08 March 2022
၂၀၂၁ ဖေဖော်ဝါရီလက စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြသော ရထားဝန်ထမ်းများ။ (ဓာတ်ပုံ-Myanmar Now)
လုပ်ငန်းခွင်ပြန်ဝင်ရန် ငြင်းဆန်သည့် မန္တလေးမှ မီးရထားဝန်ထမ်းတို့ နေအိမ်မှ ထွက်ခွာရန် စစ်ကောင်စီက ၂ ရက်ခန့်သာ အချိန်ပေးခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော မန္တလေး၊ အမရပူရမြို့နယ်မှ မီးရထားဝန်ထမ်းတို့၏ နေအိမ်များကို ယနေ့ (မတ် ၈) တွင် စစ်ကောင်စီက ဖယ်ရှားလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
မတ်လ ၅ ရက်နေ့တွင် ရထားဝန်ထမ်းများ နေထိုင်ရာ မြစ်ငယ်မြို့သို့ စစ်သားများ ရောက်လာကာ CDM များကို ဝန်ထမ်းလိုင်းခန်းမှ ထွက်သွားရန် စာကပ်ခြိမ်းခြောက်ကြောင်း၊ ယနေ့ နံနက်မှစ၍ မြေကော်စက်များနှင့် လိုက်လံဖယ်ရှားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မြစ်ငယ်မြို့ပေါ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကနေ သူတို့အင်အားအလုံးအရင်းနဲ့ တပ်စွဲပြီး အင်အားပြ လှည့်တယ်။ မြစ်ငယ်မီးရထားဝင်းမှာရှိတဲ့ လိုင်းခန်းတွေကို သူတို့ ဖယ်ခိုင်းတယ်။ CDM လုပ်တဲ့သူတွေ အကုန်လုံး ဖယ်ပေးရတာပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။
အိမ်ထောင်စုပေါင်း ၂၀၀၀ ခန့်ရှိပြီး အားလုံးနီးပါး CDM ပြုလုပ်ထားသည့် ဝင်ငွေမဲ့ ထိုဝန်ထမ်းတို့မှာ အိမ်ရာမဲ့ဖြစ်မည့်အခြေအနေကို ရုတ်တရက် ရင်ဆိုင်လိုက်ရသည်ဟု လုပ်သက် ၁၁ နှစ်ကျော်ရှိ မီးရထားစက်ပြင်ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
“အိမ်ငှားတွေ လိုက်ရှာနေရတာပေါ့။ အိမ်ငှားတွေကလည်း တစ်သိန်းပတ်ချာလည်တွေဆိုတော့ အဆင်မပြေကြဘူး။ တချို့ကျလည်း နီးစပ်ရာဆွေမျိုးတွေဆီ သွားနေနေကြရတယ်” ဟု အဆိုပါ CDM ဝန်ထမ်းက ပြောသည်။
“အားလုံးက ထုတ်သာမပြောကြတာ၊ အကုန်လုံး ကျပ်တည်းနေကြတယ်။ နှစ်နပ်တစ်နပ် ပေါင်းစားနေကြရသူတွေ ရှိတယ်”
ရထားဝန်ထမ်းများအပြင် ထိုနေရာတွင် ကျူးကျော်နေထိုင်သူများကိုလည်း စစ်ကောင်စီက ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
ယနေ့ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာသို့ ရောက်လာသော ဓာတ်ပုံနှင့် ရုပ်သံတချို့တွင် ထိုနေရာမှ ထွက်ခွာရန်အတွက် အဆောက်အအုံများကို ဖျက်ယူ သယ်ဆောင်နေသူတို့ကို တွေ့ရသည်။
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်မည်ဟု လက်မှတ်ထိုးပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့သည်ဟု အဆိုပါ CDM ဝန်ထမ်းက ပြောပြသည်။
“တော်တော်များများ လက်မှတ်ထိုးကြတယ်။ ရာဂဏန်းလောက်ရှိနေပြီ။ ဟိုစဉ်းစား ဒီစဉ်းစားနဲ့။ ကဲပါ … ပြန်ဝင်လိုက်မယ်ဆိုပြီး ပြန်ဝင်ကြသူတွေရှိတယ်။ လုံးဝမတတ်နိုင်တော့ဘူး။ ငါတော့ ဝင်ရတော့မှာဆိုပြီး ဘယ်လိုမှ မတတ်သာတဲ့အဆုံး ဝင်သွားသူတွေပေါ့” ဟု သူက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရထား၊ ပညာရေး၊ အုပ်ချုပ်ရေး အပါအဝင် ဌာနအသီးသီးမှ ဝန်ထမ်းများသည် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေရေးအတွက် လုပ်ငန်းခွင်များမှ ထွက်လာကြခြင်း ဖြစ်သည်။
CDM တွင် အင်ပြည့်အားပြည့်ပါဝင်ခဲ့သည့် မီးရထားဝန်ထမ်းများ
မန္တလေးမှ မီးရထားဝန်ထမ်းများအပါအဝင် တစ်နိုင်ငံလုံးမှ မီးရထားဝန်ထမ်းများသည် စစ်ကောင်စီ အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၈ မှစ၍ ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများကို ရပ်ဆိုင်းပစ်ပြီး အာဏာဖီဆန်ကာ ဆန္ဒပြခဲ့ကြသဖြင့် မီးရထားပြေးဆွဲမှုများ တစ်နိုင်ငံလုံးနီးပါး လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့သည်။
အာဏာသိမ်းအပြီး တစ်လကျော်အကြာ မတ် ၁၉ တွင် အာဏာဖီဆန်မှု ဆက်လက်ပြုလုပ်ပါက ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ပေးရန် မန္တလေးဘူတာကြီးအနီး လိုင်းခန်းများ၊ သိုးခြံဘူတာအနီး လိုင်းခန်းများ၊ မြို့ဟောင်းဘူတာလိုင်းခန်းများကို လိုက်လံ၍ ခြိမ်းခြောက်စာများကပ်ခဲ့သည်။
မန္တလေး၌ စက်ခေါင်းမောင်းနှင့် ခရီးစဉ်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃၁၉ ဦး ရှိသည့်အနက် ၂၈၅ ဦးမှာ မတ်၂၁ တွင် ဝန်ထမ်းအိမ်ရာများမှ ထွက်ခွာပေးခဲ့ကြသည်။
စစ်ကောင်စီကို အသိအမှတ်မပြုနိုင်၍ အလုပ်မဆင်းဟု ငြင်းဆန်ခဲ့ကြသည့် အစိုးရဌာနများစာရင်းတွင် ၂၀၂၁ စက်တင်ဘာ ၁၈ တွင် သေဆုံးသည်အထိ အာဏာဖီဆန်ခဲ့သူ စက်ဗိုလ် ကိုဝင်းကိုဦးတို့ဌာနသည် ထိပ်ဆုံးက ပါဝင်ခဲ့သည်။
အသက် ၅၀ အရွယ် ထိုစက်ဗိုလ်သည် CDM ပြုလုပ်ပြီးနောက် ရပ်ကွက်ဈေးတစ်ခုတွင် မုန့်တီဖတ်များ ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုရင်း ရိုက်နှက်လုယက်သူများရန်ကြောင့် သေဆုံးခဲ့ရသည်။
တစ်နှစ်အကြာ နေအိမ်လိုင်းခန်း၌ ပြန်လည်နေထိုင်သူ မန္တလေးမှ CDM ဝန်ထမ်း ၂ ဦးသည်လည်း ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဖမ်းဆီးခံခဲ့ရသည်။
CDM ပြုလုပ်ထားပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးထားရသူ မန္တလေးဘူတာကြီးမှ စက်ဗိုလ်တစ်ဦးက အာဏာ ဆက်လက်ဖီဆန်ရန် တိုက်တွန်းလိုက်သည်။
“သူတို့ကတော့ အစွမ်းကုန် ဖိအားပေးမယ်၊ ယုတ်မာမယ်၊ အားလုံးတောင့်ခံထားပြီး တော်လှန်ကြဖို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဆိုသည်။
“ဒါပေမဲ့လည်း နေစရာမရှိလို့ မတတ်သာလို့ ခုလိုလက်မှတ်ထိုး လုပ်ငန်းခွင်ပြန်လည်ဝင်သွားကြသူတွေကိုလည်း ကျွန်တော်တို့ နားလည်ပေးပါတယ်”
ရန်ကုန်နှင့် အခြားမြို့ကြီးများမှ မီးရထားဝန်ထမ်းများသည်လည်း CDM တွင် ပါဝင်ခြင်းကြောင့် ဝန်ထမ်းအိမ်ရာမှ အတင်းအကျပ် နှင်ထုတ်ခြင်း ခံခဲ့ရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.