YBS ပေါ်တွင် မိုဘိုင်းဖုန်းသုံးနေသည့် လူငယ်တစ်ဦးကို ငရုတ်သီးမှုန့်နှင့် မျက်နှာကို ပက်ကာ ဖုန်းလုယက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့သေးသည်။
တစ်နေရာမှ တစ်နေရာ ဘတ်စကားစီးရင်း အေးအေးလူလူ မသွားနိုင်တော့ပေ။ ဖုန်းကိုပင် မသုံးရဲတော့။ ကားစီးနေချိန်၊ ကားစောင့်ချိန် အစစအရာရာ သတိကြီးစွာထားနေရသည်။
“ဒီတော်လှန်ရေးကြီး နိုင်ချင်တယ်”
နေ့စဉ်ဘဝ အဆင်မပြေမှုများအပြင် အာဏာသိမ်းမှုကို ဆန့်ကျင်နေသော CDM ကျောင်းဆရာမငယ်တစ်ဦးအဖို့ မွန်းကျပ်မှုများက တိုးပြီးရင်းတိုးလာနေသည်။ မွန်းကျပ်ခြင်း၊ ထိတ်လန့်ခြင်းများကြောင့် ဘဝကို လက်မြှောက်အရှုံးပေးချင်စိတ်ပင် ပေါ်ပေါက်မိသည်။
“အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်းကို ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်တွေပါ ပေါက်တယ်။ ရှောင်ပုန်းရတာတွေ၊ အဆင်မပြေတာတွေက အရမ်းများတယ်။ ပြီးတော့ ပြောရမယ်ဆို ညီမတို့ မောင်နှမသုံးယောက်လုံး အရွယ်ကောင်းတွေ။ လုပ်နိုင်ကိုင်နိုင် ကြိုးစားနိုင်တဲ့ လူငယ်တွေ။ အခုက ကြိုးစားချင်ပေမဲ့လည်း ကြိုးစားခွင့်မသာဘူး” ဟု မနွယ်နီသိန်းက မချိတင်ကဲဆိုသည်။
“ပြန်ပြီးတော့ အလုပ်ဝင်ပြီးတော့ အရင်လိုမျိုး ပြန်ပြီးတော့ ဖြစ်ချင်တယ်”
စိတ်ဖိစီးမှုများနှင့်အတူ အရှုံးပေးချင်စိတ် ဖြစ်ပေါ်မိသော်ငြားလည်း ရည်မှန်းချက်တစ်ခုအတွက် CDM ကျောင်းဆရာမ မနွယ်နီသိန်း မဖြစ်မနေအားတင်းထားသည်။
“တော်လှန်ရေးကို နိုင်ချင်တယ်။ ဒီတော်လှန်ရေးကို နိုင်ချင်တယ်။ ဒါကြောင့် ကိုယ်က ဒုက္ခရောက်နေပေမဲ့ တတ်နိုင်တဲ့နေရာက ပါဝင်ပြီးတော့ လုပ်ဖြစ်တယ်”
အာဏာသိမ်းစစ်ကောင်စီ သက်ဆိုးရှည်နေသည်နှင့်အမျှ ကြုံတွေ့ရသည့် ဒုက္ခမျိုးစုံနှင့် ဘေးအန္တရာယ်က လျော့ပါးသွားမည် မဟုတ်ပေ။ လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ခြိမ်းခြောက်မှုများကို မနွယ်နီသိန်း ကြုံတွေ့နေရပြီဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစ၍ Facebook လူမှုကွန်ရက်တွင် အကောင့်တုများဖြင့် ခြိမ်းခြောက်မှုများ မနွယ်နီသိန်း ကြုံတွေ့လာရသည်။ အာဏာသိမ်းထားသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သဖြင့် အစပိုင်းတွင် ထိုခြိမ်းခြောက်မှုများအပေါ် အလေးမမူခဲ့ပေ။
သို့သော် များမကြာမီက သူ နောက်ဆုံးအလုပ်လုပ်ခဲ့သော ကျောင်းမှနေ၍ လှမ်းသတိပေးခြင်း၊ အသိမိတ်ဆွေများက ရှောင်ပေးရန် သတိပေးပြောဆိုလာခြင်းများ ရှိလာသောအခါ အထူးသတိထားရတော့သည်။
ကြိုတင်စီစဉ်ထားခြင်း မဟုတ်ပါဘဲ ရုတ်တရက်ရှောင်ပုန်းရသည်ဖြစ်ရာ ရှိရင်းစွဲအခြေအနေ ပျက်ယွင်းသွားသည်။ စာသင်အလုပ်တစ်ဖက်နှင့် စားဝတ်နေရေးဖြေရှင်းနေရသူအတွက် ဘက်ပေါင်းစုံမှလာသော ရန်စွယ်များက တုန်လှုပ်စရာပင်။
“နောက်ကျောမလုံဘူး။ ညီမသင်နေတဲ့ မြို့နယ်ကနေ တခြားမြို့နယ်ပြောင်းလိုက်တာဆိုတော့ သတင်းထွက်နေတဲ့ မြို့နယ်ကို ပြန်လာပြီး သင်ရတာ။ ကိုယ်က မရှာရင် မစားရဘူးလေ။ ကိုယ်မရှာလို့မှ မရတာ။ ဖြစ်ကာမှ ဖြစ်ရော“
ရန်ကုန်မြို့မှ CDM ကျောင်းဆရာမ မနွယ်နီသိန်းနည်းတူ နိုင်ငံတစ်ဝန်းက အခြားသော CDM ဝန်ထမ်းများလည်း ဒုက္ခပင်လယ်ဝေနေမည်ဟု ခန့်မှန်းရသည်။ အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ထားသူဦးရေ လေးသိန်းနှင့်အထက်ရှိသည်ဟု NUG က ဆိုသည်။
ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်နိုင်သည်ဟု ခန့်မှန်းသော်လည်း တကယ်တမ်း ကျောင်းဖွင့်ရန် စာရင်းကောက်ယူချိန်တွင် လေးသန်းကျော် ပျက်ကွက်နေကြောင်း နေပြည်တော်၌ ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သော ဝန်ကြီးချုပ်များနှင့် တွေ့ဆုံပွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုသည်။
ကျောင်းမတက်သည့် အကြောင်းရင်းများတွင် နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့်အတူ ပညာရေးဝန်ထမ်းများ မရှိခြင်းလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။
ပညာရေးမှာ လူသားများအတွက် မရှိမဖြစ်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုသည့်ပြင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ကျောင်းဆရာမလုပ်ခဲ့သည်ကိုလည်း တခုတ်တရ ဂုဏ်တင်ချီးမွမ်းသည်။
ပညာရေးဝန်ထမ်းအမျိုးသမီးများကို အခွင့်ကောင်းယူ အနိုင်ကျင့်ခြင်းများကို ထိရောက်စွာ အရေးယူမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
လက်တွေ့၌မူ အနန္တောအနန္တဂိုဏ်းဝင် ဆရာဆရာမများမှာ စစ်ကောင်စီရန်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်နေရသည်။ ဆန့်ကျင်သူမှန်သမျှကို စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် ဖမ်းဆီးအရေးယူရန် တုံ့ဆိုင်းလေ့မရှိပေ။ ဖမ်းဆီးသတ်ဖြတ်မှုများလည်း အတောမသတ် ဖြစ်ပေါ်နေသည်။
(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.