04 March 2022
လက်နက်များပို့ဆောင်ပေးသူဆိုကာ စစ်ကောင်စီဖမ်းဆီးထားသည့် အသက် ၂၉ နှစ်အရွယ် မဇင်မျိုးသူ(ခ)ညိုချော။ (ဓာတ်ပုံ-ပေးပို့)
ကျောက်ဆည် PDF အဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် မညိုချောကို လက်နက်များပို့ဆောင်ပေးသူဟု ဖော်ပြထားသည်။
By Myanmar Now
မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် မဇင်မျိုးသူ (ခ) ညိုချောဆိုသူ အမျိုးသမီးမှာ မန္တလေးတောင်ပေါ်တွင် အမှတ်တရပစ္စည်းအရောင်းဆိုင် ဖွင့်ထားသူဖြစ်ပြီး ပြီးခဲ့သည့်လ ၁၄ ရက်တွင် အောင်မြေသာစံမြို့နယ်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဖမ်းမိထားသည့် ကျောက်ဆည်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးကို မိုဘိုင်းငွေပေးချေမှုစနစ်တစ်ခုဖြစ်သော KPay မှတစ်ဆင့် ငွေကျပ်သုံးသိန်း လွှဲထားသည်ဆိုကာ မညိုချောကို ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
“သုံးသိန်းလွှဲထားတာ တွေ့ပြီး ၅၀(ည) နဲ့ အမှုဆင် စွဲတာ။ တကယ်တော့ ကျွန်တော့်မိတ်ဆွေကို လွှဲပေးခိုင်းတာ။ လွှဲပေးတော့ သူက တရားခံဖြစ်သွားတာ။ ညိုချော ဘာမှ မသိရှာဘူး” ဟု မိသားစုနှင့် နီးစပ်သူ အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
“အဓိက သူတို့ (စစ်တပ်) ကျွန်တော့်ကို ရချင်တာ။ ကျွန်တော့်နေရာကို သိနိုင်တာ သူပဲရှိတယ်ဆိုပြီး ဖမ်းတာ။ သူက အပြစ်မရှိဘဲ ခံရတာပါဗျာ”
မညိုချောကို ၅၀(ည) အပြင် အခြားပုဒ်မများဖြင့်လည်း တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပြသည်။
လက်ရှိတွင် မညိုချောကို ရဲစခန်းတစ်ခု၌ ထိန်းသိမ်းစစ်ဆေးနေပြီး စစ်ကောင်စီက ၅၀(ည) အပြင် အခြားပုဒ်မများဖြင့်လည်း တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း မန္တလေးမြို့ခံ နောက်တစ်ဦးက ပြောသည်။
“လက်ရှိတော့ ရဲစခန်းမှာလို့ သိရတယ်။ ကျန်းမာရေးကောင်းတယ်။ နည်းနည်းတော့ ရိုက်ခံထားရတယ် ကြားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ၎င်းက ဆိုသည်။
ကျောက်ဆည် PDF အဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ၌ မညိုချော၏ အမည်လည်း ပါဝင်ပြီး လက်နက်များပို့ဆောင်ပေးသူဟု စွပ်စွဲဖော်ပြထားသည်။
စစ်ကောင်စီထုတ်ပြန်ချက်အရ ကျောက်ဆည် PDF အဖွဲ့ဝင်ဆိုကာ ဖမ်းဆီးခံရသူ အမျိုးသား အမျိုးသမီး ၁၀ ဦးရှိသည်။ မညိုချောနှင့် ရင်းနှီးသူ အမျိုးသမီးတစ်ဦးကမူ စစ်ကောင်စီထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိဟု ဆိုသည်။
“အွန်လိုင်းမှာ ခုကာလ ပုတီးလေးတွေ ရောင်းတယ်။ ဒါက အမှုဆင်ခံရတာ။ မတရားဘူး။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က အခြေအမြစ်မရှိဘူး။ မတရားဘူးပဲ ပြောချင်တယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။
ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရသည်ဆိုသော မညိုချောနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူထံ ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည်ဟု သံသယရှိသူများကို မနားမနေ ဖမ်းဆီးအရေးယူလျက်ရှိရာ PDF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ပံ့သည်ဟု စွပ်စွဲခံရသူများကို ဖမ်းဆီးရာတွင် ကြီးလေးသော ပုဒ်မများဖြင့် အရေးယူခြင်းအပြင် နေအိမ်များကို ချိပ်ပိတ်ခြင်းနှင့် အသက်သေဆုံးသည်အထိ စစ်ကြောခြင်းများလည်း ရှိသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.