18 March 2022
စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြ ကန့်ကွက်နေသော ရထားဝန်ထမ်းတစ်ဦး။ (ဓာတ်ပုံ-Myanmar Now)
မြစ်ငယ်မြစ် ခေါ် ဒုဋ္ဌဝတီမြစ်ဘေးရှိ အာဏာဖီဆန်သော မီးရထားဝန်ထမ်းများသည် စစ်ကောင်စီက လိုက်လံပိတ်ပင်ဟန့်တားမှုကြောင့် ရပ်တည်ရ ပိုမိုခက်ခဲလာနေသည်။
By Myanmar Now
နိုင်ငံ့ဝန်ထမ်းများ ထောင်နှင့်ချီ ထွက်ရှိရာ မန္တလေးတိုင်း၊ ဒုဋ္ဌဝတီမြစ်ဘေးမှ မြစ်ငယ်မြို့လေး၏ နံနက်ခင်းတစ်ခုသည် ဝရုန်းသုန်းကား ဆူညံသံ၊ ငိုကြွေးသံများနှင့် အကျည်းတန်သွားသည်။
မတ်လဆန်း ၅ ရက်နေ့မှစ၍ မြို့အတွင်း တပ်စွဲလိုက်သည့် လက်နက်ကိုင်စစ်သား ၅၀၀ ခန့်က မြို့၏အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်ကာ လူနေအိမ်များကို မြေကော်စက်များဖြင့် လိုက်လံထိုးကော်ဖျက်ဆီးနေ၍ဖြစ်သည်။
ထိုအထဲတွင် ဘိုးစဉ်ဘောင်ဆက် မီးရထားဌာနတွင် လုပ်ကိုင်လာသော ၄၂ နှစ်အရွယ် ဦးလင်း* သည်လည်း ၎င်း၏လိုင်းခန်းဘေးမှ ဖျက်ဆီးခံရသော နေအိမ်ကလေးကို ကြည့်ကာ ယူကျုံးမရ ခံစားနေရသည်။
“ဒီတိုင်းပဲ ပစ်ထားခဲ့ရတယ်။ ဘာမှသိပ်မယူနိုင်တော့ဘူး။ အဝတ်စားအသုံးအဆောင်လောက်ပဲ ယူလိုက်ရတယ်၊ ပျာယာပျာယာနဲ့” ဟု ဆိုသည်။
ဤသို့ဖြင့် မြန်မာ့မီးရထားဌာနမှ CDM ဝန်ထမ်းအများအပြားတည်ရှိရာ မြစ်ငယ်မြို့တွင် နေထိုင်သူတို့သည် စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ မတ်လဆန်းတွင် အိမ်ရာမဲ့အခြေအနေကို ရုတ်တရက် ရင်ဆိုင်လိုက်ရသည်။
မြို့လုံးကျွတ်အာဏာဖီဆန်
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မလုယူရာ ဦးလင်း ခံပြင်းဒေါသထွက်ရသည်။ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များလည်း အလားတူ အံ့သြတုန်လှုပ် ဒေါသဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“ငါတော့ အလုပ်မဆင်းနိုင်တော့ဘူး။ တကယ်လို့ ပြုတ်ချင်လည်း ပြုတ်ပါစေတော့။ စိတ်လည်း မပါတော့ဘူး။ လုပ်ချင်စိတ်လည်း မရှိတော့ဘူး” ဟု သူက မိသားစုကို ဖွင့်ပြောခဲ့သည်။
အာဏာသိမ်းမှုကို မနှစ်မြို့သည့် မြို့ခံများတွင် ဦးလင်းတို့မီးရထားဌာန ဝန်ထမ်းများကြောင့် မြို့လုံးကျွတ်နီးပါး ညီညွတ်ခဲ့ကြသည်၊ ၎င်းတို့ မြစ်ငယ်မီးရထားဌာနတစ်ခုလုံးနီးပါး ရုံးမတက်၊ အလုပ်မဆင်း အာဏာဖီဆန်ခဲ့ကြသည်။
နိုင်ငံအနှံ့ ဆန္ဒပြမှုများအားကောင်းချိန်က မြစ်ငယ်မြို့တွင်လည်း လူဦးရေ ရာနှင့်ချီကာ လမ်းပေါ်ထွက်ခဲ့ကြသည်။ နေ့စဉ် လူအင်အား ၁၀၀ ကျော် ပုံမှန်ဆန္ဒပြကြရာ ဧပြီ ၁၃ တွင် စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ကာ ဖြိုခွင်းလိုက်သည်။
ရထားဝန်ထမ်းများကို ဆက်လက်၍ အာဏာဖီဆန်နေပါက ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ပေးကြရန် ခြိမ်းခြောက်စာများ လိုက်လံကပ်ခဲ့သည်။
ဝန်ထမ်းအများစုသည် ကြုံတွေ့ရမည့် အခက်အခဲအကျပ်အတည်းများကို ကြိုတင်တွေးမိပါသော်လည်း နိုင်ငံရေးစိတ် ပြင်းထန်နေကာ နေအိမ်လိုင်းခန်းများမှ ဆင်းပေးခဲ့ကြပြီး လိုင်းခန်းဘေးတွင်ပင် နေအိမ်ဆောက်လုပ်နေထိုင်ခဲ့ကြသည်။
“အားလုံးက ထုတ်သာ မပြောကြတာ၊ အကုန်လုံး ကျပ်တည်းနေကြတယ်။ နှစ်နပ်တစ်နပ် ပေါင်းစားနေကြရသူတွေ ရှိတယ်”
အချို့ကမူ အာဏာဖီဆန်ထားသော်ငြား လိုင်းခန်းတွင်ပင် ဆက်လက်နေထိုင်ခဲ့ကြသည်ဟု ဦးလင်းက ပြန်ပြောပြသည်။
“နေစရာရှိလို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ကျူးလေးတွေနဲ့ ကပ်ရပ်နေမယ်ဆိုတဲ့စိတ်နဲ့ ဆင်းပေးလိုက်တာ။ ကျွန်တော်က CDM လုပ်ပြီးနောက်မှာ လိုင်းခန်းမှာ ဆက်မနေဘူးဗျ။ ကျွန်တော်ကတော့ ကျူးမှာပဲနေလိုက်တယ်” ဟု သူက ဆိုသည်။
ယခုအခါ စစ်ကောင်စီက ဝန်ထမ်းလိုင်းခန်းများအပါအဝင် လိုင်းခန်းဘေးမှ ယာယီဆောက်လုပ်နေခဲ့ကြသော မြေနေရာများတွင်ပါ နေထိုင်ခွင့်မပြုတော့ဘဲ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
မပြေလည်သော CDM ဘဝ
အာဏာမသိမ်းမီက ဝန်ထမ်းလစာ တစ်သိန်းခွဲ၊ ဇနီးဖြစ်သူ စျေးရောင်းခြင်းတို့ကြောင့် ဝင်ငွေထွက်ငွေ မျှမျှတတရှိခဲ့ရာမှ CDM ပြုလုပ်ပြီးနောက် စားဝတ်နေရေး အကျပ်အတည်းကြုံရသဖြင့် ဆယ်တန်းကျောင်းသူ၊ ရှစ်တန်းကျောင်းသားတို့ကို ကျောင်းထုတ်ခဲ့ရသည်။
ဇနီးမောင်နှံ ကြုံရာကျပန်းလုပ်ကိုင်သော်ငြား ဝမ်းဝရုံသာ ဖြေရှင်းနိုင်သည်။
“ဒီလိုဖြစ်မယ်ဆိုတာ တွက်ပြီးသားလေ။ အရင် ၈၈ တုန်းကလည်း မီခဲ့တာကို။ ဒီလိုဒီလိုတွေဖြစ်မယ်ဆိုတာကို သိလည်းသိတယ်။ ဖြစ်ချင်ရာဖြစ်ပေါ့၊ သူတို့လက်အောက်တော့ ပြန်ရောက်တော့မခံနိုင်ဘူး” ဟု ဦးလင်းက ပြတ်သားစွာ ပြောသည်။
မြန်မာဘုရင်များ နောက်ဆုံး စိုးစံခဲ့ရာ မန္တလေးနှင့် ၁၇ ကီလိုမီတာခန့်ဝေးသော မြစ်ငယ်သည် မီးရထားနှင့်သက်ဆိုင်သော စက်ရုံအလုပ်ရုံများစွာရှိသော မြို့လေးဖြစ်သည်။
ရှမ်းပြည်နယ်မှ စီးဆင်းလာသော နမ္မတူမြစ် မြန်မာပြည်အလယ်ပိုင်းသို့ ရောက်သည့်အခါ မြစ်ငယ်မြစ် ဖြစ်လာသည်။ သေးငယ်သောမြစ်ဟု အဓိပ္ပာယ်ထွက်သည့် ဒုဋ္ဌဝတီဟုလည်း ခေါ်ကြသည်။
ထိုမြစ်နှင့် အမည်တူသော မြို့လေးတွင် ဝန်ထမ်းအိမ်ထောင်စုပေါင်း ၂၀၀၀ ခန့်ရှိရာ မြို့ငယ်သော်လည်း အားလုံးနီးပါး CDM တွင် ပါဝင်ခဲ့ကြသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု အားကောင်းသောဒေသ ဖြစ်ခဲ့သည်။
ထိုအထဲတွင် မီးရထားဌာန၌ လုပ်သက် ၁၁ နှစ်ကျော်ရှိနေပြီဖြစ်သော ဦးမောင်*ကလည်း ပြောင်းရွှေ့နေထိုင်ရေး၊ စားရေးသောက်ရေး အခက်ကြုံနေရသော မိသားစုများအကြောင်း ပြောပြသည်။
“အိမ်ငှားတွေ လိုက်ရှာနေရတာပေါ့။ အိမ်ငှားတွေကလည်း တစ်သိန်းပတ်ချာလည်တွေဆိုတော့ အဆင်မပြေကြဘူး။ တချို့ကျလည်း နီးစပ်ရာဆွေမျိုးတွေဆီ သွားနေနေကြရတယ်” ဟု သူက ပြောသည်။
“အားလုံးက ထုတ်သာ မပြောကြတာ၊ အကုန်လုံး ကျပ်တည်းနေကြတယ်။ နှစ်နပ်တစ်နပ် ပေါင်းစားနေကြရသူတွေ ရှိတယ်”
စစ်ကောင်စီက ရေဆုံးမြေဆုံး ချေမှုန်းနေ
မီးရထားဌာနတွင် သားစဉ်မြေးဆက် ဝင်ရောက်လုပ်ကိုင်သည့် မိသားစုမှ ဆင်းသက်လာသည့် ဦးမျိုးသည် ဝန်ထမ်းအကြီးတန်းဘဝဖြင့် ဂုဏ်ယူစွာ အေးအေးချမ်းချမ်း နေထိုင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုက သူ့အနေအထားကို ပြောင်းလဲပစ်လိုက်သည်။
မြစ်ငယ် မီးရထားတွဲပြင်ဌာနတွင် ကြီးကြပ်သူရာထူးဖြင့် လုပ်သက် ၂၅ နှစ်တိုင်အောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၈၈ အရေးအခင်းကို မီခဲ့သူဖြစ်ကာ အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေများကို ကြိုတင်ရိပ်ဖမ်းမိသော်ငြား ဝန်ထမ်းအများအပြား CDM လုပ်ချိန်တွင် သူလည်း ပူးပေါင်းလိုက်သည်။
“အဲဒီနေ့မှာ တောက်ခေါက်ရုံကလွဲပြီး မတတ်နိုင်ဘူး။ ကိုယ့်ဘဝတွေပျက်စီးဖို့ ဇာတ်လမ်းစပြီလို့ ခံစားလိုက်ရတယ်။ CDM စလုပ်တော့လည်း ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ ဒုက္ခတွေ။ အခက်အခဲတွေ ကြုံရတော့မယ်ဆိုတာ ကြိုတင်တွေးခဲ့တယ်” ဟု ဆိုသည်။
“နေစရာစားစရာမရှိ။ အခက်အခဲဖြစ်လို့ လုပ်ငန်းခွင် ပြန်ဝင်ကြမဲ့သူတွေကိုလည်း ကျွန်တော်တို့နားလည်ပေးပါတယ်”
လိုင်းခန်းဘေးတွင် မြေစိုက်အိမ်ကလေးတစ်လုံးဆောက်ကာ ရထားဝန်ထမ်းပင်စင်စား ဖခင်ကြီးနှင့်အတူ နေထိုင်သူဖြစ်သည်။
သို့သော် မတ်လဆန်းတွင် စစ်တပ်က အဆိုပါအိမ်လေးကိုပါ ဖျက်ဆီးခဲ့သဖြင့် မိတ်ဆွေတစ်ဦး၏ခြံသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ဦးမျိုးက ပြောသည်။
အခြား အိမ်ခြေရာမဲ့ဖြစ်သွားသည့် CDM ဝန်ထမ်းတို့ကို စစ်ကောင်စီက ရေဆုံးမြေဆုံးထိ လိုက်လံ၍ နှိပ်ကွပ်နေကြောင်း၊ ကူညီသူများ အရေးယူခံရမည်ဟု သတင်းလွှင့်ထားကြောင်း သူက ဆိုသည်။
“CDM တွေ လက်ခံရင် ဖမ်းမယ်။ ချိပ်ပိတ်မယ်ပေါ့။ ဒါက သက်သက်မဲ့ယုတ်မာတာ။ အိမ်ကလည်း ဆင်းပေးခဲ့ပြီးပြီ။ ဥပဒေမဲ့တွေကို လုပ်နေတော့တာ။ ပြောတော့သာပြောရတာ။ ဥပဒေဆိုတာလည်း သူတို့လက်ထဲမှာလေ။ ပရမ်းပတာတွေပါပဲ” ဟု သူက ပြောသည်။
လုပ်ငန်းခွင်ပြန်ဝင်သူတို့၏ အခက်အခဲ
အာဏာဖီဆန်၍ CDM လုပ်ထားသော ဝန်ထမ်း၂၀၀၀ နီးပါးရှိသည့် မြစ်ငယ်မြို့လေးတွင် ယခုအခါ ၎င်းတို့ (စစ်တပ်)၏ ဖိနှိပ်လာသော လုပ်ရပ်များကြောင့် မတတ်သာ၍ လုပ်ငန်းခွင် ပြန်ဝင်သွားကြသူ ထက်ဝက်နီးပါးရှိနေပြီဖြစ်ကြောင်း ဦးမျိုးက ခန့်မှန်းသည်။
လုပ်ငန်းခွင်ပြန်ဝင်သူတို့ကို စစ်ကောင်စီက ကောင်းကောင်းမွန်မွန် လက်ခံခဲ့ခြင်းမရှိဟု ဆိုသည်။
“သူတို့ကို အချက် ၆၀ လက်မှတ်ထိုးခိုင်းတယ်။ CDM ကာလတစ်လျှောက်လုံး နေလာခဲ့တဲ့မီတာခတွေ အကုန်ပေးရမယ်ဆိုတဲ့ အချက်တွေပါတယ်” ဟု ဦးမျိုးက ပြောသည်။
“တချို့ လက်မှတ်သာ ထိုးခဲ့တာ၊ ကောင်းကောင်း မဖတ်ခဲ့ကြရဘူး”
၎င်းအနေဖြင့် စစ်အာဏာရှင်ခေတ်ဆိုးကြီးထဲတွင် ဆက်လက်၍လုပ်ကိုင်သွားရန် လုံးဝစိတ်ကူးမရှိဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမည်သာဖြစ်ကြောင်း ပြောသည်။
“ဒီအာဏာရှင်စနစ်အောက်မှာတော့ လုပ်သက်တွေ၊ ရာထူးတွေလည်း မနှမြောဘူး။ သူတို့လက်အောက် မလုပ်ချင်လို့ကို ထွက်ခဲ့တာ။ ဘယ်တော့မှလည်း ဒူးမထောက်ဘူး။ အဆုံးထိသွားမှာ” ဟု ဦးမျိုးက ဆိုလိုက်သည်။
မြစ်ငယ်အပါအဝင် တစ်နိုင်ငံလုံးမှ မီးရထားဝန်ထမ်းများသည် စစ်ကောင်စီ အာဏာသိမ်းအပြီး ၈ ရက်မြောက်နေ့တွင် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြသဖြင့် မီးရထားပြေးဆွဲမှုများ တစ်နိုင်ငံလုံးနီးပါး လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့သည်။
မန္တလေးတွင်လည်း စက်ခေါင်းမောင်းနှင့် ခရီးစဉ်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃၁၉ ဦးရှိသည့်အနက် ၂၈၅ ဦးမှာ မတ် ၂၁ တွင် ဝန်ထမ်းအိမ်ရာများမှ ထွက်ခွာပေးခဲ့ကြသည်။
CDM ပြုလုပ်၍ နေအိမ်လိုင်းခန်းမှ ထွက်ခွာပေးရကာ ရှောင်တိမ်းနေရသူ မန္တလေးမှ စက်ဗိုလ်တစ်ဦးက ဆက်လက်အားတင်းထားဦးမည်ဟု ပြောသည်။
“သူတို့ကတော့ အစွမ်းကုန်ယုတ်မာမှာ၊ ကောက်ကျစ်မှာပဲ။ ကျွန်တော်တို့ဝန်ထမ်းတွေကလည်း တောင့်ခံပြီး အဆုံးထိတော်လှန်ကြရမှာပဲ” ဟု သူက ပြောသည်။
“ဒါပေမဲ့ အခုလို နေစရာစားစရာမရှိ။ အခက်အခဲဖြစ်လို့ လုပ်ငန်းခွင် ပြန်ဝင်ကြမဲ့သူတွေကိုလည်း ကျွန်တော်တို့နားလည်ပေးပါတယ်”
မြို့ပျက် မြစ်ငယ်
ယခင်က စည်စည်ကားကား အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြရသော ဝန်ထမ်းမြို့ကလေးဖြစ်သည့် မြစ်ငယ်သည် ယခုအခါ သုသာန်တစပြင်အလား ခြောက်ကပ်ကာ မြို့ပျက်သဖွယ်ဖြစ်သွားရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
နိုင်ငံအတွက် ဝန်ထမ်းပေါင်း ထောင်နှင့်ချီ မွေးထုတ်ပေးထားသော ယင်းမြို့လေးသည် အာဏာသိမ်း စစ်တပ်လက်အောက်တွင် စုံးစုံးမြုပ်ကာ ပျောက်ကွယ်သွားရသည်ဟု သူက ဆိုသည်။
“မြို့ပျက်ကြီးလိုပါပဲ၊ အားလုံးက တကွဲတပြားစီဖြစ်သွားပြီ။ စားဖို့တောင် ရုန်းကန်နေရချိန်မှာ နေစရာအတွက်ပါ ဒုက္ခတွေရောက်ရ၊ ကျွန်မတို့ဘဝတွေ ပျက်ရတယ်။ ကျွန်မတို့က ဘာအပြစ်တွေ ရှိနေခဲ့လို့လဲ” ဟု သူက မေးခွန်းထုတ်သည်။
ထိုမြို့လေးတွင် အခြေချနေထိုင်ခဲ့ဖူးသူ လူငယ်အမျိုးသားတစ်ဦးကလည်း မြို့လေးနှင့် ပတ်သက်ပြီး ၎င်း၏ခံစားချက်ကို ကဗျာအဖြစ် ရေး၍ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“ဒီမြို့ကနေပြီးတော့ နိုင်ငံတော်အကျော်အမော်တွေထွက်ခဲ့တယ်
ဒီမြို့ကနေပြီးတော့ နိုင်ငံအတွက် လုပ်သားပေါင်းထောင်သောင်းမက အလုပ်အကျွေးပြုခဲ့တယ်။
ဒီမြို့ကနေ လူချမ်းသာတွေ ထွက်ပေါ်ခဲ့တယ်။
ဒီမြို့ကနေ နိုင်ငံအတွက် အရာရှိအရာခံတွေ ထွက်ပေါ်ခဲ့တယ်။
ဒီမြို့ကနေ အနုပညာသမားတွေ ထွက်ပေါ်ခဲ့တယ်။
ဒီမြို့ကနေပြီး လူစိတ်စစ်စစ်ရှိသူတွေ ထွက်ပေါ်ခဲ့တယ်။
ဒီမြို့ကနေပြီး ခုလိုအဖြစ်ဆိုးတွေအတွက် ကူညီနိုင်သူတွေကို မျှော်နေမိတယ်။
အခုတော့ ဒီမြို့လေးဆိုတာ
ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှ ဒုက္ခဝေစီနေသောမြို့လေးဖြစ်ခဲ့ရပြီလေ”
(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.