15 March 2022
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နေအိမ်တံခါးဝတွင် ဦးမြအေးကို စောင့်မျှော်နေသည့် ကြောင်များ။ ဓာတ်ပုံ – ပေးပို့
အသက် ၅၆ နှစ်ပြည့်နေ့တွင် တတိယအကြိမ် ထောင်ဒဏ်နှင့် တိုးခဲ့သူ၊ စစ်အုပ်စုက ပစ်မှတ်ထားခဲ့သူ ဦးမြအေး၏ ကျန်းမာရေးကို မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေသည်။
By Myanmar Now
“အမိန့်ချခြင်းဟာ မွေးနေ့လည်းဖြစ်တဲ့အတွက် မွေးနေ့လက်ဆောင်လို့ပဲ သဘောထားတယ်”
အသက် ၅၆ နှစ်ပြည့် မွေးနေ့၊ မတ် ၁၀ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဦးမြအေးက ရှေ့နေမှတစ်ဆင့် မိသားစုထံ ပါးလိုက်သည့် မှတ်ချက်ဖြစ်သည်။
စစ်အာဏာသိမ်းကြောင်း မကြေညာမီ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းမီကတည်းက အကြောင်းပြချက်မရှိ ဖမ်းခံရသူများထဲတွင် ဦးမြအေးပါဝင်သည်။
ထိုစဉ်က မှတ်တမ်းတင်ထားနိုင်သည့် CCTV ပုံရိပ်တစ်ခုတွင် အိတ်တစ်လုံးလွယ်ထားသည့် ၎င်းက စစ်သားများအကြား အေးအေးလူလူ လိုက်သွားသည်ကို တွေ့ရသည်။
“အကုန်လုံးက သတိပေးတယ်။ အာဏာသိမ်းမယ်ဆိုလို့ရှိရင်တော့ ခေါ်သွားနိုင်တယ်။ တစ်နေရာမှာ ရှောင်ဖို့ပေါ့နော်။ အဖေလည်း စဉ်းစားပါတယ်”ဟု အသက် ၃၃ နှစ်အရွယ် သမီးကြီး မဝေနှင်းပွင့်သုန်က ပြောသည်။
သို့သော် အတူနေ မိခင်ကြီး၊ ဇနီးနှင့် သမီးငယ်တို့ ဘေးဒုက္ခကျရောက်နိုင်သည်ကို ဦးမြအေးက သတိပြုမိပုံပေါ်သည်။
“သူစဉ်းစားတာ သူထွက်သွားလိုက်ရင် မိသားစုကို ဒုက္ခပေးမလား၊ အမေကလည်း အသက်ကြီးပြီ၊ စိတ်ပူနေရမလားဆိုတဲ့စိတ်နဲ့ မရှောင်ပြေးတာ” ဟု မဝေနှင်းပွင့်သုန်က ဆိုသည်။
ဦးမြအေး၏ လက်ကိုင်ဖုန်းအတွင်း လွန်ခဲ့သော ၇ နှစ်က တရုတ်နိုင်ငံသားတစ်ဦးထံ ငြိမ်းချမ်းရေးကိစ္စ ရှင်းပြသည့် အီးမေးတစ်စောင်ကို စစ်ကောင်စီက ရှာတွေ့ရာ ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ဂ) တပ်သည်။
အင်းစိန်ထောင်တရားခွင်၌ တစ်နှစ်ကျော်ကြာ ထိုပုဒ်မဖြင့် အမှုရင်ဆိုင်ရကာ အမြင့်ဆုံးထောင်ဒဏ်ချခံရပြီးနောက်တွင် သူလုံးဝတွေ့ခွင့်မရသည့် မိသားစုထံ ပြောလိုသည့်စကားကို ရှေ့နေမှတစ်ဆင့် ပေးပို့ခဲ့သည်။
အာဏာရှင်နှစ်ဆက်၏ အမျက်တော်ရှမှုဖြင့် ဘဝတွင် တတိယအကြိမ် ကြုံရသည့် ထောင်ဒဏ်ကို မည်သို့ ရင်ဆိုင်နေကြောင်း အသိပေးခြင်းဖြစ်သည်ဟု မဝေနှင်းပွင့်သုန်က ပြောပြသည်။
‘နိုင်ငံရေးသမားတစ်ယောက်အတွက် ကြမ်းတမ်းတဲ့လမ်းတွေ လျှောက်ရတာ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လိုပဲစီရင်စီရင် ခံယူချက် ရပ်တည်ချက် ယိမ်းယိုင်နေမှာ မဟုတ်ဘူး’ ဟူသော သူ့စကားက အိမ်သို့ ရောက်လာသည်။
သမီးနှစ်ဦး၏ ဖခင် ဦးမြအေးမှာ ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင် မတိုင်မီကပင် လက်ရှိအသက်ထက်ပိုသော ထောင်ဒဏ်များနှင့် ရင်ဆိုင်ရဖူးသူဖြစ်သည်။ ၂၀၂၂ တွင် ထပ်ကြုံရသည့် ထောင်နံရံကြား မွေးနေ့ကို ကျော်ဖြတ်ရသည့် ဖြစ်စဉ်မျိုးမှာ သူနှင့် မိသားစုအတွက် အသစ်အဆန်းမဟုတ်ပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မိုးမလင်းမီ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် နေအိမ်တွင် ဦးမြအေးကို စစ်သားများ လာရောက် ခေါ်ဆောင်သွားစဉ်။ ဓာတ်ပုံ – ပေးပို့
မဝေနှင်းပွင့်သုန်ကိုယ်တိုင် အသက် ၅ လမှ ၈ နှစ်၊ ၁၈နှစ် မှ ၂၂နှစ်ကြားတွင် ဖခင်နှင့် ကွေကွင်းရဖူးသည့် အတွေ့အကြုံရှိသည်။ မိသားစုက ထောင်ဝင်စာတွေ့ခဲ့ရသည့် ကာလ ၁၃ နှစ်ဝန်းကျင် ရှိခဲ့သည်။
၁၉၈၈ မှစ၍ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သူ ဦးမြအေးကို စစ်ဗိုလ်ချုပ်များက ၁၉၈၉ တွင် ၈ နှစ်၊ ၂၀၀၇ တွင် ၆၅ နှစ်ခွဲ ထောင်ဒဏ်ချဖူးသည်။
၂၀၁၂ တွင်မှ လွတ်ငြိမ်းခွင့်ဖြင့် အိမ်သို့ ပြန်ရောက်သည်အထိ ကြုံခဲ့ရဖူးသော်လည်း မွေးနေ့တွင် အမိန့်ချခံရမှုမှာ ဦးမြအေးအတွက် ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်။
ထိုအခြေအနေကို ဖခင်ဖြစ်သူက တုန်လှုပ်ဟန် မပြသော်လည်း မဝေနှင်းပွင့်သုန်ကမူ တစ်ကျော့ပြန်လာသည့် ကြမ္မာဆိုးအတွက် လွန်စွာ ဝမ်းနည်းနေသည်။
“မွေးနေ့ဆိုတာ ဘာမှ အပြင်မှာသွားပြီးတော့ စပယ်ရှယ်လုပ်တာ မလုပ်တာထက်စာရင် အိမ်ထမင်း၊ အိမ်ဟင်းလေးနဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်တာပေါ့နော်။ အဲလိုမျိုး မရှိရတဲ့အတွက် တော်တော်စိတ်မကောင်းဘူး” ဟု ၎င်းက ပြောသည်။
ယခင် ထောင်ကျကာလများတွင် ကြောင်များကို အဖော်ပြုရင်း ဖြတ်သန်းခဲ့သည့် ဦးမြအေးမှာ ယခုလည်း ထိုနည်းလည်းကောင်း တည်ငြိမ်စွာရှိသည်ဟု မဝေနှင်းပွင့်သုန်ထံမှ သိရသည်။
“ကြောင်ချစ်တဲ့ အဖေက အခုလဲ အင်းစိန်ထောင်ထဲမှာ ကြောင်လေးတွေကို အစာကျွေးနေတယ်။ ဒါပေမဲ့ သူခေါ်မွေးထားတာ မဟုတ်ပါဘူးတဲ့”
ဦးမြအေး ထောင်အတွင်းမှ ပို့သော မိသားစုထံ ပေးစာများတွင် နေအိမ်၌ မွေးထားသည့် ကြောင် ၃၇ ကောင်၏ သာကြောင်း၊ မာကြောင်းကိစ္စများကို ထည့်မေးလေ့ရှိသည်ဟု မဝေနှင်းပွင့်သုန်က ပြောသည်။
“နာမည်တွေက လှလှလေးတွေမဟုတ်ဘူး။ အမေနဲ့ အဖေက တွေ့ရာပေးတာ။ အမွေးက ကြာဆံနဲ့တူလို့ ကြာဆံ။ မျက်နှာက မာနကြီးပြီး မှုန်လို့ မှုန်ကုပ်”
အားလုံးကို နာမည်နှင့်တကွ မှတ်မိနေသည့် ဦးမြအေးသို့ ပြန်စာတွင် ကြောင်များ၏ ကျန်းမာရေး၊ ဆော့ကစားမှု၊ ဆိုးသွမ်းမှု စသည့် အခြေအနေအရပ်ရပ်ကို အသိပေးရသည်ဟု ၎င်းက ဆက်ပြောသည်။
အထူးသဖြင့် VIP ဟု သတ်မှတ်ထားသည့် ကြာဆံ (ခ) ကျမ်းကျမ်းနှင့် မှုန်ကုပ်ဆိုသော အမနှစ်ကောင်၊ ဆရာကြီးအမည်ရ အထီးတစ်ကောင်အကြောင်း မိသားစုက ဦးမြအေးထံ တခုတ်တရ ပြောရသည်။
ဦးမြအေးမှာ ကြောင်များကို ချစ်တတ်ရုံသာမက တေးရေး၊ တေးဆို၊ ဂစ်တာတီးခြင်းတို့နှင့်လည်း မွေ့လျော်သူဖြစ်သည်။
၎င်း၏ ထိုသို့ စိတ်နှလုံးနူးညံ့မှု၊ နိုင်ငံရေးသီလတို့မှာ ယခုမှ ရှိလာသည် မဟုတ်ဟု ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပြသည်။
သူတို့နှစ်ဦးမှာ ၈၈ မှစ၍ နှစ် ၃၀ ကျော်ကြာ အာဏာရှင်စနစ်တိုက်ဖျက်ရေး နိုင်ငံရေးခရီးရှည် အတူဖြတ်ခဲ့ကြသူများပင်။
၁၉၈၈ တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးများက သူတို့နှစ်ဦးကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားချိန် ၂၀၀၈ ခုနှစ်က ဖြစ်စဉ်နှစ်ခုကို ဦးမင်းကိုနိုင်က နမူနာပေးသည်။
ဦးမင်းကိုနိုင် ရှိနေသည့် အမှတ် ၁ တိုက် အကျဉ်းခန်းသို့ အမည်ပေးပြီးသား ကြောင်နှစ်ကောင် ဦးမြအေးက လက်ဆောင်အဖြစ် လျှို့ဝှက်စွာ ပို့သည်ဟု ဆိုသည်။
လေပြေနှင့် လေညှင်းဆိုသော ထိုကြောင်ပေါက် နှစ်ကောင် နာမည်နှင့်မလိုက် ဗြောင်းဆန်အောင် ဆော့၍ ပိုင်ရှင်ကို အသိပေးရာ ပြန်ပို့လာသည့် မှတ်ချက်ကြောင့် ကြည်နူးခဲ့ရဖူးသည်ဟု ဦးမင်းကိုနိုင်က မှတ်မှတ်ရရ ပြန်ပြောသည်။
ထောင်ဝန်ထမ်းမှတစ်ဆင့် အပြန်အလှန်စကားပါးရာ နာဂစ်မုန်တိုင်းအတွင်း မွေး၍ နူးညံ့စေလိုသော ဆန္ဒဖြင့် ထိုသို့ မှည့်ခေါ်သည်ဟု ဦးမြအေးက အကြောင်းပြန်သည့် စကားကို သူက ရည်ညွှန်းခြင်းဖြစ်သည်။
“သူ့ရဲ့နှလုံးသားကို ပြောပြချင်တာပါ။ ခက်ခဲကြမ်းတမ်းဆုံးအချိန်မှာတောင် သူက သိမ်မွေ့နူးညံ့စွာနဲ့ အရာရာကို ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက်ပါဗျာ” ဟု ဦးမင်းကိုနိုင်က ပြောသည်။
ထို့နောက် ၎င်းတို့ကို ဧရာဝတီတိုင်း မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်ရာ ထိုကြောင်များကို ထားပစ်ခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။
မအူပင်သို့ ရောက်ပြီးနောက် အာဏာရှင်ဟောင်းက ထောင် ၆၅ နှစ်၊ ၆ လချမှတ်စဉ် တရားခွင်၌ ဦးမြအေးက တည်ငြိမ်စွာရင်ဆိုင်နိုင်သည်ဟု ပြောသည်။
“ကျွန်တော်က ချလိုက်တဲ့အပြစ်က ဒီဘဝမပြောနဲ့ နောက်ဘဝတောင် မလွတ်ဘူးလို့ ပြောလိုက်တာ၊ ….အဲဒီမှာ သူ(ဦးမြအေး) အော်ရီတာဗျ”
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်ရန် ရန်ကုန်မြို့လယ်၌ ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် ဟောပြောနေသည့် ဦးမြအေး။ (ဓာတ်ပုံ-EPA)
ယခုကဲ့သို့ အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး ရည်သန်ထားချိန်တွင် ဦးမြအေး၏ အမြော်အမြင်နှင့် ဦးဆောင်ဦးရွက်ပြုနိုင်စွမ်းကို ဆုံးရှုံးနေရသည့် အခြေအနေကြောင့် ဦးမင်းကိုနိုင်က နှမြောတသဖြစ်နေသည်။
၂၀၂၁ တစ်ကျော့ပြန် အာဏာမသိမ်းမီကာလမတိုင်မီ ဖက်ဒရယ်ဒီမိုကရစီအင်အားစု လှုပ်ရှားမှု ဦးဆောင်ခဲ့သည့် ဦးမြအေးကို တိုင်းပြည်၏ ပကတိလိုအပ်ချက်အတွက် ကြိုတွေးထားနိုင်သူအဖြစ် ၎င်းက အသိအမှတ်ပြုထားသည်။
“အနာဂတ်နိုင်ငံရဲ့ လမ်းကြောင်းဟာ အဲဒီလိုပဲသွားမယ်ဆိုတာ ယုံကြည်တဲ့အတွက် ဒီခေါင်းစဉ်ကို သူရွေးပြီးတော့ကို အားစိုက်ပြီး လုပ်ခဲ့တယ်ဗျ။ အခု ဒီကနေ့ တကယ်လုပ်နေရပြီလေ” ဟု ဦးမင်းကိုနိုင်က ပြောသည်။
စစ်ကောင်စီကို အန်တု၍ အခြေခံဥပဒေအသစ်၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံအသစ်ကို ဖော်ဆောင်ရန် တိုင်းရင်းသား၊ တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားများနှင့် ဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် ဦးမင်းကိုနိုင် ပါဝင်နေသည်။
ထို့ကြောင့် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချလေ့ရှိသည့် စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် အများယုံကြည်ကိုးစားမှုရခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးမြအေး၏ စွမ်းဆောင်ရည်ကို သူက မျှော်လင့်နေခြင်းပင်။
“ဒီလိုအရေးတော်ပုံကြီး၊ တော်လှန်ရေးကြီး ဆင်နွှဲနေရတဲ့ အချိန်မှာ၊ ကိုမြအေးရဲ့ အသံ၊ ကိုမြအေးရဲ့ စကားတွေသာရှိခဲ့ရင် ဘယ်လောက်အားရှိမလဲ”
ဦးမြအေးကိုယ်တိုင်ကလည်း ခံယူချက် မယိမ်းယိုင်ဟု အထက်ပါအတိုင်း ထပ်လောင်းအတည်ပြုထားပြီးဖြစ်သည်။
သို့သော် ဦးမြအေး၏ လက်ရှိကျန်းမာရေးကို မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေသည်။
အမည်ဆိုးဖြင့် ကျော်ကြားသည့် ရန်ကုန်မြို့၊ အင်းစိန်ထောင်၏ အဝင်ဝ စစ်ဆေးရေးဂိတ်ကို ၂၀၂၀ ဧပြီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)
ဆေးလိပ်နှင့် ကော်ဖီ အလွန်နှစ်သက်သည့် ၎င်းတွင် နှလုံးရောဂါအခံရှိသည်။ ၂၀၁၄တွင် နှလုံးအဆို့ရှင် ခွဲစိတ်ရဖူးသည့် ဦးမြအေးကို စစ်ကောင်စီက ထောင်အတွင်း လုံလောက်သည့် ဆေးကုသခွင့်မပေး။
၂၀၂၁၊ နိုဝင်ဘာတွင် ညာဘက် ခြေချင်းဝတ်ရှိ အနာပိုးဝင်ရာ သတိလစ်သည်အထိ ဖြစ်မှ စစ်ကောင်စီက ပြင်ပဆေးရုံသို့ပင် ပို့၍ အရေးပေါ်ကုသခွင့် ပေးခဲ့သည်။
သေချာမကုပါက ခြေထောက်ဖြတ်ရနိုင်သည်ဟု ဆရာဝန်က မှတ်ချက်ပြုသော်လည်း တစ်လဝန်းကျင်အတွင်း အင်းစိန်ထောင်သို့ ပြန်ပို့ခံရရာ အနာမှာ ယခုတိုင် အရှင်းမပျောက်ဟု သမီးကြီးက ပြောသည်။
“ပိုးဝင်တာ နည်းနည်းနဲ့ ခြေထောက်ရောင်တာက ရှိသေးတော့ ပုံမှန်စစ်ဆေးဖို့ လိုတယ်။ အခု အဲဒီဆေးကုသမှုကို ပိတ်ထားတယ်” ဟု မဝေနှင်းပွင့်သုန်က ဆိုသည်။
ထိုသို့ ခက်ခဲစွာဖြတ်သန်းနေရသည့် ဖခင်ဖြစ်သူနှင့် ပြန်တွေ့ခွင့်ကို အလွန်အမင်းတောင့်တနေသည်ဟု ၎င်းက ပြောသည်။
မဝေနှင်းပွင့်သုန်မှာ စစ်ကောင်စီကို ဆန့်ကျင်သည့် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ဝင်ဖြစ်၍ ပြည်တော်ပြန်ရန် ကိုယ်တိုင်အခက်ကြုံနေရသူဖြစ်သည်။
ဦးမြအေးကို မျှော်နေကြသူများထဲတွင် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များသာမက နေအိမ်မှ ကြောင်များပင် ပါသည်ဟု မဝေနှင်းပွင့်သုန်က ဆက်ပြောသည်။
အိမ်တွင်ရှိ၍ အပြင်ထွက်သည့် ညတိုင်း ကြက်ကြော်ဝယ်လာကာ လှေခါးတစ်လျှောက် သီချင်းဆို တစ်လှည့်၊ ကြောင်နာမည် အော်ခေါ်၍ တစ်ဖုံ တက်လာလေ့ရှိသည့် ဦးမြအေးကို ထိုကြောင်အုပ်က မမေ့ကြဟု ၎င်းထံမှ သိရသည်။
ဦးမြအေးကို မမြင်ရသည်မှာ တစ်နှစ်ကျော် ရှိလာချိန်အထိ ညဘက် လှေကားမှ တစ်ယောက်ယောက် တက်လာသည့် ခြေသံကြားတိုင်း ကြောင်များ တံခါးဝသို့ ပြေးကာ အုပ်စုလိုက် စောင့်ဆဲဟု မဝေနှင်းပွင့်သုန်က ဆိုသည်။
“မွေးနေ့ဆို ကြောင်တွေကို (ဦးမြအေးက) ကြက်ကြော်ဝယ်ကျွေးမှာ” ဟု ၎င်းက တပ်အပ်ပြောသည်။
ချစ်ခင်ကြင်နာမှု ပြည့်ဝသည့် သူ၏ ရဲဘော်ရဲဘက်မှာ ကျန်းမာစွာဖြင့် သူချစ်ရသူများနှင့် ဆုံစည်း၍ နိုင်ငံ့အရေး ပြန်လည်ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးမင်းကိုနိုင်ကလည်း ဆန္ဒပြုလိုက်သည်။
“သူရဲ့ သိမ်မွေ့တဲ့ နှလုံးသားနဲ့ ကျော်ဖြတ်နိုင်ပါစေ။ ဒီတိုင်းပြည်ကြီးရဲ့ အဖိုးတန်တဲ့ သားတစ်ယောက် မဆုံးရှုံးပါရစေနဲ့။ ကောင်းမွန်စွာ ပြန်ပြီး အလုပ်လုပ်နိုင်ပါစေ”
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.