တော်လှန်ရေးအတွက် စာသင်ခန်းကို ကျောခိုင်းခဲ့တဲ့ ယောနယ်က ရဲဘော်

တော်လှန်ရေးအတွက် စာသင်ခန်းကို ကျောခိုင်းခဲ့တဲ့ ယောနယ်က ရဲဘော်

အသက် ၂၉ နှစ်အရွယ် CDM ဆရာမ တစ်ဖြစ်လဲ YPDF ရဲဘော်ဆွေလေးကို လက်စွဲတော် တစ်လုံးထိုး သေနတ်နှင့် တွေ့ရစဉ်။။ (ဓာတ်ပုံ-Myanmar Now)

စစ်တပ်အာဏာသိမ်းမှုက ချင်းတောင်တန်း ကျေးလက်ဒေသ ကျောင်းဆရာမလေးကို လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ် ပုံပြောင်းပေးလိုက်ပါတယ်။

By Myanmar Now

လေ့ကျင့်ရေးသေနတ်ပစ်ကွင်း အမျိုးသားတွေကြားထဲမှာ ဆံပင်ရှည်ကိုစုစည်းပြီး တစ်လုံးထိုးသေနတ်ကို မျက်နှာခပ်တင်းတင်းနဲ့ ပစ်ခတ်လေ့ကျင့်နေတဲ့အမျိုးသမီးတစ်ဦးကို တွေ့ရတယ်။

စကားပြောရင် နှစ်လိုဖွယ်အမူအရာနဲ့ ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်တဲ့ဟန်ပန်တွေကတော့ သူ အရင်က ကျင်လည်ခဲ့ဖူးတဲ့ ပညာရေးနယ်မြေထဲက အပြုအမူတွေ ဖြစ်ပါလိမ့်မယ်။

သူကတော့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထဲမှာ ရုံးပိုင်းဆိုင်ရာ တာဝန်ယူထားတဲ့ ရဲဘော်ဆွေလေးပါ။

၂၉ နှစ်အရွယ် ရဲဘော်ဆွေလေးဟာ လုပ်သက် ၈ နှစ်ကျော်တဲ့ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့ကျေးရွာတစ်ရွာက စာသင်ကျောင်းမှာ စစ်အာဏာ မသိမ်းခင်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

စာသင်တဲ့ အလုပ်ကို နဂိုကတည်းက ဝါသနာပါခဲ့တာကြောင့် သူ့ဇာတိနဲ့ နီးတဲ့ မြို့ရွာတွေမှာထက် ဝေးလံတဲ့ ချင်းပြည်နယ်ထဲထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဌာနပေါင်းစုံကဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုထဲ အစောဆုံးရောက်လာသူတွေကတော့ မဆွေလေးတို့ ပညာရေးဝန်ထမ်းတွေပါပဲ။

“အမှန်တရားအတွက် တရားသောနည်းနဲ့ တောင်းဆိုခဲ့ပြီးပြီ၊ မရခဲ့ဘူး။ လက်နက်ရှိတယ်ဆိုပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ် ညှဉ်းပမ်းနေတာကို မကြည့်ရက်ဘူး”

“စစ်အာဏာရှင်လက်အောက်မှာတော့ အလုပ်လည်း မလုပ်နိုင်ဘူး။ အမှန်တရားကို မြတ်နိုးလို့ CDM လုပ်ခဲ့တာ“ လို့ YPDF ရဲဘော် တဖြစ်လဲ ကျောင်းဆရာမ မဆွေလေးက ဆိုပါတယ်။

မြေဖြူမှသည် တစ်လုံးထိုးသေနတ်ဆီသို့

CDM လုပ်နေရင်းနဲ့မှ ဇာတိချက်မြို့ ဂန့်ဂေါနယ်တစ်ကြောမှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေကို မြင်တွေ့ ကြားသိလိုက်ရတဲ့နောက်မှာ မဆွေလေးက လက်နက်ကိုင်အဖွဲ့အစည်းထဲဝင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

“အမှန်တရားအတွက် တရားသောနည်းနဲ့ တောင်းဆိုခဲ့ပြီးပြီ၊ မရခဲ့ဘူး။ လက်နက်ရှိတယ်ဆိုပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ် ညှဉ်းပမ်းနေတာကို မကြည့်ရက်ဘူး” လို့ မဆွေလေးက ပြောပါတယ်။

“ဘာလုပ်ပေးနိုင်မလဲဆိုတာ အမြဲတမ်းစဉ်းစားတယ်။ အဲ့ဒါကြောင့် လက်နက်ရှိတဲ့ အဖွဲ့အစည်းကို လက်နက်နဲ့ပဲ ပြန်တိုက်မှရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လက်နက်ကိုင်အဖွဲ့ အစည်းထဲကို ဝင်ခဲ့တာ”

မြေဖြူကိုင်တဲ့ လက်ကနေ သေနတ်ပြောင်းကိုင်ရာမှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။  စစ်သင်တန်း တက်ရောက်တဲ့အခါမှာတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရာအားလုံးကို ပြောင်းလဲခဲ့ရပါ တယ်။

“မိသားစုနဲ့ ဝေးနေရတယ်။ အရင်လိုလည်း မိသားစုကို မထောက်ပံ့ပေးနိုင် မစောင့်ရှောက်နိုင်တော့ဘူး။ စစ်သင်တန်းတက်တဲ့အခါမှာ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့” လို့ သူကဆိုပါတယ်။

“ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ဖို့အတွက် ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပြီး သားပါ”

CDM အများစုနဲ့ ဖွဲ့စည်းထားတဲ့ YPDF

မဆွေလေး တာဝန်ထမ်းဆောင်နေတဲ့ YPDF ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ အခြေပြု လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ပြင်းပြင်းထန်ထန် ခုခံနေတာပါ။

YPDF ရဲဘော်များနှင့်အတူ ရဲဘော်ဆွေလေးကို ဖေဖော်ဝါရီလအတွင်းက သင်တန်းစခန်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်အာဏာသိမ်းပြီး ၅လအကြာမှာ ဒေသခံ ရပ်မိရပ်ဖတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီမှာ စစ်ပညာ သွားရောက်သင်ယူထားတဲ့ CDM ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ သူတို့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ရဲ့ရည်ရွယ်ချက်က စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖြစ်ပါတယ်။

“NUG ကို ယုံကြည်တယ်၊ အားကိုးတယ်။ NUG အနေနဲ့ လက်နက်ပစ္စည်းတွေကို အမြန်ဆုံး ထောက်ပံ့ပေးစေချင်တယ်”

တပ်မဟာတစ်ခုရဲ့ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းထားပြီး လက်ရှိမှာတော့ အမြဲ တမ်းအင်အား တပ်ရင်း တစ်ရင်းစာ ရှိတယ် လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ ဆက်သွယ်ချိတ်ဆက်ထားပြီး  MOD ထံကိုလည်း တပ်ရင်း အင်အားအခြေအနေတွေကို ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

YPDF အပြင် NUG ရဲ့ PDF တပ်ဖွဲ့တွေ၊ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF)၊ ဒေသတွင်းပြောက်ကျား အဖွဲ့တွေ အခြေစိုက်လှုပ်ရှားနေတဲ့ ဒေသပါ။

ဒါကြောင့် YPDF အနေနဲ့  အခြားဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ထား သလို တိုင်းရင်းသား EAOs အဖွဲ့တစ်ချို့နဲ့လည်း မဟာမိတ် ဆောင်ရွက်ထားပြီး လက်ရှိအချိန်ထိ ပြောက်ကျားတိုက်ခိုက်မှုနဲ့ မိုင်းဆွဲတာတွေအပါအဝင် မစ်ရှင်ပေါင်း ၃၀ လောက်ထိ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ YPDF ဘက်မှ သိရပါတယ်။

စစ်လက်နက်အနေနဲ့လည်း တချို့အဖွဲ့တွေလို လက်နက်ထုတ်လုပ်ရေးစခန်းနဲ့ လက်လုပ်မောင်းပြန် ခါးချိုးတွေ၊  မိုင်းတွေကို ကိုယ်တိုင် ထုတ်လုပ်နေတယ်။ စစ်သင်တန်းတက်မယ့်သူတွေကိုလည်း ဝင်ခွင့် နှုတ်ဖြေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ အောင်မြင်ပြီးမှ လက်ခံပါတယ်။ စစ်ရာဇဝတ်မှု မဖြစ်အောင် အသက်မပြည့်သေးတဲ့ လူငယ်တွေကို အဖွဲ့ထဲ ဝင်ရောက်ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

ကိုယ်ထူကိုယ်ထနဲ့ အများပြည်သူရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် လိုအပ်ချက်တွေ မပြည့်စုံမှုတွေ များစွာရှိနေပါတယ်။ အထူးသဖြင့် လက်နက် လိုအပ်ချက်ရှိနေတယ်လို့ ပြောပါတယ်။

သူကိုယ်တိုင်တောင်မှ မောင်းပြန်သေနတ် မဟုတ်ဘဲ လက်လုပ် တစ်လုံးထိုးသေနတ်ကိုသာ ကိုင်ဆောင်နေ ရတာပါ။

သူ့အနေနဲ့ ဒီတော်လှန်ရေးဟာ အောင်မြင်မယ်လို့ ယုံကြည်ထားပြီး တိုင်းရင်းသားပြည်သူလူထု လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုလည်း တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“NUG ကို ယုံကြည်တယ်၊ အားကိုးတယ်။ NUG အနေနဲ့ လက်နက်ပစ္စည်းတွေကို အမြန်ဆုံး ထောက်ပံ့ပေးစေချင်တယ်“ လို့ မဆွေလေးက ပြောပါတယ်။

အခြား CDM ဝန်ထမ်းတွေ  ပြည်သူတွေအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ အားတင်းထားဖို့၊ တော်လှန်ရေး ရဲဘော်တွေအနေနဲ့ အကောင်းဆုံး လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကို  မဆွေလေးက သတင်းစကား ပါးပါတယ်။

သူ့အနေနဲ့ကတော့ တော်လှန်ရေး အောင်မြင်ပြီးသွားရင် စာသင်ခန်းထဲပြန်ပြီး အရင်လို မြေဖြူပြန်ကိုင်ဖို့၊ မကိုင်ဖို့ ဆိုတာ မသေချာသေးပါဘူး။

“ကိုယ်က ဒီလမ်းကို အဆုံးထိ လျှောက်နေပြီဆိုတော့ ဘာမဆို ဖြစ်သွားနိုင်တယ်လေ။  အဲ့ဒီတော့ အရင်လို စာသင်ခန်းထဲ ကလေးတွေနဲ့အတူ ပြန်ရှိနေဖို့ဆိုတာကလည်း အများကြီး မတွေးထားဘူး“ လို့  လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျောင်းဆရာမက ပြောလိုက်ပါတယ်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia